မိမိကလေးရဲ့ တဟွတ်ဟွတ်ချောင်းဆိုးသံဟာ မိဘတွေအတွက်တော့ စိတ်မချမ်းသာစရာ အသံပါပဲ။ ယခုလိုမျိုး ဆောင်းရာသီမှာ ရာသီဥတုကြောင့် ချောင်းဆိုး၊ ချွဲကြပ်တာတွေ ပိုဖြစ်တတ်တော့ ပိုပြီး စိတ်ပူကြရတာအမှန်ပါ။ ဒါကြောင့် ချောင်းဆိုးနေတဲ့ ကလေးကို ဘယ်လို ပြုစုသင့်သလဲ ဆိုတာလဲ ပြောပြပေးချင်ပါတယ်။
ကလေး ချောင်းဆိုးပြီဆိုရင် အရေးကြီးတာက ဆေးရုံသွားသင့်သလား၊ အိမ်မှာ မိမိဘာသာ ပြုစုလို့ရမယ့် အခြေအနေလားဆိုတာကို အကြမ်းဖျင်း နားလည်နေဖို့လိုပါတယ်။ ချောင်းဆိုးတာတစ်ခုပဲ မဟုတ်ပဲ ချွဲကြပ်သံ တရွှီရွှီမြည်ခြင်း၊ အလွန်မှိန်းပြီး အစာ၊ရေ လုံးဝမဝင်ခြင်း၊ ပြာနှမ်းလာတဲ့ အထိဆက်တိုက် ချောင်းဆိုးခြင်း စတဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေရှိရင် ဆေးရုံဆေးခန်း သွားဖို့လိုပါတယ်။ သည်လို အချက်တွေကလွဲပြီး ကလေးကလည်း ကောင်းကောင်းစားနိုင်၊ ဆော့နိုင်ရင် မိမိဘာသာ အိမ်မှာပြုစု စောင့်ရှောက်ပေးလို့ရပါတယ်။ ဒါပေမယ့် ပြုစုပုံပြုစုနည်းကလည်း မှန်ကန်ဖို့ အရေးကြီးပါတယ်။
ချောင်းဆိုးတဲ့ကလေးကို ပြုစုမယ်ဆိုရင်…
- နှာခေါင်းထဲ ထည့်နိုင်သော ဆလိုင်းရည် (Nasal saline drops)
ကလေးရဲ့ အသက်ရှုလမ်းကြောင်းမှာ ချွဲတွေများနေရင် လည်ချောင်းယားပြီး ချောင်းဆိုးလာနိုင်ပါတယ်။ နှာခေါင်းထဲကို ဆလိုင်းရည်လေး တစ်ကြိမ်ကို နှစ်စက်စီ ပုံမှန် ထည့်ပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းတစ်လျှောက် ချွဲတွေပျော်စေပြီး ချောင်းဆိုးသက်သာလာစေနိုင်ပါတယ်။ ပါးစပ်၊ နှာခေါင်းထဲကနေ ချွဲတွေထွက်လာရင် ဘောလုံးပုံစံနှာစုပ်စက်လေးနဲ့ မကြာခဏ စုပ်ပေးသင့်ပါတယ်။
- အရည်များများတိုက်ပါ။
ချွဲသလိပ်တွေကို အမြန်ဆုံးပျော်သွားစေမယ့် နည်းလမ်းကတော့ ကလေးကို အရည်များများတိုက်ခြင်းပါ။ အသက်ခြောက်လအောက်ဆို မိခင်နို့ကို နိုင်အောင်တိုက်ပေးသင့်ပြီး အသက်ခြောက်လအထက် ကလေးတွေကိုတော့ ရေနဲ့ အခြားအာဟာရဖြစ်စေမယ့် အရည်တွေကို တတ်နိုင်သလောက် များများတိုက်ပေးသင့်ပါတယ်။
- ကလေးခေါင်းကို အနည်းငယ်မြှင့်ပေးထားပါ။
ချွဲကြပ်တာ သက်သာစေဖို့ အတွက်နောက်ထပ်နည်းလမ်းတစ်ခုက ကလေးရဲ့ခေါင်းရင်းကို အနည်းငယ်မြှင့်ထားပေးဖို့ပါ။ ဒါမှမဟုတ် ကလေးရဲ့ ခေါင်းအောက်မှာ အဝတ်ပါးတစ်ခုခု ခံထားပေးခြင်းဖြင့် ချောင်းဆိုးချွဲကြပ်တာကိုသက်သာစေနိုင်ပါတယ်။
