မျက်နှာအရေပြားတွန့်ခြင်းသည် လူတိုင်းမလိုချင်သောအရာတစ်ခု ဖြစ်ပါသည်။ မျက်နှာအရေပြား တွန့်ခြင်းနှင့် ပတ်သက်၍ သိရှိသင့်သည်များကို သိရှိထားပါက မျက်နှာအရေပြားတွန့်ခြင်းကို အတိုင်းအတာ ပမာဏတစ်ခုအထိ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
အောက်ဖော်ပြပါအချက်များသည် မျက်နှာအရေပြားတွန့်ခြင်းကို ဖြစ်စေသော အဓိကအရေးပါသော အကြောင်းရင်းများဖြစ်ကြပါသည်။
( ၁ ) အသက်အရွယ်ကြီးလာခြင်း။
အသက်အရွယ်အိုမင်းကြီးရင့်လာခြင်းသည် မျက်နှာအရေပြားတွန့်လာခြင်း၏ သဘာ၀အကြောင်းရင်းတစ်ချက် ဖြစ်ပါသည်။
အသက်အရွယ်ကြီးလာသောအခါ မျက်နှာအရေပြားမှ အဆီဓာတ်ထုတ်လုပ်ခြင်း လျော့နည်းလာ သည့်အတွက် အရေပြားခြောက်သွေ့လာပြီး အရေပြားတွင် အရေးအကြောင်းများဖြစ်လာပါသည်။
( ၂ ) ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုများခြင်း။
နေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများခြင်းသည် မျက်နှာအရေပြားတွန့်ခြင်း၏ အဓိကအကြောင်းရင်းများမှ တစ်ချက်ဖြစ်ပါသည်။
ထို့ကြောင့် နေရောင်ခြည်ကာကွယ်သော လိမ်းဆေးခရင်မ်များကို လိမ်းခြင်းဖြင့် မျက်နှာအရေပြားတွန့်ခြင်းကို ကာကွယ်ရန်လိုအပ်ပါသည်။
( ၃ ) ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရဓာတ် ပြည့်၀စွာ စားသုံးမှု မရှိခြင်း။
ကော်လာဂျင်ဓာတ်သည် အသားအရေတင်းရင်းချောမွေ့စေခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ ထိုကော်လာဂျင်ဓာတ်သည် အဓိကအားဖြင့် ရေဓာတ်ဖြင့် ဖွဲ့စည်းထားသဖြင့် ရေဓာတ်လုံလောက်မှုမရှိခြင်းသည် အရေပြားတွန့်ခြင်းကို ဖြစ်စေသည့်အချက် ဖြစ်လာပါသည်။
ထို့ပြင် ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်၀စွာစားသုံးခြင်းဖြင့်လည်း အရေပြားတွင် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်သည့်အတွက် မျက်နှာအရေပြားတွန့်ခြင်းအား ကာကွယ်နိုင်ပါသည်။
( ၄ ) ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ခြင်းသည် မျက်နှာအရေပြားတွန့်ခြင်း အပါအဝင် အခြားအရေပြား ပြဿနာ များစွာကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ဆဲလ်များတွင် Free Radicals များ အရေအတွက် များပြားလာသည့်အတွက် အရေပြားအိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
မျက်နှာအရေပြားတွန့်ခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းများ။
အောက်ပါနည်းလမ်းများသည် မျက်နှာအရေပြားတွန့်ခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းများဖြစ်ကြပါသည်။
( ၁ ) အရေပြားထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပါ။
နေရောင်ခြည်နှင့် ထိတွေ့သည့်အချိန်တိုင်းတွင် နေရောင်ကာခရင်မ်လိမ်းဆေးများကို လိမ်းပါ။ ဦးထုပ် သို့မဟုတ် ထီးဆောင်းပါ။ သို့မှသာ နေရောင်ခြည်မှ ရရှိသော ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
( ၂ ) မျက်နှာရေဓာတ်ဖြည့်ပေးသောလိမ်းဆေးများကို လိမ်းပါ။
မျက်နှာရေဓာတ်ဖြည့်ပေးသော လိမ်းဆေးများသည် မျက်နှာ အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးခြင်းဖြင့် မျက်နှာအရေးကြောင်းများဖြစ်ခြင်းကို တားဆီးပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
