ယခုနှစ် မိုးတွင်းကာလတွင် ရေကြီးရေလျံမှုများ နေရာအနံ့အပြားတွင် တွေ့မြင်နေရသည်မှာ စိတ်မချမ်းသာစရာကောင်းလှသည်။ အိုးအိမ်များ ပျက်စီးရှုံးဆုံးတာ၊ လယ်မြေများ ပျက်စီးတာ၊ ကျွဲနွား များ သေကြေပျက်စီးတာတွေကလည်း စိတ်မကောင်းစရာ။
အခုလိုမျိုး ရေကြီးရေလျှံတဲ့ ဒေသတွေမှာ ဝမ်းပျက်ရောဂါဟာ အဖြစ်အများဆုံးဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောက်ရေသုံးရေကန်တွေထဲ ရေတွေဝင်ရောက်ပြီး မသန့်ရှင်း တော့ပေ။ အိမ်သာများကိုလည်း ရေဖုံးလွှမ်းမှုများ ဖြစ်ပွားလာသည်။ အိမ်သာတက်ချင်ရင်တောင် တက်စရာ နေရာမရှိကြသောကြောင့် ရေထဲတွင်ပဲ အလေးရောအပေါ့ရော စွန့်ပစ်ရသောကြောင့် ရေညစ်ညမ်းမှုဟာ ပိုဆိုးရွားလာသည်။
သောက်သုံးရေရှားပါးလာတာနဲ့အမျှ ရေဖုံးလွှမ်းခံထားရတဲ့ သောက်ရေကန်တွေထဲက ရေတွေကိုပဲ အသုံးပြုကြရသည်။ ဒီလိုအချိန်မှာဂရုစိုက်ဖို့ အကောင်းဆုံးက ရေကိုကြိုချက်ပြီးမှသာ သောက်သုံးခြင်းဖြစ်သည်။ ကြိုချက်ဖို့ အခြေအနေမပေးရင် ရေသန့်ဆေးပြား ခပ်ပြီးမှသာ သောက်သုံးသင့်သည်။ မီးမရှိသောအရပ်ဒေသတွင် မီးမွှေးပြီး ရေနွေးကြိုရမည်ဆိုတာ ပြောတော့သာ လွယ်ကူသည်။ လက်တွေ့တွင် မလွယ်ကူပေ။ တစ်အိမ်လုံးရေမြှုပ်နေသောအချိန်တွင် ဘယ်နေရာတွင် မီးမွှေးမလဲ။ ထင်းကရော ဘယ်နေရာကနေရမလဲ။
အရာအားလုံးသည် မိုးရေနှင့် ထိတွေ့ပြီးနေပြီ။ ရေကြီးလျှင် ဘယ်သူကမှ ထင်းတွေကို အမြင့်တွင် တင်ထားမည်မဟုတ်ပေ။ အဖိုးတန်စ္စည်းများ ဖြစ်သောတီဗီ၊ ကက်ဆတ်များသာ အမြင့်တွင် တင်ထားမည်သာဖြစ်သည်။ သောက်သုံးမည့် ရေကို အထက်ပါ နည်းလမ်းများဖြစ်တဲ့ ကြိုချက်ခြင်း၊ ဒါမှမဟုတ် ရေသန့်ဆေးပြားခပ်ခြင်း ဒါတွေကို ပြုလုပ်မှသာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။ ဒါမှ မဟုတ် သန့်ရှင်းသော ရေအိုးများနှင့် မိုးရေများကို ခံယူ၍ သောက်သုံးလို့ရပါတယ်။
ရေကိစ္စ ဂရုမစိုက်ရင် နောက်ဆက်တွဲဖြစ်တတ်တာတွေက အူရောင်ငန်းဖျားရောဂါ၊ အသည်း ရောင်အသားဝါရောဂါ၊ ဝမ်းပျက်ရောဂါတွေ ဖြစ်ပွားတတ်ပါသည်။ ဒါ့အပြင် ခြင်ကြောင့်ဖြစ်ပွားတတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့လည်း ဖြစ်ပွားတတ်သည်။မိုးရွာသွန်းမှုကြောင့် ခြင်ပေါက်ဖွားမှုဟာ အဆမတန် များပြားလာသောကြောင့် ဖြစ်ပါတယ်။ သောက်ရေသာမကပဲ မသန့်ရှင်းသော ရေတွင်းရေကန်များမှ ရေများကို ချိုးမိရင်လည်း အရေပြားယားယံတာတွေ ၊ ဓာတ်မတည့်တာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဖြစ်နိင်ရင် ရေသန့်ဆေးပြားခပ်ထားတဲ့ ရေနှင့်သာ ရေချိုးတာ အကောင်းဆုံးပါ။ မိုးရေလည်း ချိုးလို့ရပါသည်။
