ကြက်ညှာချောင်းဆိုးရောဂါသည် နှာခေါင်းနှင့် လည်ချောင်းအတွင်းသို့ ဘက်တီးရီးယားရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားသောရောဂါဖြစ်ပါသည်။ ၎င်းသည်အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့်ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါဖြစ်ပွားသော အစပိုင်းအချိန်တွင် ရောဂါလက္ခဏာများသည် ပုံမှန်အအေးမိသည့် ရောဂါလက္ခဏာများနှင့် ဆင်တူပါသည်။
– ချောင်းအနည်းငယ်ဆိုးခြင်း
– နှာစေးခြင်း၊ နှာရည်ယိုခြင်း
– အဖျားအနည်းငယ်ရှိခြင်း (၁၀၂° ဖာရင်ဟိုက်အောက်)
– တစ်ခါတစ်ရံ ဝမ်းလျှောခြင်း စသည်တို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
၇ ရက်မှ ၁၀ ရက်ခန့်ကြာပြီးနောက်တွင် ချောင်းဆိုးခြင်းသည် ပိုမိုဆိုးရွားလာတတ်ပါသည်။ ထို့အပြင် အသက်ရှူရန်အတွက် ပိုမိုခက်ခဲလာတတ်ပြီး အသက်ရှူရန် ပြင်းပြင်းထန်ထန် ကြိုးစားရလေ့ရှိပါသည်။
ချောင်းဆိုးခြင်းသည် သလိပ်မထွက်သော ချောင်းခြောက် အမျိုးအစားဖြစ်ပြီး တစ်ခါဆိုးလျှင် တစ်မိနစ်ခန့်အထိ ကြာတတ်ပါသည်။ တစ်ခါတစ်ရံ မျက်နှာနီရဲလာခြင်း၊ ပြာနှမ်းလာခြင်း စသည့်လက္ခဏာများပေါ်ပေါက်လာတတ်ပါသည်။
ကြက်ညှာချောင်းဆိုးခံစားရသော အချို့လူနာများတွင် ချောင်းဆိုးခြင်းမဖြစ်ပေါ်တတ်ကြပါ။ ကလေးများတွင်လည်း တစ်ခါတစ်ရံ ချောင်းဆိုးခြင်း မဖြစ်တတ်ပါ။ သို့သော် ထိုသို့ ချောင်းဆိုးခြင်း မဖြစ်ပေါ်သည့်တိုင် အသက်ကို အငမ်းမရရှူသွင်းခြင်း၊ တစ်ခါတစ်ရံ အော့အန်ခြင်းများတော့ ဖြစ်ပေါ်တတ်ပါသည်။
နောက်ဆက်တွဲပြဿနာများ
ပြင်းထန်စွာချောင်းဆိုးခြင်းသည် ကလေးများ အထူးသဖြင့် အသက် ၆ လ အောက်ကလေးများတွင် အောက်ဆီဂျင်လုံလောက်စွာ မရရှိခြင်းကို ဖြစ်စေနိုင်သောကြောင့် အန္တရာယ်ရှိသည့် အနေအထားတစ်ခုဖြစ်ပါသည်။
အခြားနောက်ဆက်တွဲပြဿနာများမှာ
- ဦးနှောက်ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ဦးနှောက်အတွင်းသွေးယိုခြင်း၊
- နမိုးနီးယားဖြစ်ခြင်း၊
- တက်ခြင်း၊
- အိပ်နေစဉ် အသက်ရှူခဏ ရပ်တန့်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပါသည်။
ကလေးများ အထူးသဖြင့် အသက် ၁၈ လ အောက်ကလေးများတွင် ကြက်ညှာချောင်းဆိုးနေစဉ် အချိန်အတွင်း အသက်ရှူရပ်တတ်သည့် ပြဿနာရှိနိုင်သောကြောင့် ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်ပါသည်။
ပြင်းထန်ဆိုးရွားသော ကြက်ညှာချောင်းဆိုးဖြစ်သည့် ကလေးငယ်များကို ဆေးရုံတင်၍ ပြုစုကုသရန်လိုအပ်ပါသည်။
ထိုသို့အနီးကပ်ပြုစုကုသပေးသည့်လူများအားလုံးသည် ကြက်ညှာချောင်းဆိုးကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ရန် လိုအပ်ပါသည်။
ပြင်းထန်သော ချောင်းဆိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ
- ဝမ်းဗိုက်ဧရိယာတွင် အူကျွံခြင်း၊
- သွေးကြောများ ပြတ်တောက်ခြင်း၊
- နံရိုးများ ဒဏ်ဖြစ်ခြင်း၊
- ဆီးသွားမှုကို ထိန်းချုပ်ရန်ခက်ခဲခြင်း၊
- အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း စသည်တို့ဖြစ်ကြပါသည်။
Author : Dr. မွန်