“မာနရှင်ရယ် မုန်းမာန် မဝင်နဲ့ကွယ် နှိုင်းယှဉ်ကာပြမယ် ခင်ပန်ဆင်တဲ့ ပန်းတော်ဝင်နွယ် အချိန်တန်တော့ရယ် နွမ်းကျော့ မတည်မြဲတယ် အော် ခင်လဲ ဒီလိုပဲရယ်လို့ စွဲမှတ်သားဖွယ် ”
သီချင်းကို မချို မချဉ် မျက်နှာပေးလေးနဲ့ ဆိုညည်းသွားသော မောင့်ကိုကြည့်ရင် မမနု စိတ်ထဲ မခံချင်ဖြစ်လာခဲ့သည်။
“ဟင်း ကြည့်စမ်း ကြည့်စမ်း ဒါ နုကို အိုပြီလို့ ပြောသွားတာ အရင်တုန်းကတော့ မမနုက အလှဆုံး အနုဆုံးပါဆိုပြီးတော့ ” ပြောရင်း ဆိုရင်း အရေးအကြောင်းလေးများ မသိမသာ ထင်စပြုလာသော မျက်နှာလေးကို အလိုမကျစွာ ငေးနေမိသည်။အရေးအကြောင်းလေးတွေသာမရှိရင် Miss Universe တောင် ရနိုင်ရဲ့လို့ မမနုကို မောင်ပြောဖူးသည်။
“မမနုရေ နုပျိုဖို့ ထိန်းသိမ်းနည်းလေးတွေ ပြောပြမယ်ဆို စိတ်ဝင်စားလား” ဒေါက်တာမတ်မတ် တစ်ယောက် စကားနည်း ရန်စဲ ကြားဝင် ဖြန်ဖြေပေးမိသည်။
အရေပြား ဟူသည် အလွှာ နှစ်လွှာဖြင့် ဖွဲ့စည်းထားသည်။ အပေါ်ယံ အလွှာ epidermis နှင့် အောက်အတွင်းအလွှာ dermis ဟူ၍ ရှိသည်။အပေါ်လွှာသည် ပြင်ပမှ နေဒဏ် လေဒဏ် ပိုးမွှားဒဏ်တို့ကို ကာကွယ်ပေးပြီး အတွင်းလွှာသည် အသားအရည် တင်းရင်းဖို့ လိုအပ်တဲ့ collagen ကို ထုတ်ပေးပြီး အရေပြားအတွက် လိုအပ်တဲ့ အာဟာရကို ထောက်ပံ့ပေးရာ အလွှာလည်း ဖြစ်သည်။အပြင်လွှာမှာ မြင်နေရ၍ အရေးကြီးသလို အတွင်းလွှာမှာ အာဟာရပြည့်မှ ရေရှည်အတွက် ကောင်းမွန်မည် ဖြစ်သည်။
အရေးအကြောင်းများ ဖြစ်ရခြင်းသည် အသက် ကြီးရင့်လာခြင်း ၊ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်သည်။ ကြိုတင်ကာကွယ်ရန် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ခြင်း၊ နေပူထဲ သွားမည် ဆိုပါက အင်္ကျီ လက်ရှည် ဘောင်းဘီရှည်များ ဝတ်ဆင်သွားခြင်း၊ SPF 30++ပါဝင်သော နေရောင်ကာ လိမ်းဆေးများ လိမ်းပေးခြင်း နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့ ပြုလုပ်ရမည်။
အရေးအကြောင်းများသည် အနု၊ အရင့် ပေါ် မူတည်၍ လျော့ပါး ပျောက်ကွယ်နိုင်သည်။ သောက်ဆေးများ၊လိမ်းဆေးများ ၊ အရေပြားတင်းရင်းစေသော Botox ဆေးထိုးခြင်းများ၊ ဓာတုပစ္စည်းများ လေဆာ ရောင်ခြည်များ သုံး၍ ကုသော ကုထုံး များစွာရှိလေသည်။
” မမနု လို နည်းနည်းကြောက်တတ်တဲ့ သူတွေ အတွက်ဆို သောက်ဆေးနဲ့ လိမ်းဆေးတွေက သင့်တော်ပါလိမ့်မယ်နော်၊ နုပျိုစေဖို့ အတွက်ဆို Antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေဖြစ်တဲ့ Vitamin A, C, E တို့က ကူညီပါလိမ့်မယ် ၊ Collagen ဖွဲ့စည်းမှုကို အားပေးလို့ အရေးအကြောင်းကို လျော့ပါးစေပါလိမ့်မယ် Vit C ကို တစ်နေ့ 3000mg ထက်မပိုစေပဲ ခြောက်ပတ်ထိ သောက်နိုင်ပါတယ်၊ Vit E နဲ့ တွဲသောက်တဲ့ အခါ အကျိုးကျေးဇူး ပိုမိုရရှိပါလိမ့်မယ်နော်”
“လိမ်းဆေး အနေနဲ့ကတော့ Anti wrinkle cream, Topical retinoid အစရှိတဲ့ လိမ်းဆေးတွေ ရှိပေမယ့် အရေပြားနီရဲ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ အသားခြောက်တာလေးတွေ ဖြစ်တတ်တော့ အရေပြား ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သုံးသင့်ပါတယ်နော်၊”
“အခုနောက်ပိုင်း အလှကုန် တစ်ချို့မှာ Vitamin C ကို အဓိကထားပြီး collagen ဖွဲ့စည်းမှုကို အားပေးဖို့ ထုတ်ထားတာမျိုးလေးတွေလဲ ရှိတော့ အဲ့ဒါလေးတွေ သုံးချင်လဲ ရတယ် မမနုရေ ၊ လောလောဆယ် အရေးအကြောင်းကင်းအောင် Vit C ဆောင်ထားဦး ၊ ဆောင်ရန် ရှောင်ရန်လေးတွေလဲ သေချာမှတ်ပြီးလိုက်နာဦးနော်”
ပြောလို့မှ မဆုံးသေး အလှမက်သော မမနု တစ်ယောက် ရှော့ပင်းဟုဆိုကာ အိတ်ဆွဲ၍ အဝယ်ထွက်လေတော့သည်။