ကျွန်မကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်ပြီး အလှဓာတ်ပုံရိုက်ဖို့ အကြောင်းဖန်လာတော့ အောင်မြင်စပြုနေတဲ့ ဓာတ်ပုံဆိုင်တစ်ခုဆီ ရောက်ခဲ့ပါတယ်။ ရောက်တဲ့အခါ ဆိုင်အပြင်ကစလို့ အဝင်၊ အဝင်ကနေ ဧည့်ဆောင်နေရာအထိ ပြင်ဆင်ထားရှိမှုဟာ ခမ်းနားချစ်ရာကောင်းလွန်းပြီး ဆိုင်ရဲ့အောင်မြင်မှုကို ပံ့ပိုးပေးနေပါတယ်။ ကာခြယ်လေးနဲ့လှပတဲ့ ဝန်ထမ်းအမျိုးသမီးလေးတစ်ယောက်က ကျွန်မကို ဧည့်ခံကြိုဆိုပေးပြီး အလုပ်ကိစ္စအတွက် ရှင်းပြပေးဖို့ ကျွန်မနဲ့ဘေးချင်းကပ် လာထိုင်ပါတယ်။
စကားပြောဆိုနေရင်း သူမခံတွင်းဆီက ကြက်သွန်ဖြူစားထားတဲ့အနံ့ရယ် သူမကိုယ်က ချိုင်းချွေးနံ့ပါ ရလိုက်ပါတယ်။ ကျွန်မကိုယ်ကို အနောက်ဖက် အနည်းငယ်ခွါပြီး နားထောင်ပေးနေပေမယ့် အနံ့က ရနေတုန်းပါ။ သူမကိုယ် သူမ သတိထားမိလေဟန်မတူ။ ဒါမှမဟုတ် သူမ အစာစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေး မပြုဘဲ ၊ သူမ အလှပြင်တိုင်း ချိုင်းချွေးနံ့ပျောက်စေတဲ့ လိမ်းစရာ တစ်ခုခု မသုံးဘဲ ဒီလိုပဲ နေတတ်တဲ့အကျင့်ဖြစ်နေသလို။ သူမ တစ်ကိုယ်တည်း နေတဲ့အခါ ၊ အိမ်မှာ နေတဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းရေးကို မလုပ်ချင်ရင်ရပေမယ့် အများနှင့် ဆက်ဆံရမယ့် လုပ်ငန်းခွင်မှာတော့ ထိုအရာတိုင်းသည် ဝန်ထမ်းတိုင်း ဂရုစိုက်သင့်တဲ့ နေထိုင်ပြင်ဆင်မှုတစ်ခုထဲ ပါဝင်ပါတယ်။
မိန်းမပျိုအရွယ်လည်းဖြစ်တယ်၊ အဝတ်အစား မိတ်ကပ်အပြင်အဆင်လည်း လှပသပ်ရပ်တယ်၊ အားလုံးပြည့်စုံနေပါလျက် ဒီအနံ့ဆိုးတွေက သူမတစ်ကိုယ်လုံးရဲ့အလှအပကို ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်လို့ ထင်မိပါတယ်။ လူတိုင်းဘယ်သူမဆို ရေမချိုး သွားမတိုက် ဆေးကြောသန့်စင်ခြင်းကို နာရီပိုင်းလေးပဲခြားပြီး မလုပ်ဆောင်ရင်တောင် ကိုယ်ခန္ဓာက အနံ့အသက်တွေ ထွက်လာပါတယ်။ အနံ့အရသာပြင်းတဲ့ အစားအစာ၊ အညှီများတဲ့ သားငါး၊ ကော်ဖီ အရက် ဆေးလိပ်တွေကို သုံးဆောင်တတ်သူတွေရဲ့ချွေးနံ့ကမစားသုံးတတ်သူရဲ့ ချွေးနံ့ထက် ဆိုးရုံသာမက စွန့်ပစ်လိုက်တဲ့ ဆီးဝမ်းအညစ်အကြေးအထိပါ အနံ့ပိုဆိုးတတ်ပါတယ်။
