စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများသည် လူအများစု ကြုံတွေ့ဖူးကြသည့် ပြဿနာများဖြစ်ကြပါသည်။ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသောသူအားလုံး၏ ၇၀% ခန့်သည် နေ့စဉ်စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများအား ကြုံတွေ့နေကြရသည်ဟု ခန့်မှန်းထားကြပါသည်။
အောက်ပါနည်းလမ်းများသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ပြေလျော့သက်သာစေသည့် နည်းလမ်းများဖြစ်ကြပါသည်။
၁။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို ခုခံတိုက်ထုတ်ရန်အတွက် အရေးပါသောအရာများထဲမှ တစ်ခုဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သူများသည် မပြုလုပ်သောသူများနှင့် နှိုင်းယှဉ်လျှင် စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများ ပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။
ထိုသို့ နည်းပါးခြင်းကို ဖြစ်စေရခြင်းမှာ အောက်ပါတို့ကြောင့် ဖြစ်ပါသည်။
(က) စိတ်ဖိစီးမှုဟော်မုန်းများ(Stress Hormones)
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် Cortisol ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများ ထွက်ရှိခြင်းကို လျော့နည်းစေ၍ စိတ်အခြေအနေကို တိုးတက်ကောင်းမွန်စေသည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သော Endorphins ထုတ်လုပ်မှုကို ကူညီပေးပါသည်။ Endorphins သည် စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးကူညီပေးသည့်အပြင် နာကျင်မှုကို သက်သာစေသည့် သဘာဝပစ္စည်းတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးပါသည်။
(ခ) အိပ်စက်ခြင်း
စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များ များပြားသောအခါ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတတ်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အိပ်စက်မှု အရည်အသွေးများကိုလည်း တိုးတက်စေရန် ကူညီပေးပါသည်။
(ဂ) ယုံကြည်မှု
လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုများကို ပိုမိုတိုးပွားလာစေသည့်အတွက် စိတ်ခံစားမှုအခြေအနေများကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
၂။ ကဖင်းဓာတ်သောက်သုံး၊ စားသုံးမှုကို လျှော့ချပါ။
ကဖင်းဓာတ်သည် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်နှင့် အားဖြည့်အချိုရည်များတွင် တွေ့ရှိရသည့် စိတ်တက်ကြွစေသည့် ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ကဖင်းဓာတ်ပါဝင်သော အစားအစာများအား အလွန်အကျွံသောက်သုံးခြင်း၊ စားသုံးခြင်းသည် စိုးရိမ်ပူပန်စိတ်ကို များပြားလာစေပါသည်။
ထိုသို့ ကဖင်းဓါတ်အလွန်အကျွံဖြစ်သည်ဆိုသောပမာဏကို သတ်မှတ်ရာတွင် လူတစ်ဦးနှင့်တစ်ဦးအတွက် မတူညီနိုင်ပေ။ အကြမ်းဖျင်းအားဖြင့် ကဖင်းဓာတ်ပါသော အစားအစာများကို စားသောက်ပြီးနောက် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်စိတ်များ၊ မအီမသာဖြစ်ခြင်းများ ဖြစ်သည်ဟု ယူဆပါက ကဖင်းဓာတ်ပါသော အစားအစာများကို လျှော့ချဖြတ်တောက်ရန် လိုအပ်ပါသည်။
