လူသားတွေဟာ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ထိမိခိုက်မိတာတွေ ရှိသလို အလုပ်ခွင်ထဲမှာလဲ သေးငယ်တဲ့ မတော်တဆမှုကစလို့ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရတာတွေ အသက်ဆုံးရှုံးမှုတွေအထိ ကြုံတွေ့ရတတ်ပါတယ်။
အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီဆိုရင် အလုပ်ရှင်တွေအတွက် လုပ်ငန်းလည်ပတ်နှုန်းတွေ ထိခိုက်တာ၊ အဖက်ဖက်က ကုန်ကျစရိတ်မြင့်တက်လာတာ၊ လုပ်ငန်းငွေဆုံးရှုံးမှုတွေ များတာဖြစ်သလို ဝန်ထမ်းတွေအတွက်လဲ စိတ်ပင်ပန်းကိုယ်မကျန်းမာဖြစ်ရတာ၊ လစာဝင်ငွေ ထိခိုက်တာတွေ ခံစားရစေပါတယ်။ ဒါပေမယ့် စစ်တမ်းကောက်ချက်တွေအရ လုပ်ငန်းခွင်အတွင်း အကြီးအကျယ်ထိခိုက်မှုတွေထဲမှာ တချို့အရာတွေက ၁၀၀% ပြည့် ကာကွယ်လို့ရကြောင်း တွေ့ရှိရပါတယ်။
အလုပ်ထဲမှာ ဘယ်လိုထိခိုက်တာတွေ ဖြစ်တတ်လဲ ❓
ဘယ်လိုကာကွယ်ရမလဲ ❓
အခုဆို အဖြစ်များတဲ့ အလုပ်ခွင်ထိခိုက်မှုတွေနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။
- ကြွက်သားများ ထိခိုက်ခြင်း ❗️
အလုပ်ကြောင့် ထိခိုက်မှုတွေမှာ 33.54% နဲ့ အဖြစ်အများဆုံး ဗိုလ်စွဲနေတာဘဲဖြစ်ပါတယ်။ ကြီးမားတဲ့အလေးအပင်တွေကို သယ်မရတဲ့အလုပ်သမားတွေ၊ ကိုယ်အင်အား အလွန်စိုက်ထုတ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် နောက်ကျော၊ လည်ပင်း၊ ပုခုံးနဲ့ ခါးရိုးတွေမှာ ထိခိုက်လေ့ရှိပါတယ်။
➡️ ခါးကုန်းပြီး အလေးတွေ မတာ ရှောင်ရပါမယ်။ ဖြစ်နိုင်လျှင် ခါးရိုးကို မသုံးဘဲ ဒူးတစ်ဖက်ကို ညွတ်ချပြီး မပါ။
➡️ အလွန်လေးလံတဲ့ ပစ္စည်းတွေကို တစယောက်တည်း မ,မပါနဲ့။ အလေးချိန်ပေါင် 50 ထက်ကျော်တဲ့ ပစ္စည်းတွေကို အလေးအပင်မရန် အကူစက်ကိရိယာများ အသုံးပြုပါ။
- Repetitive strain injury (RSI) ❗️
RSI ဆိုတာ တူညီတဲ့လှုပ်ရှားမှုတစ်ခုကို အကြိမ်ကြိမ်ပြုလုပ်နေရင်း အချိန်ကြာလာတဲ့အခါမှာ အားစိုက်မထုတ်ရပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ဒဏ်ဖြစ်လာတာပါ။ ဥပမာအနေနဲ့ ကွန်ပြူတာ အမြဲအသုံးပြုနေရတဲ့သူတွေမှာ ပုခုံးကြွက်သားတွေတင်းလာပြီး ဇက်ကြောတက်တာ၊ အချိန်အတော်ကြာထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေမှာ ခါးနာတာတို့ဘဲဖြစ်ပါတယ်။ RSI တွေကို လူတော်တော်များများ သတိမထားမိဘဲ လုပ်မိနေကြတာများပြီး ဒဏ်ဖြစ်လာမှသာ ဝေဒနာတွေကို ခံစားကြရပါတယ်။