- ပျားရည် တိုက်ခြင်း။
သဘာဝ ချောင်းဆိုးပျောက်ဆေး လို့ နာမည်ကြီးပြီး လူကြီးမိဘတွေခေတ်ကတည်းက ချွဲကြပ်ရင် သောက်သုံးခဲ့ကြတဲ့ ပျားရည်ဟာ လူကြီးရော ကလေးပါ သောက်သုံးလို့ရပါတယ်။ ပျားရည်ရဲ့ သူ့သဘာဝအရကိုက ချွဲပျော်စေတဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် ချောင်းဆိုးပျောက်ဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။
- Humidifiers နှင့် အခန်းတွင်း စိုထိုင်းဆကို ထိန်းသိမ်းပါ။
နောက်တစ်ခု အရေးကြီးတာဟာ မိမိကလေးရဲ့ ချောင်းဆိုးတာဟာ ချောင်းခြောက်လား ၊ ချွဲသံအပြည့်နဲ့ ဆိုးတဲ့ ချောင်းအစို လားခွဲခြားသိဖို့ပါ။ ချောင်းခြောက်တွေဆိုးတာဟာ ခြောက်သွေ့တဲ့လေထုကြောင့် ဖြစ်တတ်တဲ့အတွက် လေထု ကို စိုစွတ်အောင်ထိန်းပေးနိုင်တဲ့ Humidifiers လေးတွေ ဆောင်ထားသင့်ပါတယ်။
- သောက်ဆေး ဘယ်လို ရွေးသင့်သလဲ?
အပေါ်မှာ ပြောခဲ့သလို ကလေးတွေကို ဆေးတိုက်တဲ့အခါမှာ ချောင်းအစိုလား ချောင်းခြောက်လား သေချာခွဲနိုင်ဖို့လိုပါတယ်။ ချွဲကြပ်ပြီး ချောင်းဆိုးတဲ့ကလေးကို ချောင်းရပ်အောင် burmeton, cetrine စတဲ့ ချောင်းဆိုးနှာစေးပျောက်တဲ့ဆေးတွေ တိုက်လိုက်ရင် ချောင်းဆိုးတာရပ်သွားပေမယ့် ချွဲမပျော်စေဘဲ ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ခြောက်လအောက်ကလေးငယ်တွေကို ဒီလိုဆေးတွေ မတိုက်သေးတာ အကောင်းဆုံးပါ။ ချောင်းဆိုးချွဲကြပ်တဲ့အခါ ချွဲပျော်ဆေးတွေကိုသာ ရွေးသင့်ပါတယ်။ ဒါ့အပြင် ချွဲပျော်စေအောင် အဆုတ်လေ့ကျင့်ခန်း (chest physiotherapy) ဖြစ်တဲ့ ကလေး ကျောကို ခပ်ဆတ်ဆတ် ပုတ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
- အဖျားသက်သာအောင် လုပ်ပေးခြင်း။
ကလေးတွေ ချောင်းဆိုးနှာစေးရင် ကိုယ်ပူတာနဲ့ ဒွန်တွဲလာတတ်ပါတယ်။ ဒါကြောင့် အဖျားကျအောင် ရေပတ်တိုက်ပေးခြင်း၊ ကိုယ်ပူကျဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း တစ်နေ့ လေးကြိမ် တိုက်ပေးသင့်ပါတယ်။
ချောင်းဆိုးနေချိန်မှာ ပြုစုစောင့်ရှောက်ပုံတွေ စုံသလောက်ရှိသွားပြီမို့ ဒီလောက်နဲ့ပဲ ရပ်ထားချင်ပါတယ်။ ဒါပေမယ့် မသက်သာပဲ ကလေးက ပိုဆိုးလာမယ်၊ သို့မဟုတ် ရောဂါအခံရှိတဲ့ ကလေးဖြစ်ရင်တော့ ဆေးရုံဆေးခန်းသွားဖို့ အကြံပြုပါရစေ။