၃။ စိတ်ခံစားချက်များကို ချရေးပါ
စိတ်ဖိစီးမှုများကိုလျော့နည်းစေသည့် နည်းလမ်းတစ်ခုမှာ မိမိ၏ စိတ်ခံစားချက်များကို ချရေးခြင်းဖြစ်ပါသည်။ ထိုသို့ ချရေးသောအခါ မိမိကို စိတ်ဖိစီးမှုဖြစ်စေသည့် အရာများကို ချရေးသင့်သကဲ့သို့ မိမိဘဝတွင် ကြုံတွေ့ရသည့် ကောင်းမွန်သည့်အရာများ၊ ကျေးဇူးတင်ထိုက်သည့် အရာများကိုလည်း ချရေးသင့်ပါသည်။
ထိုသို့ ကောင်းမွန်သည့် အရာများကို အသိအမှတ်ပြုခြင်း၊ ကျေးဇူးတင်သင့်သည့် အရာများကို ကျေးဇူးတင်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကို လျော့နည်းသက်သာစေသည့်အပြင် မိမိဘဝ၏ ကံကောင်းမှုများကို ပိုမိုအာရုံစူးစိုက်နိုင်စေရန် ကူညီပေးနိုင်ပါသည်။
၄။ မိသားစုများ သူငယ်ချင်းများအတွက် အချိန်ပိုပေးပါ
မိသားစုများ၊ သူငယ်ချင်းများစသည်တို့နှင့် လူမှုဆက်သွယ်ဆက်ဆံရေးများအတွက် အချိန်ပိုမိုပေးခြင်းသည် စိတ်ဖိစီးမှုဖြစ်စေခြင်းများကို လျော့နည်းစေရန် ကူညီပေးနိုင်ပါသည်။
ထို့ပြင် သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များ စသည့် လူမှုအဖွဲ့အစည်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်ဟူသော ခံစားချက်သည် စိတ်ဖိစီးမှုကိုသက်သာစေသည့် Oxytocin ဟော်မုန်းထွက်ရှိခြင်းကို ကူညီပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
အခြားလေ့လာတွေ့ရှိချက်အရ လူမှုဆက်ဆံရေးနည်းပါးသော သူများသည် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
၅။ ရယ်မောပါ
ရယ်မောနေသည့်အခါ စိုးရိမ်ပူပန်စိတ်များ အလွယ်တကူမဖြစ်ပေါ်နိုင်ပါ။ ထို့ပြင် ရယ်မောခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသကဲ့သို့ စိတ်ဖိစီးမှုများကိုလည်း သက်သာစေပါသည်။ ထို့အပြင် ကြွက်သားများအား၏ တင်းအားများကိုလည်း ပြေလျော့စေနိုင်ပါသည်။
ထို့ပြင် ရေရှည်တွင် ခန္ဓာကိုယ်၏ ခုခံအားစနစ်နှင့် စိတ်အခြေအနေများကိုလည်း တိုးတက်ကောင်းမွန်စေရန် ကူညီပေးပါသည်။
၆။ တရားထိုင်ပါ
တရားထိုင်ခြင်းသည် အတိတ်နှင့် အနာဂတ်အကြောင်းကို မတွေးတောဘဲ ပစ္စုပ္ပန်တည့်တည့်တွင် စိတ်ကိုတည်ရှိနေအောင် လေ့ကျင့်ခြင်းဖြစ်သည့်အတွက် စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များကို လျော့နည်းသက်သာစေနိုင်ပါသည်။
မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ တရားထိုင်ခြင်းသည် မိမိကိုယ်မိမိ အထင်ကြီးလေးစားစိတ်များ၊ ကျေနပ်တင်းတိမ်စိတ်များကို ပိုမိုဖြစ်ပေါ်စေ၍ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်ပွားနိုင်သည့် လက္ခဏာများကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
၇။ ငြိမ့်ညောင်းသည့် ဂီတသံများကိုနားထောင်ပါ
သာယာငြိမ့်ညောင်းသည့် တေးဂီတသံများနှင့် မိမိနှစ်သက်သည့် သီချင်းများကို နားထောင်ခြင်းသည် ခန္ဓာကိုယ်၏ ဖိအားများ၊ တင်းအားများကို ပြေလျော့စေ၍ သွေးဖိအားများကိုလျော့နည်းစေခြင်း၊ နှလုံးခုန်နှုန်းများကို နှေးကွေးစေခြင်းနှင့် စိတ်ဖိစီးမှုဟော်မုန်းများ ထွက်ခြင်းကို ပိုမိုနည်းပါးစေခြင်းကြောင့် စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များကို နည်းပါးစေပါသည်။
Author : Dr. မွန်