➡️ အချိန်တစ်ခုလုပ်ပြီးလျှင် ခဏနားပါ။
➡️ ကိုယ်လက် အကြောဆန့်ပါ။ လမ်းထလျှောက်ပေးပါ။
- မတော်တဆ ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်း၊ ပြုတ်ကျခြင်း ❗️
အလုပ်ထဲ လှုပ်ရှားသွားလာနေရင်း ရေတွေဆီတွေ ယိုဖိတ်နေတဲ့ ကြမ်းပြင်ချောချောမှာ ချော်လဲတာ၊ မှောင်နေလို့ဘဲဖြစ်ဖြစ် ကြိုးတွေရှုပ်နေလို့ဘဲဖြစ်ဖြစ် တစ်ခုခုနဲ့ ခလုတ်တိုက်ပြီးပစ်လဲတာ၊ လှေကား၊ ငြမ်း၊ အမြင့်တွေကနေ ပြုတ်ကျတာတွေ ကြုံဖူးကြားဖူးကြမှာပါ။ အဆိုပါ မတော်တဆမှုတွေဟာ ဒဏ်ရာသေးသေးလေးကအစ ဦးခေါင်းခွံ၊ လည်ပင်း၊ ခါးရိုး၊ အရွတ်အကြောထိခိုက်မှုတွေ အရိုးကျိုးတာ၊ ပြတ်ရှတာ၊ အဆစ်လွဲတာ၊ အဆုံးစွန်အထိဆိုလျှင် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။
➡️ မိမိအလုပ်ခွင်ပတ်ဝန်းကျင်ကို ရှင်းလင်းနေအောင် စနစ်တကျထားပါ။ အလင်းရောင်ကောင်းကောင်း ရရှိရန် လိုအပ်ပါတယ်။
➡️ ဝန်ထမ်းများ သွားလာနေသော လမ်းကြောင်းတွင် အပျက်အစီးများ၊ ယိုဖိတ်နေသောအရာများ၊ ပိတ်ဆို့နေသော အတားအဆီးများ ရှိလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ပြန်လည်ပြုပြင်ပါ။
- ပစ္စည်းများ မိမိအပေါ်ပြုတ်ကျခြင်း၊ ပစ္စည်းများကြားညှပ်ခြင်း❗️
အကယ်၍ သင်သာ အမြင့်မှ ပစ္စည်းတစ်ခုခုကို မမှီမကမ်း လှမ်းယူမိသည်ဖြစ်စေ၊ အထားအသိုမမှန်၍ ပစ္စည်းများ (သို့) အခြားအရာဝတ္ထုများ (သို့) ပစ္စည်းတင်ထားသည့်စင် မခိုင်၍ဖြစ်စေ မိမိပေါ် ပြုတ်ကျတာ၊ မိမိကို အရှိန်ပြင်းပြင်းရိုက်မိတာ၊ ဖိမိတာ၊ ပြိုကျလာတဲ့ ပစ္စည်းတွေကြားညှက်သွားတာတွေဟာ အလုပ်ခွင်အတွင်း ထိခိုက်မှုများတဲ့ ဒဏ်ရာတွေကို ဖြစ်စေပါတယ်။
➡️ လေးတဲ့ပစ္စည်းတွေကို နိမ့်တဲ့နေရာ (သို့) ကြမ်းပြင်နားမှာပဲ သိမ်းဆည်းပါ။
➡️ အလုပ်ခွင်သုံးပစ္စည်းများ ကြံ့ခိုင်မှုကို အခါအားလျော်စွာ စစ်ဆေးပါ။ ပစ္စည်းများအား ဝန်နှင့်မမျှအောင် မထားပါနှင့်။
- ရွေ့လျားနေသောစက်ကိရိယာများကြောင့် ထိခိုက်ခြင်း ❗️
