စိတ်ညစ်တယ် ၊စိတ်ညစ်တယ်၊ စိတ်ညစ်တယ်သည် မျက်မှောက်ကာလတွင်လွန်စွာကြားရလွယ်သောစကားတခွန်းဖြစ်သည်။ အိမ်ထောင်များ ခွာပြဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ အရက်သမားလုံးလုံး ဖြစ်သွားခြင်းနှင့် စိတ်ထောင်းကိုယ်ကြေကျန်းမာရေးချို့ယွင်း၍ ဆေးရုံးတက်ရခြင်းတို့သည်လည်း ကြားမြင်ရလွယ်သည့်ဖြစ်စဉ်များ ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းတရားများ ထွေပြား နိုင်သော်လည်း အချိုးကျအများစုမှာ လုပ်ငန်းခွင် ဘေးထွက်ဆိုးကျိုးများဖြစ်နေသည်ကို တွေ့ရသည်။ တစ်နည်းပြောရလျှင် လုပ်ငန်းခွင်တွင် စိတ်ဖိစီးဒဏ်သင့်ပြီး ဖြစ်ပေါ်လာသော ကျန်းမာရေး လူမှု ရေး ပြဿနာများပင်ဖြစ်သည်။လုပ်ငန်းခွင်တွင်စိတ်ဖိစီးမှုခံရသည့် ယေဘူယျအကြောင်းတရားများမှာ အလုပ်ထုတ်ခံရမည်ကို စိုးရွံခြင်း၊ ကိုယ့်အလုပ်ကိုယ် မနိုင်နင်း မကျွမ်းကျင်ခြင်း၊ ဝန်ထမ်း နည်း၍ အလုပ်ပိနေခြင်း၊ အလုပ်ဖိ လုပ်နေရပါသော်လည်း ထိုက်ထိုက်တန်တန် ချီးပမခံရခြင်းစသည်တို့ပင်ဖြစ်သည်။
လုပ်ငန်းခွင်အတွင်း ထိုသို့ဖိစီးမှု၏အကျိုးဆက်မှာ ကျန်းမာရေးထိခိုက်မှုဖြစ်သောကြောင့် ဝန်ထမ်းကို စိတ်ဖိစီးမှု ပေးသောလုပ်ငန်းခွင်ကို ကျန်းမာရေးနှင့်မညီညွတ်သောလုပ်ငန်းခွင်ဟုပင် သတ်မှတ် ရပေမည်။ ပုံမှန်အားဖြင့် လုပ်ငန်းခွင်တခုတွင် ထိုက်လျှောက်သော ဖိစီးမှုရှိရမည်။ ထိုဖိစီးမှုရှိပါမှ အလုပ်သည်အလုပ်လက္ခဏာ ပီပြင်စွာအထမြောက်ပြီးစီးမှုရှိပေမည်။ သို့မဟုတ်လျှင် အလုပ်သည် ပါကစ်ဆန်၏ ဥပဒေသတွင် ဆိုညွန်းမှုပြုထားသည့်အတိုင်း ရသမျှအချိန်အတိုင်းအတာအလျောက် မပြီးနိုင်မစီးနိုင်အနေအထားဖြင့် အချည်းနှီးဆွဲဆန့်ပြီးသားဖြစ်ကုန်ပေမည်။ သို့တိုင်အောင် ဖိအား များပြန်လျှင်လည်း ဖုတ်ပူမီးတိုက် ခပ်ညံ့ညံ့အလုပ်မျိုးသာ ထုတ်လုပ်မိသည့်အနေရှိမည်ကို သတိချပ်သင့်သည်။
