အကောင်းမြင်စိတ်ဆိုသည်မှာ လူအများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသော စကားလုံးတစ်လုံးဖြစ်ပါသည်။ အကောင်းမြင်စိတ်ရှိခြင်းသည် စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ များစွာတိုးတက်စေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေကြပါသည်။ သို့ရာတွင် မမျှော်လင့်ထားသော စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အဆိုးမြင်တတ်သောသူများနှင့် ရင်ဆိုင်ရသည့်အခါများတွင်မူ အကောင်းမြင်စိတ်ကို ဆက်လက် ထိန်းသိမ်းထားရှိနိုင်ရန် မလွယ်ကူလှပါ။ ထို့ကြောင့် အကောင်းမြင်စိတ် အစဉ်အမြဲ ရရှိနိုင်စေရန် မိမိ၏ဦးနှောက်ကို အလေ့အကျင့်ပြု ပျိုးထောင်ပေးရန် လိုအပ်လာပါသည်။ အောက်ပါနည်းလမ်းများထဲမှ အချို့သည် အကောင်းမြင်စိတ်ကို တဖြည်းဖြည်း ကြီးထွားတိုးတက်စေရန် တစ်စုံတစ်ရာ အထောက်အကူပေးနိုင်မည်ဟု ယုံကြည်ပါသည်။
၁။ မသိစိတ်အတွင်း ကွယ်ဝှက်နေသော ဒဏ်ရာများကို ဖယ်ရှားရှင်းလင်းခြင်း
အကောင်းများကို ရရှိရန် အဆိုးများကို ဖယ်ရှားပစ်ရပါမည်။ တစ်ခါတစ်ရံ အတိတ်ကာလမှ တွေ့ကြုံခဲ့ရသော မကောင်းသောအရာများ၊ အတွေ့အကြုံများသည် အကောင်းမြင်စိတ်ကို အရှေ့ကနေ ကာဆီးထားတတ်ပါသည်။ ၎င်းတို့သည် စိတ်နှင့်ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် တွယ်ငြိတည်ရှိနေကာ မိမိဘဝ၏တိုးတက်အောင်မြင်မှုဆီသို့ သွားသည့်လမ်းကြောင်းတွင် ပိတ်ပင်တားဆီး နေတတ်ပါသည်။ ဘ၀ကို ဘယ်အရာမှ တစ်သမတ်တည်း တွက်ဆ၍ မရနိုင်ပါ။ အတိတ်တွင် မကောင်းသော အတွေ့အကြုံများ ကြုံတွေ့ခဲ့ရသော်လည်း ထိုအရာများသည် အမြဲတမ်း မကောင်းနိုင်ဟု တစ်ထစ်ချဆို၍ မရနိုင်ပါ။ ထို့ကြောင့် မကောင်းသည့် အတွေ့အကြုံများ၊ မှတ်ဉာဏ်များကို ခန္ဓာကိုယ်မှ ထွက်ခွာစွန့်လွှတ်နိုင်အောင် ကြိုးစားခြင်းအားဖြင့် မိမိဘဝတွင် အကောင်းမြင်စိတ်များ ပိုမိုလွှမ်းမိုးလာကာ ဘဝ၏ဦးတည်ရာဘက် သည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။
၂။ ကောင်းမွန်ခြင်းများရရှိစေရန် ကောင်းခြင်းများကို မျှဝေပါ
အကောင်းမြင်စိတ်ရှိစေရန် ကောင်းမွန်ခြင်းများ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်ပါသည်။ ကောင်းမွန်ခြင်းများ ပိုင်ဆိုင်နိုင်ရန် ကောင်းခြင်းများ ပြုလုပ်မျှဝေရန် လိုအပ်ပါသည်။ ကောင်းခြင်းများ များစွာရှိသည့်အနက် သူတစ်ပါးအား အကျိုးရှိစေရန် ကူညီပေးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သူတစ်ပါး၏ ကောင်းကျိုးများကို လုပ်ဆောင်ပေးခြင်းသည် အခြားသူများကို ပျော်ရွှင်စေနိုင်ရုံသာမက မိမိတို့ကိုယ်တိုင်လည်း ကြည်နူးမှုကို ရစေပါသည်။ မိမိ ကူညီပေးလိုက်သောသူသည် မိမိနှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးလျှင်တောင်မှ ကြည်နူးပျော်ရွှင်မှုကို ရစေပါသည်။ ထို့ပြင် အခြားသူများ၏ ကောင်းကြောင်းကို ပြောဆို ချီးမွမ်းသောအခိုက်အတန့် အနည်းငယ်မျှကပင် မိမိစိတ်ကို ပိုမိုကောင်းမွန် ကြည်နူးလာစေကာ မိမိ၏ခန္ဓာကိုယ်အတွင်းမှ မကောင်းသောအတွေးအခေါ်များ၊ မှတ်ဉာဏ်များကိုလည်း ပြေပျောက်စေရန် ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ မိမိဘဝတွင် စိတ်ဓါတ်ကျသောအချိန်တိုင်း၊ စိုးရိမ်ပူပန်မှုများသောအချိန်တိုင်း သို့မဟုတ် မျှော်လင့်ချက်မဲ့သည်ဟု ခံစားရသည့်အချိန်တိုင်း အခြားသူများအားကူညီပေးတတ်သော အလေ့အကျင့်တစ်ခု ပြုလုပ်ထားပါက များမကြာမီအချိန်တွင် မိမိဘဝ၏ဆိုးသောအချိန်ကာလများသည်လည်း တဖြည်းဖြည်း တိုတောင်း နည်းပါးလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထို့ပြင် အကောင်းမြင်စိတ်သည်လည်း ပိုမို တိုးပွားလာမည် ဖြစ်ပါသည်။
၃။ စိတ်ချမ်းသာစရာ ပျော်စရာကိစ္စများကိုသာ အာရုံစိုက်ပါ
တစ်ခါတစ်ရံ အဆိုးမြင်စိတ်များ များပြားနေခြင်းသည် မိမိတွင်ရှိသော ကောင်းမွန်သည့်အရာများ၊ သူတစ်ပါးထက် ကံကောင်းသည်ဟု ခေါ်ဆိုလို့ရသည့်အရာများကို ကောင်းစွာ သတိမပြုမိသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိမိဘဝကိုပျော်ရွှင်စေသော အကြောင်းခြင်းရာများကိုလည်း အာရုံစိုက်ခြင်းသည် အကောင်းမြင်စိတ်ကို မွေးမြူသည့်နေရာတွင် အထောက်အကူ တစ်စုံတစ်ရာပေးနိုင်ပါသည်။
ထိုသို့အာရုံစိုက်နိုင်ရန်အတွက် အလွန်ထိရောက်သော အလေ့အကျင့်တစ်ခု ပြုလုပ်နိုင်ပါသည်။ ထို အလေ့အကျင့်မှာ နေ့စဉ်မနက်အိပ်ရာနိုးသည့်အချိန်တိုင်းတွင် မိမိဘဝ၏ပျော်စရာကောင်းသော အချက် (၅) ချက်ကို မိမိ၏ဒိုင်ယာရီစာအုပ်ထဲတွင် ချရေးတတ်သောအလေ့အကျင့်ဖြစ်ပါသည်။
ထိုသို့ချရေးရာတွင် ကဏ္ဍအလိုက်ခွဲခြားကာ ချရေးမှတ်သင့်ပါသည်။ ဥပမာအားဖြင့် မိမိကိုပျော်ရွှင်စေသော အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရေးများအကြောင်း၊ မိမိပတ်ဝန်းကျင်တွင်ရှိသော မိမိကိုပျော်ရွှင်စေသည့်အရာများအကြောင်း၊ မိမိကိုယ်မိမိဂုဏ်ယူ၍ ယုံကြည်မှုရှိသော အချက်များအကြောင်း စသည်ဖြင့် ရေးချမှတ်သားနိုင်ပါသည်။ ထိုသို့ မိမိ၏ အားသာချက်များ၊ မိမိဘ၀တွင်ရှိသော ပျော်စရာကောင်းသည့် အချက်များအား ရေးချမှတ်သားမှုပြုလုပ်ခြင်းအားဖြင့် မိမိ၏ဦးနှောက်သည် အကောင်းမြင်သည့် လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းရောက်ရှိလာမည်ဖြစ်ပါ သည်။
အထက်ပါနည်းလမ်းများသည် အကောင်းမြင်စိတ်ကို မွေးမြူသည့်နည်းလမ်းများထဲမှ အချို့ဖြစ်ပါသည်။ ဤနည်းလမ်းများထဲမှ သင့်တော်ရာများကို အဆင်ပြေသလို အသုံးပြုခြင်းအားဖြင့် တစ်နေ့ထက်တစ်နေ့ အကောင်းမြင်စိတ်များ တိုးပွားလာနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။