Omega-3 Fatty Acid တစ်မျိုးဖြစ်တဲ့ DHA ရဲ့ ကောင်းကျိုးများထဲမှ အချို့ကို အပိုင်း ၁ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ယခု အပိုင်း ၂ မှာ ကျန်ရှိတဲ့ ကောင်းကျိုးများကို ဆက်လက် ဖော်ပြဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
နာကျင်ရောင်ရမ်းမှုများကို လျော့ကျစေခြင်း
DHA ကဲ့သို့သော Omega-3 အဆီများသည် နာကျင်ရောင်ရမ်းမှုများကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိများ ရှိပါသည်။
DHA ၏ နာကျင်ရောင်ရမ်းမှုများကို သက်သာစေသည့် ဂုဏ်သတ္တိသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ပိုမိုဖြစ်ပွားတတ်သည့် နှလုံးရောဂါ၊ သွားဖုံးရောဂါ စသည့် ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည့်အပြင် သွေးလေးဘက်နာကဲ့သို့သောရောဂါများ၏ အခြေအနေကိုလည်း သက်သာစေနိုင်ပါသည်။
ထို့ပြင် DHA သည် လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် ကြွက်သားများပြန်လည် ကောင်းမွန်လာရေးကို အထောက်အကူပေးနိုင်ပါသည်။
ပြင်းထန်သော လေ့ကျင့်ခန်းများသည် ကြွက်သားများရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ DHA တွင် နာကျင်ရောင်ရမ်းမှုကို သက်သာစေသည့် အစွမ်းသတ္တိရှိသောကြောင့် ကြွက်သားများနာကျင်ခြင်းနှင့် သွားလာလှုပ်ရှားမှုများတွင် အနှောင့်အယှက်များဖြစ်နေခြင်းကို သက်သာစေအောင် ပြုလုပ်ပေးနိုင်ပါသည်။
သွေးပေါင်ချိန်ကိုလျော့နည်းစေ၍ သွေးလှည့်ပတ်မှုကို ထောက်ပံ့ပေးခြင်း
DHA သည် သွေးကြောအတွင်းလွှာများ၏ ကျုံ့နိုင်ဆန့်နိုင်သည့် အရည်အသွေးကို တိုးတက်စေခြင်းအားဖြင့် သွေးလှည့်ပတ်စီးဆင်းမှုကောင်းမွန်စေရန် အထောက်အပံ့ ပေးနိုင်ပါသည်။
ကင်ဆာရောဂါများဖြစ်နိုင်သည့်အလားအလာများကို လျော့ချပေးခြင်း
နာတာရှည်ရောင်ရမ်းခြင်းသည် ကင်ဆာရောဂါဖြစ်စေနိုင်သည့် အကြောင်းအချက်တစ်ခုပင် ဖြစ်ပါသည်။
DHA ကဲ့သို့သော Omega-3 အဆီများ ပမာဏအများအပြားကို သောက်သုံးခြင်းသည် အူမကြီးကင်ဆာ၊ ပန်းကရိယကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာများ ဖြစ်နိုင်သည့် အလားအလာများကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် ကင်ဆာဆဲလ်များ၏ ကြီးထွား ပွားများမှုကိုလည်း တားဆီးပေးနိုင်ကြောင်းတွေ့ရှိရသည့်အပြင် ကင်ဆာရောဂါ ကုသသည့်ဆေးများကိုလည်း ပိုမို အစွမ်းထက်မြက်လာစေရန်လည်း DHA က လုပ်ဆောင်ပေးနိုင်ကြောင်း တွေ့ရပါသည်။