လင်းလင်းတစ်ယောက် supermarketတစ်ခုတွင် အရောင်းစာရေးဝင်လုပ်နေသည်မှာ တစ်နှစ်ကျော်နေပြီ။ ဆယ်တန်းအောင်ပြီးကတည်းကနယ်ကနေရန်ကုန်ကိုတက်လာပြီးအဆောင်ငှားနေကာအလုပ်လုပ်၍ မိဘများအားထောက်ပံ့ပေးနေသောမိန်းကလေးတစ်ယောက်ဖြစ်သည်။
ရန်ကုန်မြို့ကြီးတွင် ရုန်းကန်နေရသောလူတစ်ယောက်အတွက် ပင်ပန်းဆင်းရဲချင်စရာတွေကတော်တော်များသည်။ မနက်မိုးလင်းမှ မိုးချုပ် အလုပ်လုပ်ပြီးအဆောင်သို့ပြန်ရောက်ချိန်တွင် ထမင်းစားပြီး အဝတ်လျှော်ရသည်။ ရန်ကုန်မြို့ရှိအဆောင်ဆိုတာသည်လည်းတိုက်ခန်းတစ်ခန်းတွင် ကိုယ်လိုသူလိုနယ်မှ တက်လာကြသောမိန်းကလေးများစုပေါင်းနေထိုင်ရခြင်းဖြစ်သည်။
အခုတလော လင်းလင်းဝတ်သောအဝတ်အစားများက အနံံ့တစ်မျိုးထွက်နေသည်။ မခြောက်သော အဝတ်အစားများကို မီးပူတိုက်ဝတ်ရသောကြောင့်ဖြစ်သည်ဟုလင်းလင်းထင်သည်။ အနံ့တွေထွက်နေသောကြောင့် ရေမွှေးစွတ်ထားရသည်။
အတူတူအလုပ်လုပ်သောအမတစ်ယောက်မှ လင်းလင်းအား
“လင်းလင်း အဝတ်တွေက မှိုနံ့တွေ စွဲနေတယ်နော်။”
“ဟုတ်တယ် မသီတာရယ်။ အဝတ်အစားတွေက မိုးတွင်းဆိုတော့ မခြောက်ဘူးလေ။ အပြင်လည်းထုတ်လှန်းလို့မရဘူး။ အိမ်ထဲမှာပဲလှန်းရတာ။ နေရောင်နဲ့ခြောက်တာလည်းမဟုတ်ဘူး။ လေနဲ့ခြောက်ရတာ။ ပြီးရင် မီးပူတိုက်ပြီး ဝတ်လိုက်တယ်။”
“အဝတ်အစားတွေမှိုစွဲတာက မခြောက်လို့အပြင် အကျၤ ီထည့်တဲ့ သေတ္တာတွေ ဗီဒိုတွေ မှိုစွဲလို့ အကျၤ ီမှာမှိုနံ့တွေ စွဲနေတာလဲဖြစ်တတ်တယ်။”
လင်းလင်းအခုမှသဘောပေါက်တော့သည်။ ဘယ်အဝတ်ပဲဝတ်ဝတ် ဒီလိုမျိုးအနံ့တွေချည်းပဲရနေတာဘာကြောင့်မှန်းမသိ။ မသီတာပြောမှပဲသထိထားမိတော့သည်။
“ဟုတ်မယ် မသီတာ။ ညီမရဲ့ အဝတ်အစားတိုင်းလိုလိုက ဒီလိုအနံ့တွေထွက်နေတာ။ နယ်မှာနေတုန်းကညီမတို့ဆီမှာနေအရမ်းပူတယ်။ မိုးလည်းသိပ်မရွာတော့ သေတ္တာတွေ မှိုတက်တာမျိုးညီမမကြုံဖူးဘူး။ အဝတ်အစားတွေဆိုရင်လည်း နေပူထဲထုတ်လှမ်းတာပဲလေ။”
“နယ်နဲ့ရန်ကုန်ဆိုတော့ ဘယ်တူမလဲ။ ညီမတို့နယ်ကမိုးမရွာဘူး။ ခြောက်သွေ့တယ်။ ရန်ကုန်မိုးတွင်းကတော့ သိတဲ့အတိုင်းပဲတစ်နေကုန်ရွာနေတာဆိုတော့ အစိုဓာတ်ကအမြဲရှိနေတယ်။ ဒါကြောင့် သေတ္တာတွေ၊ နံရံတွေမှာမှိုတွေတက်နေတာပေါ့။”
“ညီမရဲ့ သေတ္တာထဲမှာမှိုတွေကိုသတိတော့မထားမိဘူး”