ကျွန်မသည် ဆရာဝန်တစ်ဦးဖြစ်တဲ့အတွက် သက်မဲ့နှင့်ပျက်စီးခန္ဓာ/ သက်ရှိခန္ဓာခွဲစိတ်ခန်းနံ့၊ ပြည်တည်အနာမျိုးစုံအနံ့၊ ဆေးရုံဆေးခန်းနံ့ တွေနဲ့ ရင်းနှီးပါတယ်။ ကျွန်မသည် မီးဖိုချောင်ဝင်သော အမျိုးသမီးဖြစ်တဲ့အတွက် သားငါးစျေးအနံ့နဲ့လည်း မစိမ်းပါ။ သို့သော်လည်း ခွဲခန်းဝင်ရင် ဘာအနံ့ရမယ်၊ အမှိုက်ပုံနား အိမ်သာနားသွားရင် ဘာအနံ့ရမယ်၊ စျေးထဲသွားရင် ဘာအနံ့ရမယ်ဆိုတာ ကျွန်မတို့ ကြိုသိပြီးသလို ထိုအနံ့များကိုလည်း အနံ့ခံအာရုံက နှစ်ကာလအတော်ကြာ ယဉ်ပါးပြီးသားဖြစ်ပါတယ်။ ဟိုလူနားသွားရင် မွှေးနေမှာပဲ၊ ဒီလူနားကပ်ရင် နံတော့မှာပဲ ကြိုခန့်မှန်းနိုင်ရအောင်လည်း လူတိုင်းက ကိုယ်နံ့ မနံသလို အမြဲလည်း မွှေးနေမှာ မဟုတ်ပါဘူး။
အဲကွန်းခန်းထဲမှာ တည်ငြိမ်အေးဆေးစွာ အလုပ်လုပ်နေရသူများ၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင် ဝန်ထမ်းများအနေနဲ့တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပုံမှန် အလေးထားကြရပါမယ်။ ကျွန်မရောက်ဖူးတဲ့ အလှပြင်ဆိုင်တစ်ခုမှာ ဆိုင်ရှင်က လုပ်ငန်းချိန် မစတင်မီ ဝန်ထမ်းအားလုံးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဦးဆုံးစစ်ဆေးပါတယ်။ ပြီးတော့မှ အဝတ်အစား၊ မိတ်ကပ်နှင့် ဆံပင် ပြင်ဆင်မှုကို စစ်ဆေးတာ တွေ့ခဲ့ဖူးပါတယ်။ ကျွန်မနှင့် ရင်းနှီးသော အလှပြင်ဆိုင်ဝန်ထမ်းတစ်ယောက်ကလည်း ပြောပြဖူးပါတယ်။ သူမ ဆိုင်ရှင်က ထမင်းစားချိန်မှာ ဝန်ထမ်းအားလုံး လက်ကို လက်အိတ်စွပ်ပြီးမှ ဇွန်းနဲ့စားကြရပါတယ်။ စားပြီးရင် သွားတိုက်ကြရပါတယ်တဲ့။ ဆိုင်လာတဲ့ ဧည့်သည်ကို အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်အောင် စည်းကမ်းအလွန်တင်းကြပ်ထားတယ်လို့ ပြောပြဖူးပါတယ်။
