DHA ဆိုသည်မှာ Omega-3 Fatty Acids တစ်မျိုးဖြစ်ပါတယ်။
ကလေးများရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသော အာဟာရဓါတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။
အထူးသဖြင့် ကလေးများရဲ့ အမြင်အာရုံ ဖွံ့ဖြိုး တိုးတက်မှုနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေကြီးလှတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။
အမြင်အာရုံပိုင်းဆိုင်ရာအတွက် အရေးကြီးမှု
မျက်လုံးအိမ်ထဲတွင် အမြင်အာရုံအတွက်အရေးကြီးသော မြင်လွှာဆိုသည့် အင်္ဂါအစိတ်အပိုင်းတစ်ခု ရှိပါသည်။
၎င်းမြင်လွှာပေါ်တွင် ကတော့ပုံသဏ္ဍာန်နှင့် တုတ်ချောင်းပုံသဏ္ဍာန် အလင်းလက်ခံဆဲလ်များ ရှိပါသည်။ ထိုအလင်းလက်ခံဆဲလ်များ၏ လုပ်ဆောင်ချက်များဖြင့် မျက်လုံးသည် ပုံရိပ်များကို လက်ခံရရှိခြင်းဖြစ်ပါသည်။
DHA သည် မျက်လုံးထဲတွင်ရှိသော တုတ်ချောင်းပုံသဏ္ဍာန် အလင်းလက်ခံဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေရန် အကူအညီများစွာပေးပါသည်။
အထူးသဖြင့် ကလေးများတွင် DHA ချို့တဲ့ခြင်းဖြစ်ပွားသောအခါ မျက်လုံးနှင့် သက်ဆိုင်သည့် ပြဿနာများကို ဖြစ်ပွားလာစေပါသည်။ ထို့ကြောင့် ကလေးများကို DHA ကြွယ်၀သော အစားအစာများနှင့် ဖြည့်စွက်အာဟာရ နို့မှုန့်များကို ကျွေးမွေးသင့်ပါသည်။
ဦးနှောက်ပိုင်းဆိုင်ရာအတွက်အရေးကြီးမှု
DHA သည် ကလေးများ၏ ဦးနှောက်အပေါ်တွင်လည်း များစွာအကျိုးကျေးဇူးပြုပါသည်။ DHA ပါဝင်သော အစားအစာများနှင့် ဖြည့်စွက်အာဟာရများကို စားသုံးခြင်းအားဖြင့် ကလေးငယ်များတွင် မှတ်ဉာဏ်ဆိုင်ရာ ပိုမိုတိုးတက်လာခြင်း၊ သင်ယူလေ့လာမှုဆိုင်ရာ ပိုမိုပြုလုပ်လာနိုင်ခြင်းနှင့် စကားဆက်သွယ်ပြောဆိုခြင်းများတွင် ပိုမိုတိုးတက်လာခြင်း စသည့်အချက်များကို တွေ့ရှိရပါသည်။
ထို့ကြောင့် ဉာဏ်ရည်ထက်မြက်သော ကလေးငယ်များဖြစ်စေရန်အတွက် DHA ကို မချို့တဲ့စေရန် ဖေဖေ၊ မေမေတို့ အနေဖြင့် ဂရုစိုက်ပေးသင့်လှပါသည်။
ထို့ပြင် DHA သည် အသက်အရွယ်ကြီးရင့်လာသော ဦးနှောက်များအတွက်လည်း ကောင်းကျိုးရှိပါသည်။ အသက်အရွယ် ကြီးရင့်လာသောအခါတွင် ဦးနှောက်အတွင်းတွင် ဓာတ်တိုး ဖိစီးမှုများ များပြားလာခြင်း၊ စွမ်းအင် ဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲလာခြင်းနှင့် DNA များ ပျက်စီးလာခြင်းစသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေ့ရှိပါသည်။
ထို့အပြင် ဦးနှောက်၏ အရွယ်အစား၊ အလေးချိန်နှင့် အဆီပါဝင်ဖွဲ့စည်းတည်ဆောက်ပုံတို့သည်လည်း ပြောင်းလဲလာကြပါသည်။
ထိုသို့ ဦးနှောက်၏ ပြောင်းလဲမှုများသည် DHA ချို့တဲ့သောအခါ ပိုမိုဖြစ်ပွားတတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကလေးများအတွက် သာမက လူကြီးများအတွက်လည်း DHA က လွန်စွာမှ အရေးပါလှပါသည်။
ဤနည်းလမ်းများအားဖြင့် DHA သည် ဦးနှောက်နှင့် အမြင်အာရုံပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်စေပါသည်။