ရေကြီးရေလျံဖြစ်နေတဲ့အချိန်တွေမှာ ပွန်းတာပဲ့တာအစရှိသဖြင့် ဒဏ်ရာရခဲ့လျှင် ဖြစ်နိုင်လျှင် အမြန်ဆုံး မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်ပါတယ်။ စုတ်ပြဲဒဏ်ရာရှိလျှင် ထိုဒဏ်ရာကို ဆေးသေချာထည့်ပြီး ပတ်တီးစီးထားသင့်သည်။ အဆိုပါ စုတ်ပြဲဒဏ်ရာနှင့် ရေထဲကို လျှောက်သွားနေရင် leptospira ဆိုတဲ့ ဘတ်တီးရီးယားက ဒဏ်ရာကတစ်ဆင့် သွေးထဲကို ရောက်သွားနိုင်ပါတယ်။ လူနာဟာ တုပ်ကွေးမိသလိုမျိုး ဖျားနာမယ်။ ကိုယ်လက်မအီမသာနှင့် ကြွက်သားတွေနာမယ်။ ခေါင်းကိုက်ပြီး မျက်လုံးတွေ နီရဲလာတတ်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အသည်းရောင်ပြီးအသားဝါမယ်။ ဦးနှောက်အမြှေးပါးရောင်တာတွေ၊ ကျောက်ကပ် ပျက်ဆီးတာတွေ ဖြစ်တတ်ပြီး ကုသမှုမခံယူရင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ မိုးရေတွေထဲမှာ အနေကြာလာရင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဖျားနာတာတွေလည်း ဖြစ်ပွားနိုင် ပါတယ်။ ထိုအခါမျိုးတွင် မိုးရေထဲ လုံးဝမထွက် ပဲ နွေးနွေးထွေးထွေးနေထိုင်သင့်ပါသည်။ အဖျားကျ ဆေးများကိုလည်း မပျက်မကွက် သောက်သုံးသင့်ပါသည်။
ရေကြီးတဲ့နေရာတွေမှာ ရေတွေနဲ့အတူ မျောနေတတ်တဲ့ မြွေအန္တရာယ်ကလည်း ကြောက်စရာ ကောင်းပါတယ်။ ညဖက်တွေမှာ အပြင်ထွက်ရင်ဓာတ်မီးတိုင်နှင့် မီးတုတ်များကို ယူဆောင်သွား သင့်သည်။ လယ်ရှည်ဖိနပ်ကို စီးထားတာကလည်း အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ မြွေတွေ ဟာ ကုတင်တွေ၊ ဗီဒိုတွေနှင့် ထိုင်ခုံတွေရဲ့အောက်မှာ ဝင်ခွေနေတတ်ပါတယ်။ ရေကြီးလို့ လူတွေ စွန့်ခွာသွားတဲ့ အိမ်တွေမှာမြွေတွေဟာခိုအောင်းနေတတ်လို့ ရေပြန်ကျလို့ အိ်မ်တွေထဲကို ပြန်ဝင်တဲ့ အခါ အထူးဂရုစိုက်ရပါမယ်။
ရေကျသွားတဲ့အခါ တိရစ္ဆာန်အထူးသဖြင့် ကြွက်တွေသေနေတာမျိုး ရှိခဲ့ရင်လည်း တိရစ္ဆာန် အသေတွေကို လက်အိတ်ဝတ်ပြီးမှသာ ကိုင်ဆောင်သင့်ပါတယ်။ ပြီးရင် မြေကြီးကို (၃)ပေ အနက်လောက်တူးပြီး မြှုပ်နှံရပါမယ်။အမှိုက်ပုံတွင်သွားရောက်စွန့်ပစ်တာမျိုး လုံး၀ မလုပ်ဆောင် သင့်ပါ။
မိမိအိမ်ကိုပြန်လာတဲ့အခါ အိမ်နံရံတွေမှာ မှိုတွေ တက်နေတတ်ပါတယ်။ အဲဒီမှိုတွေကြောင့် ရင်ကျပ်ရောဂါရှိသူများနှင့် အဆုတ်မကောင်းတဲ့သူတွေမှာဆိုရင် ရင်ကျပ်တာတွေ ဖြစ်တတ်သလို၊ ဓာတ်မတည့်တဲ့သူတွေမှာလည်း အရေပြားယားယံတာတွေ ဖြစ်ပွားတတ်ပါတယ်။
သဘာဝဘေးအန္တရာယ်များကိုတော့ ကာကွယ်တားဆီးလို့မရပေ။ သို့သော် သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုတော့ ကျန်းမာရေးအသိအမြင် ရှိလျှင် ဖြစ်ပွားနှုန်းနည်းသွားအောင် ကာကွယ်လို့ရပေသည်။
Author – ဒေါက်တာအေးချမ်းမိုး