( ၃ ) ရေများများသောက်ပြီး Antioxidants ကြွယ်၀သော အစားအစာများစားသုံးပါ။
တစ်နေ့လျှင် ရေအနည်းဆုံး ( ၂ ) လီတာခန့်သောက်ခြင်းသည် မျက်နှာအရေပြားကို စိုပြည်နူးညံ့စေကာ အရေးအကြောင်းများဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။
ထို့ပြင် Antioxidants ကြွယ်၀သော အစားအစာများကို စားသုံးခြင်းဖြင့်လည်း မျက်နှာအရေးအကြောင်းများဖြစ်ခြင်း၊ မျက်နှာအရေပြားတွန့်ခြင်းမှ ကာကွယ်နိုင်ကြောင်းတွေ့ရှိ ရပါသည်။
Antioxidants ကြွယ်၀သော အစားအစာများမှာ ဘယ်ရီသီးများ၊ ချယ်ရီသီးများနှင့် အစိမ်းရင့်ရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။
မျက်နှာအရေပြားတွန့်ခြင်းကို သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ
မျက်နှာအရေပြားတွန့်ခြင်းကို အောက်ပါနည်းလမ်းများဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၁ ) ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးပါ။
ရှားစောင်းလက်ပပ်သည် အရေပြားတင်းရင်းမှုအတွက် အရေးပါသော ကော်လာဂျင်ဓာတ် နှင့် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်သည့် အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။
( ၂ ) သခွားသီးဒိန်ချဥ်တို့နှင့် ပြုလုပ်ထားသော Mask ကိုအသုံးပြုပါ။
သခွားသီးတွင် အရေပြားအိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်သော Free Radicals များကို ဓာတ်ပြယ်စေသည့်အပြင် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သော ဂုဏ်သတ္တိလည်းရှိကြောင်းတွေ့ရှိရပါသည်။
ထို့အတူ ဒိန်ချဉ်တွင်လည်း အသားအရေအတွက်လိုအပ်သော အာဟာရဓာတ်များစွာပါဝင်သဖြင့် မျက်နှာအရေးအကြောင်းများကို ကာကွယ်ရန် သခွားသီး၊ ဒိန်ချဉ်တို့နှင့် ပြုလုပ်ထားသော Mask ကို တစ်ပတ်တစ်ခါ အသုံးပြုသင့်ပါသည်။
( ၃ ) အရေပြားကို နှိပ်နယ်ပေးပါ။
မျက်နှာကို တစ်နေ့လျှင် ၅မိနစ်ခန့်ကြာအောင် နှိပ်နယ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေး သည့်အပြင် အရေပြားချောမွေ့ခြင်းအတွက် လိုအပ်သော ပရိုတင်းဓာတ်များကိုလည်း ဖြည့်ဆည်းပေးနိုင်ပါသည်။
( ၄ ) Vitamin C လိမ်းဆေးလိမ်းပါ။
Vitamin C သည် အရေပြားရေဓာတ်ဖြည့်ပေးခြင်း၊ ကော်လာဂျင်ဓာတ်ကို ဖြည့်ဆည်းပေးခြင်းနှင့် ရောင်ရမ်းခြင်းများကို သက်သာစေခြင်းဖြင့် မျက်နှာအရေးအကြောင်းများနှင့် အရေပြားပျက်စီးခြင်းများ ကို ကာကွယ်ပေးပါသည်။
( ၅ ) ငှက်ပျောသီးဖြင့် ပြုလုပ်ထားသော Mask ကို အသုံးပြုပါ။
ငှက်ပျောသီးတွင် ပါဝင်သော ဗီတာမင်အာဟာရဓာတ်များသည် မျက်နှာအရေးအကြောင်းများ ဖြစ်ခြင်းမှ ကောင်းစွာကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
၎င်းတွင်ပါဝင်သော Vitamin A သည် မျက်နှာပေါ်ရှိ အမည်းစက်၊ အမည်းကွက်များကို သက်သာစေပြီး Vitamin B သည် အရေပြားအိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်းလေ့လာချက်များအရ တွေ့ရှိရပါသည်။
ထို့ပြင် ငှက်ပျောသီးတွင် ကြွယ်၀စွာ ပါဝင်သော Vitamin E သည် Free Radicals များကြောင့် အရေပြားပျက်စီးခြင်းကိုလည်း တားဆီးပေးနိုင်ပါသည်။
ထို့ကြောင့် ငှက်ပျောသီးဖြင့်ပြုလုပ်သော Mask များကို တစ်ပတ်တစ်ခါ အသုံးပြုခြင်းဖြင့် အရေပြားတွန့်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။