မည်သို့ပင်ဆိုစေ လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုကြုံလာလျှင် စိတ်ဓာတ်ကျမည်။ ကြောင့်ကျစိတ်ကြီး မည်။ ကဲကဲဆတ် အထိမခံဖြစ်လာမည်။ သို့မဟုတ် အလုပ်ကို စိတ်ဝင်စားမှုကင်းမဲ့မည်။စေတနာမဲ့ လာမည်။ ထိုအကြောင်းတရားများပေါ် အခြေခံ၍ ကျန်းမာရေးထိခိုက်လာမည်။ စိတ်ပင်ပန်းမည်။ ဂဏှာမငြိမ်ဖြစ်လာမည်။ မအိပ်နိုင်မစားနိုင်ဖြစ်မည်။ ဇက်ကြောတက်မည်၊ ခေါင်းကိုက်မည်၊ ဗိုက် နာမည်။ သူများတကာနှင့် အခေါ်အပြော အဆက်အဆံ မလုပ်ချင်စိတ်ဝင်လာမည်။ မယားနှင့် ဆက်ဆံရေးကိစ္စမှာပင် အာသဝေါ ကုန်ခမ်းနေသူလို ဖြစ်လာမည်။ အရက်ခွက်ထဲ စိတ်ဖြေရာရှာမည်။ မူးယစ်ဆေးဝါးအကူအညီဖြင့် အားအတုမွေးမည်။
ဤပုဂ္ဂိုလ်ရေးဖြစ်စဉ်အားလုံးသည် လုပ်ငန်းပေါ်ဂယက်သက်ပြီး လုပ်ငန်းဆိုင်ရာကဏ္ဍအရပ်ရပ်ကို ထိခိုက်မှုရှိမည်။ ထို့ကြောင့် အလုပ်သမားနေပျော်သော ကျန်းမာရေးစံမီစေသော လုပ်ငန်းခွင် ဖော်ဆောင်ရန်အတွက် လုပ်ငန်းရှင်တွင် အကြွင်းမဲ့တာဝန်ရှိသည်။ လုပ်ငန်းရေးရာပြောရန်အတွက်ဆိုပါ လျှင် အထက်အရာရှိ၏ တံခါးအမြဲအပွင့်တည်ပေးထားရန် လိုအပ်သည်။ လုပ်ငန်းခွင်၏ ပြဿနာတစ်ဝက်သည် အထက်လူနှင့်အောက်လူ။ ဘေးချင်းယှဉ်လူတို့ ထိုက်လျှောက်သောပွင့်လင်းသည့် ဆက်ဆံညှိနှိုင်းမှုများ မရှိခြင်းကြောင့်ပင်ဖြစ်သည်။ ကိုယ်ခိုင်းသောသူသည် ကိုယ်ခိုင်းသည့် အလုပ်ကို လုပ်ကိုင်ရန် လိုအပ်သောအရည်အချင်းပြည့်မီသူဖြစ်ရန် ပထာနကျသည်။ တစ်ဖန် ထိုခိုင်းခံရသူသည် မိမိခိုင်းလိုက်သည့်အချက်ကို ပီပြင်စွာနားလည်ရန် လိုအပ်သည်။
ဤနေရာတွင် စစ်ဆင်ရေးနည်းဗျူဟာများကို သတိချပ်သင့်သည်။ မိမိစစ်သည်များကို စစ်တလင်းထဲ မစေလွတ်ခင် အခြေအနေအရပ်ရပ်ကို ဂဃနဏ ကြိုတင်ရှင်းလင်းခြင်းအရာမြောက်သော Briefing ပြုလုပ်လေ့ရှိသည်။ ထို့သို့ အထက်အောက်”စေ”မှုက ပီပြင်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း သူတာဝန်၊ ကိုယ့်တာဝန် တိတိပပစိတ်ဖြင့် ယိုင်းပင်းဆောင်ရွက်နိုင်ပါလျှင် လုပ်ငန်းခွင် ပျော်စရာ မကောင်းစရာ အကြောင်းမရှိချေ။ သို့သော်လည်း ထိုအရပ်သို့သွား၊ ထိုအလုပ်ကိုလုပ် ဟုသောစေခိုင်းချက်ကို ပီပြင်အောင်ဆောင်ရွက်စွမ်းသော ဉာဏ်ရည်ဉာဏ်သွေး ရှိသည့်တိုင်အောင် မကျန်းမာ၍ အလုပ်မလုပ်နိုင်လျှင် ကျန်အရာမှန်သမျှ အချည်းအနှီးပင် ဖြစ်ပေမည်။ အရှေ့သည်လည်း အနောက်၊ အနောက်သည်လည်း အရှေ့ဟု တပြေးညီ သတ်မှတ်ရမည်။
