ဆေးခန်းကိုလာပြတဲ့ စားသောက်ရှင်ပိုင်ရှင်တစ်ယောက်ဟာ ရင်ပူရင်ဆာ Heartburn ဖြစ်ခြင်းရဲ့ လက္ခဏာတွေအပြင် နှာရည်ယိုခြင်း၊ ဦးခေါင်းတွင်း လေလိုဏ်ခေါင်းရောဂါ၊ အသံဝင်ခြင်းနဲ့ နာတာရှည် ချောင်းဆိုးခြင်းတို့ဖြင့် လာပြပြီး ည ၁၁ နာရီမှာ ညစာစားကြောင်း နဲ့ စားပြီးတာနဲ့ အိပ်ရာဝင်တဲ့အကြောင်း ဆရာဝန်ကို ပြောပြပါတယ်။
သူ့ရဲ့ ပြဿနာက အက်စစ်နောက်ပြန် စီးဆင်းခြင်း ဖြစ်တယ်။
ဒီအက်စစ်နောက်ပြန်စီးခြင်းကို ရှာဖွေဖော်ထုတ်ရာတွင် အထူးပြုဆောင်ရွက်သည့် နယူးယော့စ်မှ ဆရာဝန်ဒေါက်တာ ဂျေမီအေကောဖ့်မင်က ဒီဖြစ်ရပ်ဟာ လည်ချောင်း၊ ဦးခေါင်းတွင်း လေလိုဏ်ခေါင်းနှင့် အဆုပ်တို့ကို ရင်ပူရင်ဆာကဲ့သို့ အစာကြေတဲ့ လက္ခဏာမရှိဘဲ ထိခိုက်စေတယ်လို့ ပြောတယ်။ နောက်ပြန် စီးဆင်းခြင်းဟာ အစာပြွန်ကင်ဆာအထိ ဖြစ်နိုင်တယ်။ နောက်ပြန်စီးဆင်းခြင်းကို ကုသတဲ့ ဆေးဖြစ်တဲ့ Proton Pump Inhibitors (PPI) ဟာအမြဲ မလုပ်ဖြစ်ပါ။ ကြာရှည်သုံးစွဲရင် အစာပြွန်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးပွားစေ တယ်လို့ ဒိန်းမတ်လေ့လာရေးတတစ်ခုအရ သိရတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းတစ်ခုက ညံ့တဲ့ အစားအစာကြောင့်ဖြစ်တယ်။ သကြား၊ ဆီ၊ အချိုရည်နဲ့ ပြုပြင် ထားတဲ့ အစားအစာတွေကို အလွန်အမင်း စားရင်ဖြစ်တယ်။ အခြားကြောင်းတစ်ချက်က ညစာစားချိန်ဖြစ်တယ်။ ဖော်ပြပါ လူနာဟာ စားသောက်ဆိုင်မှာ အလုပ်များလို့ သူညစာစားတဲ့အချိန်ဟာ တစ်ဖြည်းဖြည်း နောက်ဆုတ် လာပြီး သိပ်မိုးချုပ်မှ စားဖြစ်သွားတယ်လို့ သိရပါတယ်ဟု ဒေါက်တာဂျေမီက ပြောတယ်။ ၎င်းရဲ့ အတွေ့အကြုံ အရ နောက်ပြန်စီးဆင်းခြင်းအတွက် အရေးကြီးဆုံး တစ်ခုတည်းသော နည်းလမ်းက နောက်ကျမှ အစာစားခြင်း ကို ဖယ်ရှားခြင်းဖြစ်တယ်။
တွေ့ကြုံရတဲ့ လူနာတွေမှာ နောက်ကျစားခြင်းဟာ အလွန်အကျူး စားခြင်းနဲ့တွဲပါလာတယ်။ ဘာဖြစ် လို့လဲဆိုတော့ နံနက်စာ စားခြင်းကို လွှတ်စားပြီး နေ့ခင်းမှာ အသားညှပ်ပေါင်မုန့်ကို စားတယ်။ ညစာကျတော့ တစ်နေ့လုံးမှာ အများဆုံးစားတဲ့ စားပွဲဖြစ်နေတယ်။ ညစာကို အလွန်အကျွံ စားပြီးတော့ ဆိုဖာပေါ်ထိုင်ပြီး ရုပ်/သံ ကြည့်တယ်။ တကယ်တော့ အစာစားပြီးရင် မတ်မတ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဆွဲအား က အစာကို ဝမ်းဗိုက်ထဲမှာ ရှိစေတယ်။ ဝမ်းဗိုက်ထဲမှ အက်စစ်လျှံထွက်လို့ အချဉ်ဓါတ် နောက်ပြန်စီးထွက်ခြင်း အကျိုးကို ဖြစ်စေတယ်။