လုပ်ငန်းခွင်အတွင်း မောင်းနှင်နေသောကားများ၊ ရွေ့လျားနေသောစက်ယန္တရားကြီးများနှင့် တိုက်မိတာ၊ တက်ကြိတ်ခံရတာ၊ စက်ကိရိယာများနဲ့ ကုန်တင်ကုန်ချလုပ်နေစဉ် မတော်တဆ မိမိအပေါ် ကြီးမားတဲ့အရာဝတ္ထုတွေ လွတ်ကျလာတာ၊ စက်ထဲညှပ်ပါသွားတာ၊ မိမိမောင်းနေတဲ့ ကုန်တင်ချကားများ မှောက်တာ၊ ကားပေါ်ကပြုတ်ကျပြီး ပြန်ပိတာတွေဟာ ပြင်းထန်တဲ့ဒဏ်ရာတွေရစေလို အသက်သေဆုံးတာတွေလဲ ကြုံရတတ်ပါတယ်။ ဒီကြီးမားတဲ့မတော်တဆမှုတွေကို အများအားဖြင့် စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တွေ့ရများပါတယ်။
➡️ လုပ်ငန်းခွင်အတွင်း ရွေ့လျားနေသောစက်ကိရိယာများအား သတိထားပါ။ စနစ်တကျ နည်းလမ်းမှန်မှန် ကိုင်တွယ်ပါ။
➡️ သက်ဆိုင်ရာ လုပ်ငန်းခွင်သုံးPPEကို ပြည့်စုံစွာ ဝတ်ဆင်ပါ။
- မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း ❗️
အလုပ်ခွင်မှာ အသုံးပြုနေတဲ့ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေ အရာဝတ္ထုတွေ၊ အန္တရာယ်ရှိဓာတ်ငွေ့တွေကြောင့် မီးလောင်တာ၊ ပေါက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ရပ်များကြောင့် မိမိကိုယ်ပေါ်မှာ တိုက်ရိုက်မီးစွဲလောင်တာ၊ မီးပွားစင်တာ၊ ပေါက်ကွဲတာကနေ လွင့်စင်တာတဲ့အရာဝတ္ထုတွေနဲ့ ရိုက်မိတာ၊ ခန္ဓာကိုယ်ပါလွင့်ထွက်သွားတာ၊ မီးခိုငွေ့ရှုမိပြီး အသက်ရှုကြပ်တာတွေကြောင့် အသက်သေဆုံးတာတွေဖြစ်တတ်ပါတယ်။
➡️ Chemical ဓာတုပစ္စည်းများကို နားလည်တတ်ကျွမ်းသူများသာ ကိုင်တွယ်အသုံးပြုပါ။
➡️ ချမှတ်ထားသော စည်းကမ်းများ၊ လုပ်ရိုးလုပ်စဉ်များအတိုင်းသာ လိုက်နာဆောင်ရွက်ပါ။
➡️ အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်နေသူများသည် သက်ဆိုင်ရာ လုပ်ငန်းခွင်သုံး PPE ကို ပြည့်စုံစွာ အမြဲဝတ်ဆင်ထားပါ။
➡️ မီးသတ်ဆေးဘူးများအား လက်လှမ်းမှီသည့်နေရာတွင် ထားရှိပါ။
- အန္တရာယ်ရှိသော ဓာတုဓာတ်ငွေ့များ ရှုမိခြင်း ❗️
ဓာတုဓာတ်ငွေ့များသည် မည်မျှပင် အားပျော့ပါစေ အချိန်ကြာမြင့်စွာ ဓာတုဓာတ်ငွေ့များနှင့် ထိတွေ့လုပ်ကိုင်နေသူများတွင် အသက်ရှုလမ်းကြောင်းပြဿနာများ၊ မျက်စိနှင့် အရေပြားဆိုင်ရာရောဂါများ ဖြစ်စေတတ်ပါတယ်။
➡️ သက်ဆိုင်ရာ လုပ်ငန်းခွင်သုံးPPEကို ပြည့်စုံစွာ ဝတ်ဆင်ပါ။
♦️ အလုပ်ရှင်များရဲ့ ကဏ္ဍ ❗️
အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများကို ကာကွယ်ရာမှာ အလုပ်ရှင်တွေဟာ အခရာကျပါတယ်။ အလုပ်သမားများ၊ ဝန်ထမ်းများ လုပ်ငန်းခွင်လုံခြုံဘေးကင်းမှုဟာ အလုပ်ရှင်များရဲ့ ဦးစားပေးဖြစ်သင့်ပါတယ်။ သို့ရာတွင် အလုပ်ရှင်များအနေနဲ့လည်း လိုက်နာသင့်တဲ့အရာတွေ ရှိပါတယ်။
✅ ဝန်ထမ်းများ၏ စကားသံများကို နားထောင်ပါ !အမြဲလေ့လာသုံးသပ်ပါ !
✅ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများနှင့် ကာကွယ်မှုများကို ဝန်ထမ်းများအား အသိပညာပေးပါ။ သင်တန်းပို့ချပါ။
✅ အန္တရာယ်ရှိသောလုပ်ကိုင်မှုများအား နားလည်တတ်ကျွမ်းသော ဝန်ထမ်းအလုပ်သမားများသာ လုပ်ကိုင်ခွင့်ပေးပါ။
✅ မိမိဝန်ထမ်းများ စနစ်တကျ နည်းလမ်းမှန် လုပ်ကိုင်တတ်စေရန်လည်းကောင်း၊ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာအချက်အလက်များနှင့် ပက်သက်၍လည်းကောင်း လေ့ကျင့်သင်ကြားပေးပါ။
✅ သင်တန်းပို့ချသင်ကြားပြီးလျှင်လည်း မိမိဝန်ထမ်းများ လိုက်နာခြင်း ရှိမရှိ စောင့်ကြည့်လေ့လာပါ။
✅ လုပ်ငန်းခွင်ပတ်ဝန်းကျင်အတွင်း အန္တရာယ်စေသောအရာများ၊ အပျက်အစီး၊ အတားအဆီးများအား ဖယ်ရှားပေးပါ။ လုပ်ငန်းခွင်သည် ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်သင့်သည်။
✅ လုပ်ငန်းခွင်သုံး စက်ကိရိယာယန္တရားများအား ခိုင်ခံ့မှု ရှိမရှိ၊ အသုံးပြုရန်လုံခြုံမှု ရှိမရှိ အခါအားလျော်စွာ ညွန်ကြားစစ်ဆေးခိုင်းပါ။
✅ လုပ်ကိုင်ရသောတာဝန်အလိုက် လုံလောက်သော ဝန်ထမ်းများ ခန့်အပ်ထားရှိပါ။
✅ သက်ဆိုင်ရာ လုပ်ငန်းခွင်သုံး PPE များကို လုံလောက်စွာ ထားရှိပေးပါ။
✅ အလုပ်ခွင်အတွင်း ထိခိုက်မှုတစုံတရာ ဖြစ်ပွားခဲ့ပါက ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုံခြုံရေးတို့အတွက် လျင်မြန်စွာ စီမံခန့်ခွဲပါ။
ယခုဆိုရင် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများနှင့် ကာကွယ်ရန် နည်းလမ်းတွေကို အလုပ်ရှင်၊ အလုပ်သမားဝန်ထမ်း ကဏ္ဍအလိုက် သိရှိပြီးဖြစ်တာကြောင့် ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်ကြပြီဖြစ်ပါတယ် !
Author : Dr. Aye Chan Moe