ယေဘူယျအားဖြင့် လူတစ်ယောက်ရဲ့ အပြင်ပန်း ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ရုံနဲ့ ထိုသူက စိတ်ကြွရောဂါခံစားနေရလား၊ စိတ်ကျရောဂါ ခံစားနေရလားဆိုတာကို ထင်ထင်ရှားရှားသိနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ အဲ့လို အခြေအနေမျိုးက အရမ်းကို သိသာထင်ရှားလွန်းတဲ့ အခြေအနေမှာသာဖြစ်ပြီး ရောဂါဖြစ်ခါစ အခြေအနေများမှာတော့ သတိပြုမိရန် ခဲယဉ်းလှပါတယ်။
အချို့သောအပြုအမူ၊ အချို့သော ခံစားချက်တွေက စိတ်ကျခြင်း ဝေဒနာရဲ့ ကနဦးအစ ဖြစ်နိုင်ပါတယ်။ ထိုလက္ခဏာရပ်များ၊ ခံစားချက်များကို စောစောစီးစီး သတိပြုမိပါက ရောဂါအခြေအနေ ပိုမိုမဆိုးဝါးလာစေရန်အတွက် ထိုက်သင့်သော ကာကွယ်မှုများ၊ ကုသမှုများကို ပြုလုပ်နိုင်ပါတယ်။ ထို့ကြောင့် အဆိုပါ လက္ခဏာရပ်များကို ကြိုတင်သိရှိထားရန် အရေးကြီးလှပါတယ်။
၁။ ပျော်ရွှင်နှစ်သက်စွာ ပြုလုပ်လေ့ရှိသော အရာများကို ပြုလုပ်ရန်စိတ်မပါတော့ခြင်း
စိတ်ကျရောဂါတွင် တွေ့မြင်ရသော ကနဦးအစ လက္ခဏာတစ်ခုမှာ မိမိ ပျော်ရွှင်စွာ လုပ်ဆောင် ပါဝင်လေ့ရှိသော လုပ်ဆောင်မှုများကို ပြုလုပ်ရန် စိတ်မပါတော့ခြင်း ဖြစ်ပါသည်။ သွားလာရသည်ကို နှစ်သက်ပျော်ရွှင်လေ့ရှိသော နေရာများကို မသွားလာလိုတော့ခြင်း၊ တွေ့ဆုံရသည်ကို နှစ်သက်ပျော်ရွှင်လေ့ရှိသော လူများ၊ ပွဲလမ်းများကို မသွားလာ၊ မတွေ့ဆုံလိုတော့ခြင်း၊ ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့သော မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများနှင့် ဆက်သွယ်ပြောဆိုဆက်ဆံရန် စိတ်မပါတော့ခြင်း စသောအချက်များ ဖြစ်လာတတ်ပါတယ်။
ထိုသို့သော အခြေအနေမျိုးတွင် ခန္ဓာကိုယ်သည် အင်အားမရှိသကဲ့သို့ခံစားရခြင်း၊ သို့မဟုတ် ပြုလုပ်ရန် စိတ်ခံစားချက်ကင်းမဲ့နေခြင်း စသည်တို့ ကို ကြုံတွေ့ခံစားရတတ်ပါတယ်။ ဤအရာသည် စိတ်ကျခြင်းရောဂါ၏ ကနဦးအစ လက္ခဏာ ဖြစ်နိုင်သည့်အတွက်ကြောင့် သတိထားဆန်းစစ်ရန်လိုအပ်ပါသည်။
၂၊ အစဉ်အမြဲ အားအင်ကုန်ခမ်းနေသလို ခံစားနေရခြင်း
စိတ်ကျရောဂါ၏ နောက်ထပ် လက္ခဏာတစ်ရပ်မှာ ခြေကုန်လက်ပမ်းကျ အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရခြင်း ဖြစ်ပါတယ်။ နာရီပေါင်းများစွာ အိပ်ပြီးသည့်တိုင်အောင် ထိုကဲ့သို့ ခံစားနေရတတ်ပါတယ်။ ထို့ကြောင့် နိစ္စဒူဝ ပြုလုပ်ဆောင်ရွက်ရမည့် ကိစ္စဝိစ္စများကို စိတ်ပါလက်ပါ အင်ပြည့်အားပြည့်ဖြင့် ပုံမှန်အတိုင်းဆောင်ရွက်ရန် ခဲယဉ်းလာတတ်ပါသည်။ အိပ်ချင်စိတ်များ တစ်နေ့ကုန်ဖြစ်ပေါ်နေတတ်ပါတယ်။ သို့သော် မှိန်းပြီး၊ အိပ်စက်ပြီး နိုးထလာသော အချိန်များတွင်လည်း အင်အားမရှိသကဲ့သို့ ခံစားနေရပါတယ်။ ထို့ကြောင့် အလွန်အကျွံ အိပ်ခြင်းသည်လည်း စိတ်ကျခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။
၃။ အလွန်အမင်းရန်လို ဒေါသထွက်နေခြင်း
စိတ်ကျရောဂါ ခံစားလာရသည့်အခါမှာ တစ်ခါတစ်ရံ မိမိကိုယ်မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများအပေါ်တွင် အလွယ်တကူ ဒေါသထွက်၊ ရန်လိုလာတတ်ပါတယ်။ တစ်ခါတစ်ရံ ဤအခြင်းအရာကို ပုံမှန်ဒေါသကြီးခြင်းနှင့် လွဲမှားတတ်ပါတယ်။ အဓိက ကွာခြားချက်မှာ စိတ်ကျရောဂါတွင် သာမန်ဒေါသထွက် စိတ်ဆိုးစရာ မဟုတ်သည့် ကိစ္စများကို အလွန်အမင်း ဒေါသထွက် စိတ်ဆိုးနေခြင်းဖြစ်ပါတယ်။ အချို့လူများတွင် စိတ်ကျရောဂါ ခံစားသည့်အခါ တစ်ကိုယ်ထဲ ပိုမိုနေထိုင်တတ်လာခြင်း၊ အရှက်အကြောက် ပိုမိုကြီးလာခြင်း စသည်တို့ ဖြစ်လေ့ရှိသော်လည်း စိတ်ကျရောဂါဖြစ်တိုင်း အမြဲတမ်း ထိုကဲ့သို့ ဖြစ်နေမည်ဟု မှတ်ယူ၍မရနိုင်ပါ။ အချို့လူများတွင် စိတ်ကျရောဂါဖြစ်သောအခါ ယခင်ကထက် ပိုမိုဒေါသကြီးလာတတ်ကြောင်း သတိပြုရန် လိုအပ်ပါသည်။
အထက်ပါအချက်များသည် စိတ်ကျရောဂါဖြစ်သော ကနဦးအစတွင် တွေ့ရလေ့ရှိသော လက္ခဏာများထဲမှ အချို့ဖြစ်ပါသည်။ ထို လက္ခဏာများကို စောစီးစွာ သတိပြုမိပါက သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သောကုသမှုများကို ခံယူသင့်ပါသည်။