ဆံပင်ကျွတ်ခြင်းအကြောင်းရင်းမှာ အာဟာရမပြည့်ဝခြင်း၊ အသက်အရွယ်ကြီးလာခြင်း၊ စိတ်ဖိစီးမှုများ ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ မကြာခဏဆိုသလို ဆံပင်ကိုကောက်၊ ဖြောင့်၊ ဆေးဆိုးခြင်း၊ ဦးရေပြားအဆီပြန်ခြင်း၊ ဗျောက်ထခြင်း၊ ခေါင်းလျှော်ရည်မျာမကုန်စင်ခြင်း၊ ရေမခြောက်ခင်ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီး သင်ခြင်း၊ ဆံပင်သန့်ရှင်းမှုအားနည်းခြင်း၊ အငန်ဓာတ်အစားများခြင်းစသည်တို့အပြင် ဟော်မုန်းမျှတမှုမရှိခြင်း၊ နာတာရှည်ဖျားနာခြင်း၊ ကျောက်ကပ်မကောင်းခြင်းစသည့် ဝေဒနာများကြောင့်လည်းဖြစ်နိုင်ပါသည်။
အဆီလိမ်းပါ – နေ့စဉ်အုန်းဆီလိမ်းပြီး ဦးရေပြားကိုနှိပ်နယ်ပေးခြင်းက ဆံပင်ကျွတ်ခြင်းကိုသက်သာစေ ပြီးဆံပင်သန်စေကာဗောက်များလည်း ပျောက်ကင်းစေနိုင်ပါသည်။ အုန်းဆီ (သို့) သံလွင်ဆီကိုအပူပေးပြီးခပ် နွေးနွေးဖြစ်တဲ့အခါ ဦးရေပြားကိုနှိပ်နယ်ပြီး ခေါင်းပေါင်းထားပါ။ အချိန်တစ်နာရီခန့်အကြာမှာ မိမိသုံးနေကျခေါင်း လျှော်ရည်နဲ့ခေါင်းလျှော်ပါ။ ဒီနည်းကိုတော့ တစ်ပတ်တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းအရည်လိမ်းပါ – ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းထဲမှာရှိတဲ့ဆာလဖာ ဓာတ်ကဆံပင်ကျွတ်ခြင်းကို သက်သာစေတာကြောင့်ညအိပ်ရာဝင်ခါနီးမှာ ယင်းသုံးမျိုးအနက်အဆင်ပြေရာတစ် မျိုးကိုကြိတ်ချေပြီး ဦးရေပြားကိုလိမ်းကျံပေးပါ။ နောက်တစ်နေ့နံနက်အိပ်ရာထ ခေါင်းလျှော်ပေးပါ။
သံပုရာသီးပွတ်ပါ – သံပုရာသီးထဲမှာပါတဲ့ ဗီတာမင်ဓာတ်ကဆံပင်ခိုင်ခန့်စေတာကြောင့် သံပုရာသီးကို ထက်ခြမ်းခြမ်းပြီးနောက် ဦးရေပြားကိုပွတ်တိုက်ပေးပါ။
ကြက်ဥ – ကြက်ဥအနှစ်ထဲမှာပါတဲ့ ဆာလဖာ၊ ဘိုင်အိုတင်၊ ပရိုတင်းနှင့်သတ္ထုဓာတ်တွေက ဆံပင်ကို လွန်စွာကောင်းကျိုးပြုပေးပါတယ်။ ကြက်ဥအနှစ်ကို သံလွင်ဆီနဲ့သမအောင်ခေါက်ဖျော်ပြီး ဦးရေပြားအနှံ့လိမ်း ပေးပါ။
ဦးခေါင်းအနှိပ်ခံပါ – ဦးရေပြားအနှံ့အနှိပ်ခံခြင်းဟာ သွေးလှည့်ပတ်မှုအားကောင်းစေကာ ဦးရေပြားနဲ့ဆံ ကေသာကိုကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါကြောင့်နေ့စဉ် ၁၅ မိနစ်ခန့် ဦးရေပြားကိုနှိပ်ပေးပါ။
သင့်တော်တဲ့အစာစားပါ – ဆံပင်အားကောင်းစေတဲ့ အစားအသောက်တွေကတော့ အနီရောင်အသား၊ ပင်လယ်ငါးအမျိုးမျိုး၊ အစိမ်းရောင်ပဲသီးများ၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ အစိမ်းရောင်ဟင်းသီးဟင်းရွက် များ၊ စတော်ဘယ်ရီသီးတို့ပဲဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဆံပင်ကျွတ်စေတာကြောင့်ရေများ များသောက်ပါ။
မသင့်တော်တဲ့အစာများရှောင်ပါ – အငန်လျော့စားပါ၊ သကြားလုံးကဲ့သို့ချိုလွန်းသော အစာများနှင့်ကိတ် မုန့်၊ ချောကလက်၊ ကွတ်ကီးလျော့စားပါ။ ကဖိန်းဓာတ်များကလည်း ဆံပင်ကျွတ်ထွက်စေတာကြောင့် ကော်ဖီနဲ့ ကိုလာ၊ အချိုရည်တို့ကိုအသင့်အတင့်သာသောက်ပါ။
Author: ညီညီကျော် (Vol-8 / No-8) Healthcare Journal