လက်ရှိကမ္ဘာ၏အနေအထားတွင် မငြင်းနိုင်သည့်အချက်ကား အနောက်တိုင်းသားတို့က လူထွားကြီးများဖြစ်နေကြသလောက် အရှေ့တိုင်းသားများက လူဗလံလေးများ ဖြစ်နေကြခြင်းပင်ဖြစ်သည်။ ဂျုံစားသူများသည် ဆန်စားသူများထက် ခန္ဓာကိုယ်ထွားကြိုင်းပြီး ဉာဏ်ရည်သာသည်ဟု ဆိုရိုးပြုကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဆန်ကိုသာစားပြီး စစ်ပြီးနောက်ပိုင်းတွင် ဂျုံစားသော လူမျိုးများဖြစ်လာခဲ့သည့် “ဂျပန်ငပု” တို့ကို သာဓကအဖြစ် ထောက်ပြမှုရှိသည်။ သို့သော် ထိုလူမျိူး တို့သည် အစားအသောက်ကို ဂရုထားသည်မကသေး ကာယလေ့ကျင့်ခန်းများကို အလေးသမှု ထားကြသည်။လုပ်ငန်းခွင်များတွင် စာကြည့်တိုက်များရှိသလို အားကစားရုံ Gym များလည်း ရှိကြသည်။ အနည်းဆုံး တစ်နေ့ မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းကဲ့သို့ ကာယလေ့ကျင့်ခန်း ပြုကြ သည်။ ကားစီးနိုင်သောလူမျိုးလူတန်းစားများအတွက်တော့ ဤအချက်မှန်သော်လည်း ကျပ်ညှပ်သောကားကို စီး၊ အထိုက်အလျှောက်ခရီးကို လမ်းလျှောက်ပြီး ရုံးတက်ရသူ လူတန်းစားအတွက် ဤကိစ္စမလိုအပ်ဟု ထင်စရာရှိသည်။ သို့သော် ထို”မြေဇာ”လူတန်းစားက အပန်းကြီးနေတတ်သည့်အချက်က ဆန်းစစ်စရာပင်ဖြစ်သည်။
အခြေခံအစာ ဂျုံနှင့်ဆန်ကွဲပြားသည့်ထက် ပို၍နက်ရှိုင်းသည့်အချက်ကား အစာအဟာရမှီဝဲပုံ ကွာခြားခြင်းပင် ဖြစ်သည်။ အရှေ့တိုင်းသားများက တနေ့ထမင်းသုံးနပ်စားသည်။ အနောက်တိုင်း သားက မနက်စာ၊ နေ့လယ်စာ၊ ညနေစာ၊ ညနက်စာ လေးနပ်စားသည်။ အရှေ့တိုင်းသားက အချို အချဉ်၊ နေကြာစေ့ သရေစာထုပ်များ စားသည်။ အနောက်တိုင်းသားက ဟော့ဒေါ့၊ ဟမ်ဘာဂါ၊ ပီဇာ စားသည်။ ဖျော်ရည်သောက်သည်။ တခုတော့ ပြောစရာရှိသည်။ ထိုအစာများက ကျန်းမာစေသည်မှန်သည်၊ ဒေါင်ဒေါင်မြည် ကျန်းမာပြီးကုမ္ပဏီကြီးပွားအောင် တိုင်းပြည်ဖွံဖြိုးအောင် လုပ်နိုင်မည်က မှန်ပေသည်။ သို့သော် မိမိရနိုင်သည့်လစာ၊ မိမိလုပ်ငန်းရှင်က ပေးနိုင်သောလစာသည် တောင်ဖြို နိုင်သည့်ခါချဉ်ကောင်၏ခါးမသန်ရသည့်အကြောင်းရင်း ခံပြချက်ဖြစ်နေခြင်းကား အကြီးဆုံး အခက် ပင်ဖြစ်ပေသည်။
နိုင်သစ်