ဗိုက်မှာ အစားအပြည့်နဲ့ လဲှလျောင်းနေရင် အက်စစ်နောက်ပြန်စီးထွက်ခြင်းကို ပိုဖြစ်စေတယ်။ ကျန်းမာပြီး ငယ်ရွယ်တဲ့ လူတွေမှာ အလောတော် အစာစားပြီး နာရီအနည်းငယ်အတွင်း အစာအိမ်မှာ ပုံမှန် အစာတွေ မရှိတော့ပါ။ အသက်ကြီးတဲ့လူနဲ့ အက်စစ်နောက်ပြန်စီးဆင်းတဲ့ လူတွေမှာ အစာအိမ်ထဲမှ အစာတွေ ကျန်မနေစေဖို့ အချိန်တော်တော်ယူရတယ်။
တကယ်လို့ ညစာစားပြီး အချိုပွဲ ဒါမှမဟုတ် အိပ်ရာဝင်ခါနီးမှာ အဆာပြေစာ စားခြင်းက ဘာဖြစ်မလဲ။ အဲဒီအခါမှာ နောက်ပြန်စီးဆင်းခြင်းဟာ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်။ အချိုပွဲမှာ ကဆီဓာတ်နဲ့ အဆီ တွေမှာ ကယ်လိုရီ၊ အဆီများတဲ့ အစားအစာတွေဟာ အစာကြေတာနှေးကွေးစေခြင်းနဲ့ ဒီအခြေအနေကို ပုံမှန် ကာကွယ်ပေးတဲ့ အစာအိမ် (Valve) ကို လျှော့ခြင်းဖြင့် နောက်ပြန်စီးဆင်းခြင်းကို ဖန်တီးတယ်။
နောက်ပြန်စီးဆင်းခြင်းဟာ ပုံစံမျိုးစုံဖြစ်ရင် နှာပိတ်ခြင်း၊ ဓာတ်မတည့်မှုနဲ့ ပန်းနာစသည့် အခြေအနေ မျိုးနဲ့ အမြင်မှားဖို့လွယ်ပါတယ်။ အဲဒီလိုရောဂါဖြစ်တဲ့ လူနာအချို့အတွက် နောက်ကျမှ ညစာစားတာဟာ ဒီပြဿနာတွေရဲ့ အဓိက အကြောင်းရင်ဖြစ်ပေမဲ့၊ ညစာစားချိန်ကို ပြောင်းဖို့ဟာ သူတို့ရုန်းကန်ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်နေတယ်။
ဒီရောဂါဖြစ်နေတဲ့ လူနာတစ်ဦးဟာ အဆိုပါ ဆရာဝန်ကို လာပြတယ်။ သူ့ရဲ့ ဖခင်နဲ့ ဦးလေးဟာ အစာပြွန်ကင်ဆာနဲ့ သေဆုံးသွားလို့ သူ့မှာ ဒီကင်ဆာဖြစ်မှာ စိုးရိမ်နေတယ်။ သူဟာ ညစာကို ၉နာရီမှာ စားပြီး ဝိုင်နီနှစ်ပုလင်း သောက်တယ်လို့ပြောတယ်။
နောက်ပြန်စီးဆင်းခြင်းကို ရပ်ပစ်ဖို့ ညအိပ်ရာမဝင်မီ သုံးနားရီထက်မနည်း အစာစားခြင်းကို ရပ်ပစ် ရမယ်။ လူအများအတွက် ညစာစောစောစားခြင်းဟာ သိသာတဲ့ လူမှုဘဝအရွေ့ ဖြစ်တယ်။ အဲဒီအတွက် ကျန်းမာရေး အတွက်ကောင်းစွာ စီမံထားတဲ့ နံနက်စာများ နေ့ခင်းစာများနဲ့ အဆာပြေ အစားအစာများ လိုအပ် ပါတယ်။
ဒေါက်တာ ဂျေမင်ဆီလာပြတဲ့ စားသောက်ဆိုင်ပိုင်ရှင် လူနာဟာ ည ၇နာရီမတိုင်မီ ညစာစားဖို့ ပြောထားတဲ့ အတိုင်းပြုလုပ်တဲ့အတွက် သီတင်း ၆ ပတ်အတွင်း ၎င်းရဲ့ နောက်ပြန်စီးဆင်းခြင်း ပျောက်သွား တယ်လို့ သိရပါတယ်။
ကျွန်မတို့နိုင်ငံမှာ မွန်းတည့် ၁၂ နာရီကျော်ရင် အရည်မှလွဲပြီး ဘယ်အစာကိုမှ မစားတဲ့ ရဟန်းသံဃာ တွေနဲ့ သူများမှ ဖော်ပြပါ ပြဿနာတွေ မရှိကြပါ။ ထို့အတူ ကျန်းမာရေး အသိရှိကြတဲ့ သူတွေမှာ တချို့က ၄ နာရီ၊ ၅ နာရီမှာ ညစာစားပြီး တချို့က ၆ နာရီ၊ ၇ နာရီ မှာညစာကို နောက်ဆုံးစားပြီး အိပ်ရာဝင်တဲ့အထိ ဘာမှ မစားကြတော့ပါ။
Author – နှင်းအေးဝေ