“သတိထားမကြည့်မိလို့ မသိတာပါ။ သတိထာားကြည့်မိရင်တွေ့တတ်ပါတယ်။ အန့ံ့တွေ အဝတ်အစားတွေမှာ စွဲနေကတည်းကသေတ္တာထဲမှာရှိနေလို့ပေါ့။မှိုတွေကိုဖယ်ရမယ်။ မဖယ်ရင် ကျန်းမာရေးထိခိုက်လိမ့်မယ်။”
“ဟုတ်လိမ့်မယ်။ ညီမအခုတစ်လော ခန္ဓာကိုယ်မှာဟိုနေရာကယားဒီနေရာကယားနဲ့။”
မသီတာတစ်ယောက် လင်းလင်းအားဂရုဏာသက်မိသည်။ နယ်မှတက်လာ၍ မသိနားမလည်သောကောင်မလေးတစ်ယောက်အားညီမချင်းကိုယ်ချင်းစာ၍ ကူညီစောင့်ရှောက်ရမည့် ဝတ္တရားရှိသည်ဟုလည်း ယူဆမိသည်။
“မှိုစွဲနေတဲ့ အဝတ်အစားတွေကို ဝတ်မှတော့ ယားမှာပေါ့ လင်းလင်းရယ်။ အဲဒီအဝတ်အစားတွေ အကုန်လုံးကိုလျှော်ရမယ်။ လျှော်တဲ့အခါမှာရေဇလုံထဲကိုဆပ်ပြာမှုန့်ရယ်၊ ရှာလကာရည်ရယ် ထည့်ပြီးစိမ်ထားရမယ်။ ရေနွေးပူပူလေးသုံးရင် ပိုကောင်းမယ်။ ရိုးရိုးရေလည်းသုံးလို့ရတယ်။ တစ်နာရီကျော်ကျော်လောက်စိမ်ထားပြီးရင် လျှော်လို့ရပြီ။ပြီးရင် နေပူထဲမှာထုတ်လှမ်းရမယ်”
“ညီမဘယ်အချိန်လျှော်ရမှာလဲ။ ညီမကညဖက်ကျမှာ ပြန်ရောက်တာ။ ပြီးတော့တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာလူတွေကအများကြီးဆိုတော့ အဝတ်တွေက လှမ်းရတာလဲအဆင်မပြေဘူး”
“တနင်္ဂနွေ အစ်မအိမ်မှာလာလျှော်လေ။ ပြီးရင် ခြံထဲမှာ အဝတ်တွေသေသေချာချာလှမ်းလို့ရတယ်။ နေရောင်လည်းရတယ်။ ဒီတစ်ပတ်မိုးမရွာလောက်ပါဘူး။”
“ကျေးဇူးတင်ပါတယ် မသီတာရယ်”
“ကျေးဇူးမတင်နဲ့ဦး။သေတ္တာကိုလည်းမှိုတွေမရှိအောင် လုပ်ရမယ်။ သေတ္တာတစ်လုံးလုံးကိုရှာလကာရည်နဲ့ ဖြန်းလိုက်။ ရှာလကာရည်ကမှိုတွေကိုသတ်နိုင်တယ်။ တစ်နာရီလောက် ကြာမှ နေနဲ့ ပြန်ဆေးလိုက်။ ရေစိုအဝတ်နဲ့ပြန်သုတ်လည်းရတယ်။ ပြီးရင် သေတ္တာကိုအခြောက်ခံရမယ်။ သေတ္တာလုံးဝခြောက်သွားပြီဆိုမှ အဝတ်အစားတွေပြန်ထည့်ရမယ်။ ရှာလကာရည် အနံ့တွေမပျောက်ရင် တခြားအမွေးခဲလေးတွေ သုံးလို့ရတယ်။”
“ဟုတ်ကဲ့ပါ”
“ဒါဆိုရင် လုပ်ကြည့်နော်။ အဝတ်ဘီဒိုတွေတွေထဲကို ပရုတ်လုံးလေးတွေထည့်ဖို့လည်းမမေ့နဲ့ဦး”
လင်းလင်းတစ်ယောက် မသီတာအားကျေးဇူးတင်ရသည်။အမတစ်ယောက်လိုကိုယ့်ကိုဂရုတစိုက်ရှိတာကြောင့် အားလည်းရှိသည်။ ဒီတစ်ပတ် တနင်္ဂနွေနေ့ရောက်လျှင် မသီတာအိမ်သို့သွားရောက်၍ အဝတ်လျှော်ရမည်။
“ဟင်းကောင်းကောင်းချက်ထားမယ်။ ဆက်ဆက်သာလာခဲ့”
မသီတာရဲ့နောက်ဆုံးစကားကြောင့် လင်းလင်းတစ်ယောက် တနင်္ဂနွေနေ့သို့ အမြန်ရောက်ချင်နေပြီ။
AUTHOR – ဒေါက်တာအေးချမ်းမိုး