ခန္ဓာကိုယ်တွင်ရှိသော အဆစ်အမြစ်များသည် ကာလရှည်ကြာစွာ ခန္ဓာကိုယ်၏ အလေးချိန်နှင့် ဖိအားများကို ထမ်းရွက်ထားကြရသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဖြစ်ကြပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဒဏ်ဖြစ်ခြင်း အပါအဝင် အခြားသော အကြောင်းများကြောင့် ကိုက်ခဲနာကျင်လာကြပါသည်။
အဆစ်အမြစ်များ နာကျင်ကိုက်ခဲသောအခါ မအီမသာဝေဒနာများကိုခံစားရသည့်အပြင် သွားလာလှုပ်ရှားမှုတွင်လည်း များစွာအနှောင့်အယှက်၊ အဟန့်အတားတစ်ခု ဖြစ်လာစေပါသည်။
ထို့ကြောင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲမှုလျော့နည်းစေ၍ ပိုမိုတက်ကြွစွာ သွားလာလှုပ်ရှားနိုင်စေရန်အတွက် ကောင်းမွန်သည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ရပါသည်။
၁။ ကိုယ်အလေးချိန်လျှော့ချပါ
ကိုယ်အလေးချိန်လျှော့ချခြင်းသည် အဆစ်အမြစ်များ နာကျင်ကိုက်ခဲမှုကို သက်သာစေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက်လည်း လွန်စွာမှ အကျိုးရှိပါသည်။
လိုအပ်သည်ထက်ပို၍ ကိုယ်အလေးချိန်များပြားနေခြင်းက ခြေထောက်၊ ဒူးခေါင်းနှင့် တင်ပါးဆုံတို့တွင် ရှိသော အဆစ်အမြစ်များကို အလေးချိန်ဖိအားများ ပိုမို ထမ်းဆောင်ရစေပါသည်။
ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ချလိုက်ခြင်းအားဖြင့် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေသည့်အပြင် လှုပ်ရှားဆောင်ရွက်မှုများကို ပိုမို သွက်လက်လာစေပါသည်။ ထို့ပြင် အဆစ်အမြစ် မျက်နှာပြင်များ ပွန်းတိုက်၊ ကျိုးပဲ့၊ ဒဏ်ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
၂။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်း၏ ကောင်းကျိုးတစ်ခုမှာ ကိုယ်အလေးချိန်များလျော့ကျလာသဖြင့် အဆစ်အမြစ်များ ထမ်းဆောင်ထားရသည့် ဖိအားများ၊ ဝန်များကို လျော့နည်းသက်သာလာစေခြင်းပင် ဖြစ်ပါသည်။
သို့သော် အဆစ်အမြစ်ကိုက်ခဲနေသူများအတွက် ပြေးခြင်းကဲ့သို့သော အနည်းငယ် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများသည် သင့်တော်ခြင်းမရှိပေ။
ရေကူးခြင်းကဲ့သို့သော ရေတွင်လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းများ၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းစသည့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများကိုသာ ပြုလုပ်ပေးသင့်ပါသည်။
၃။ ခန္ဓာကိုယ်အနေအထားကို ဂရုပြုပါ
လေ့ကျင့်ခန်းပြုလုပ်ခြင်းအပြင် ဂရုပြုရမည့်အခြားသော နည်းလမ်းတစ်ခုမှာ ခန္ဓာကိုယ်အနေအထားပင် ဖြစ်ပါသည်။ ခန္ဓာကိုယ်ပုံစံတစ်မျိုးတည်းတွင် အချိန်များစွာကြာအောင်နေခြင်း၊ ထိုင်ခြင်းမျိုး မပြုလုပ်ဘဲ တစ်နာရီတွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပုံစံပြောင်းပေးခြင်း၊ ကိုယ်လက်အကြောအခြင်များ ဖြေလျော့ပေးခြင်း၊ ဟိုဟိုဒီဒီ လမ်းလျှောက်ပေးခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။
၄။ အစားအစာများကို ဂရုပြုပါ
ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အစားအစာကို ဂရုပြု၍စားသောက်ခြင်းသည်လည်း လေ့ကျင့်ခန်းပြုလုပ်သည့် နည်းလမ်းကဲ့သို့ပင် အဆစ်အမြစ်များ နာကျင်မှုကို သက်သာစေပါသည်။
ထို့ပြင် အစားအစာများတွင်ပါဝင်သော Omega-3 Fatty Acids ကဲ့သို့သော အာဟာရဓာတ်များသည် အဆစ်အမြစ်နာကျင်မှုကို သက်သာပျောက်ကင်းစေနိုင်သော အစွမ်းသတ္တိများရှိပါသည်။
၅။ ဆေးဝါးများကို သုံးစွဲပါ
အထက်ပါနည်းလမ်းများဖြင့် ကြိုးစားကြည့်ပြီးနောက် အဆစ်အမြစ် နာကျင်ခြင်း လုံလောက်အောင် မသက်သာသေးပါက ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် နာကျင်ကိုက်ခဲမှုကို သက်သာစေသည့် သောက်ဆေးများ၊ လိမ်းဆေးများကို အသုံးပြုနိုင်ပါသည်။
Author: Dr. မွန်