မိဘများအနေဖြင့်သော်လည်းကောင်း၊ မိသားစု မိတ်ဆွေသူငယ်ချင်း အချင်းချင်းသော် လည်းကောင်း ကိုယ့်အနားက သားငယ် သမီးငယ်လေးတွေကို ငယ်စဉ်တတ်သိနားလည်ချိန်ကစလို့ အပျိုလူပျိုဖော်ဝင်ရောက်လာချိန်ထိ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် နည်းလမ်းများကို သင်ပြပေးသင့်ပါတယ်။ အရင်ကဆို ချိုင်းချွေးနံ့ပျောက်ဆေးဆို nivea ပုလင်းလေးလောက်ပဲ မြင်ဖူးသုံးဖူးကြတယ်။ အခုဆို စျေးသက်သက်သာသာနဲ့ ချွေးနံ့ပျောက်ဆေးတွေ အများကြီး တွေ့ရပါတယ်။ အသက်သာဆုံးနဲ့ ဘေးအကင်းဆုံးကတော့ မြန်မာ့ရိုးရာ ကျောက်ချဉ်ပါ။ စျေးထဲ အလွယ်တကူ ဝယ်လို့ရတယ်။ ရာဂဏန်းသာသာ အဖိုးတန်တဲ့ အတုံးသေးလေး တစ်ခုနဲ့တင် လနှင့်ချီ အသုံးခံတယ်။ မိန်းမကိုယ်အနံ့ဆိုးကင်းအောင် အဆင်ပြေသူတွေက feminine wash သုံးနိုင်သလို ကျောက်ချဉ်ကို ရေများများကျဲကျဲ ဖျော်ပြီး (မိန်းမကိုယ်ပြင်ပကိုသာ)ဆေးကြောပေးနိုင်ပါတယ်။အတွင်းထိ ဆေးကြောရန် မသင့်တော်ပါဘူး။
တစ်ချို့က ရေမွှေးနဲ့ ပေါင်ဒါကို ချိုင်းမှာ လူးတယ်။ မွှေးပါတယ်။ ဒါပေမယ့်ခဏတာပဲ ချွေးနံ့ကို ထိန်းပေးထားနိုင်တယ်။ အချိန်နည်းနည်းကြာလာရင် နေပူလို့ ချွေးထွက်များလာရင် ရေမွှေးပေါင်ဒါအနံ့က သက်သက်၊ ချွေးနံ့က သက်သက် ဖြစ်သွားတတ်ပါတယ်။ တစ်ခြားအသုံးအဆောင်တွေလည်း ဝယ်သုံး ဝယ်လိမ်း နေရတဲ့အတူ roll-on လေးတစ်ခု ပိုဝယ် ပိုသုံးရတာ မခက်ခဲလောက်ပါဘူး။ အပြင်အဆင်အလှနဲ့ မွှေးရနံ့အလှ ပေါင်းစပ်သွားရင် အားလုံးအတွက် ပြီးပြည့်စုံတဲ့အလှဖြစ်စေပါတယ်။ မိမိကိုယ်ကိုလည်း ယုံကြည်မှုပိုလို့တိုးစေပါတယ်။
လူတိုင်းမှာ ကိုယ်သင်းနံ့ရှိတတ်ကြပါတယ်။ အိမ်မှာဆိုလည်း အိမ်အနံ့ရှိတတ်ကြပါတယ်။ နီးနီးကပ်ကပ် နေကြတဲ့သူအချင်းချင်းဆို သူ့အနံ့ ကိုယ့်အနံ့ အလွတ်တောင်ရနေတတ်ကြတယ်။ တစ်ချို့ဆို ပြောကြတယ်။ ဒီရေမွှေးလေးက ကိုယ်ချွေးနံ့နဲ့ ကိုက်ညီရင် ပိုမွှေးတယ်လို့ ဆိုကြတယ်။ Britney Spears ရေမွှေးဆိုရင် သူမကိုယ်က (sweat glands) ချွေးအိတ်လေးတွေဆီက အဆီရယ် ရေမွှေးဒြပ်ပေါင်းရယ်ကို နည်းပညာတွေနဲ့ ရောစပ်ဖော်ထုတ်ထားတယ်တယ်လို့ ဖတ်ဖူးပါတယ်။ နိုင်ငံခြားဖြစ် brand ပစ္စည်းဆိုတော့ စျေးကြီးပါတယ်။ ကိုယ့်ပြည်တွင်းက စျေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းတဲ့ ရေမွှေးတွေလည်း brand တံဆိပ်အမျိုးမျိုး တွေ့လာရပါပြီ။ အများနှင့် ထိတွေ့ ပြောဆိုဆက်ဆံကြရတဲ့ လုပ်ငန်းခွင်မှ လူတိုင်းအတွက်က အမြဲမွှေးရနံ့ အသုံးမပြုနိုင်ရင်တောင် ကိုယ်ခန္ဓာမှာ မကောင်းတဲ့အနံ့အသက် မဖြစ်စေရအောင် ဂရုစိုက်နေရပါမယ်။
အခုလို စိုထိုင်းတဲ့ မိုးတွင်းရာသီမှာဆို အဝတ်အစား သေချာမခြောက်လို့ ရေနံ့နံနေတတ်တယ်။ ကတ္တီပါဖိနပ် သားရေဖိနပ်တွေ အနံ့ထွက်တတ်တယ်။
မီးပူတိုက်ဖို့၊ အဝတ်အထည် ဖိနပ် နေပူပြလှန်းဖို့ အိမ်တိုင်း အဆောင်တိုင်းက အဆင်ပြေချင်မှ ပြေမှာပါ။
မိုးတွင်းမှာ လျှော်ဖွပ်ပြီး အခြောက်မြန်တဲ့ အဝတ်အထည်မျိုးသာ ရွေးဝတ်သင့်ပါတယ်။
မိုးတွင်းစီး ရေစိုခံ ရေခြောက်မြန်တဲ့ ဖိနပ်ပဲ စီးသင့်ပါတယ်။
လူ့ကိုယ်ခန္ဓာ အာရုံငါးပါးမှာ ဂန္ဓာရုံဆိုတဲ့ အနံ့ခံအာရုံက အခြားသော အဆင်း အသံ အရသာ အထိအတွေ့ထက် ပိုကဲဆတ်ပါတယ်။ ပထမဆုံး ခံစားမိတဲ့အာရုံဟာ အနံ့ပဲဖြစ်ပါတယ်။ မကောင်းသော အနံ့အသက်ကိုရရင် စိတ်အနှောင့်အယှက်ဖြစ်ကြရတယ်။ မွှေးပျံ့တဲ့ရနံ့ကို ရှူရှိုက်ရတဲ့အခါ စိတ်ပျော်ရွှင်ကြည်နူးတတ်ကြတယ်။ ခေတ်မီတဲ့ ဆေးကုသမှုတွေထဲမှာ မွှေးရနံ့ကုထုံး (aromatherapy) ပါဝင်လာခဲ့တယ်။ လျှပ်စစ်ဖယောင်းတိုင်၊ အလှပန်းပွင့်ခြောက်၊ စာရေးကိရိယာ တွေမှာလည်း မွှေးတဲ့ရနံ့တွေနဲ့ ထုတ်လုပ်လာကြတယ်။ လူတိုင်း အမွှေးနံ့ကို ကြိုက်ကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က မွေးရာပါ အနံ့အာရုံ ချို့ယွင်းတာရှိတယ်။ တစ်ချို့က မွှေးတဲ့အရာတွေနဲ့ ဓာတ်မတည့်တာ ရှိပါတယ်။ ဒီလိုအခါမှာ ဘာပစ္စည်း သုံးသုံး အမွှေးနံ့ မပါတဲ့ ပစ္စည်းလေးတွေ ရွေးသုံးရပါတယ်။ တစ်ချို့ကုန်ပစ္စည်းတွေဆို တံဆိပ်ကပ်ပြီး ကြော်ငြာထားတတ်ကြပါတယ်။ သုံးစွဲသူအနေနဲ့ အလွယ်တကူတွေ့မြင် စိတ်ဖြောင့်ဖြောင့်နဲ့ ဝယ်သုံးနိုင်အောင်ပဲဖြစ်ပါတယ်။
အမျိုးသား အမျိုးသမီးတိုင်း တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပိုမိုဂရုစိုက်နိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုများ ပိုမိုခိုင်မာတည်ဆောက်နိုင်ကြပါစေ။
ဒေါက်တာခွါဖြူ