ယခုဆိုလျှင် ရာသီဥတုအေးတဲ့ ဆောင်းတွင်းကို ဝင်ရောက်နေပြီဖြစ်သလို ဆက်လက်ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ရောဂါကြောင့် အသက်ရှုလမ်းကြောင်းနဲ့ပက်သက်တဲ့ ရောဂါလက္ခဏာတွေကို အထူးသတိရနေရချိန်ဖြစ်ပါတယ်။
ယခုဆောင်းပါးမှာ ချောင်းဆိုးခြင်းတစ်မျိုးဖြစ်တဲ့ Croup Cough အကြောင်းကို မျှဝေမှာဘဲ ဖြစ်ပါတယ်။
Croup ဆိုတာ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ရောဂါတစ်မျိုးဖြစ်ပြီး အများစုမှာ Influenza, Parainfluenza ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်လေ့ရှိပြီး ရှားရှားပါးပါး case များတွင် ဆုံဆို့ကြက်ညှာလို့ခေါ်တဲ့ Diptheria ဘတ်တီးရီးယားပိုးကြောင့်လဲ ဖြစ်တတ်ပါတယ်။ ထိုရောဂါပိုး ကူးစက်ခံရတဲ့သူတွေမှာ အသံအိုး၊ လေပြွန်၊ အဆုတ်လမ်းကြောင်းပြွန်တွေဟာ ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းတွေ ကျဉ်းသွားတာကြောင့် အသက်ရှုရခက်ခဲတာတွေ ဖြစ်စေပါတယ်။
Croup ကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ ပိုးရှိသူရဲ့ ပါးစပ်နှင့် နှာခေါင်းမှ ထွက်သော အရည်အမှုန်အမွှားကနေ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူအများစုဟာ အသက် ၆ လကနေ ၅ နှစ်အတွင်း ကလေးများပဲ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
Croup ရောဂါဟာ သာမာန်အအေးမိခြင်းကဲ့သို့ အစပြုလေ့ရှိပါတယ်။ ထိုမှတဆင့် –
- ဖျားနာခြင်း
- Barking cough လို့ခေါ်တဲ့ သာမာန်ချောင်းဆိုးသံနဲ့ မတူတဲ့ ခပ်အုပ်အုပ်ချောင်းသံဖြစ်ပြီး ကလေးငိုရင်ဖြစ်စေ၊ စိတ်လှုပ်ရှားချိန်၊ ဂျီကျတဲ့အချိန်တွေမှာ ပိုမိုဆိုးရွားတတ်ပါတယ်
- ချောင်းဆိုးပါများ၍ အသံဝင်ခြင်း
- အသက်ရှုသံတွေ ဆူညံလာခြင်း
- အချိန်ကြာလာသည်နဲ့အမျှ အသက်ရှုရခက်ခဲလာတဲ့ ကလေးတွေမှာ Stridor လို့ခေါ်တဲ့ ခပ်ကြမ်းကြမ်းနဲ့ စူးရှတဲ့ အသက်ရှူသံတွေပါ ကြားရနိုင်ပါတယ်။
ဒီလက္ခဏာတွေက ညဘက်တွေမှာ ပိုဆိုးနိုင်ပြီး ၃ ရက်ကနေ ၅ ရက်အထိ ကြာမြင့်နိုင်ပါတယ်။
ကုသပုံ
Croup ရောဂါခံစားရတဲ့ ကလေးငယ်အများစုဟာ အိမ်မှာပဲ အနားယူကုသရုံနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ သို့သော် ရောဂါပြင်းထန်သော ကလေးအချို့အနည်းငယ်ဟာ ဆေးရုံတက်ပြီး စောင့်ကြည့်ကုသရသည်များလည်း ရှိနိုင်ပါတယ်!
ထိရောက်သော အိမ်တွင်းကုသနည်းများမှာ –
- ငိုကြွေးခြင်း၊ စိတ်အလိုမကျ ဂျီကျခြင်းများသည် အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်းကို ပိုမိုဆိုးရွားစေတာကြောင့် ကလေးငယ်ကို စိတ်ငြိမ်အောင် နှစ်သိမ့်ပေးပါ။ နွေးနွေးထွေးထွေး ထွေးပွေ့ထား၍ သားချော့တေးများဆိုခြင်း၊ ပုံပြင်များဖတ်ပြခြင်း၊ နူးညံ့စွာ စကားပြောပေးခြင်း၊ သူစိတ်ဝင်စားနှစ်သက်သော အရုပ်လေးများဖြင့် ဆော့ကစားပေးခြင်းများ ပြုလုပ်ပေးပါ။
- ချီထားလျှင်ဖြစ်စေ၊ ခုံပေါ်တွင် ထိုင်ခိုင်းထားလျှင်ဖြစ်စေ အသက်ရှူရလွယ်ကူစေရန် ကလေးငယ်အား သက်တောင့်သက်သာဖြင့် မတ်မတ်ထားပါ။
- ရေဓာတ်ပါဝင်မှုများသောလေ၊ လတ်ဆတ်သောလေအေးများသည် ရောဂါလက္ခဏာများကို သက်သာစေသောကြောင့် အိမ်တွင် ရေငွေ့ထုတ်စက် Humidifier ထားခြင်း (သို့) ရေပူများကို ဆက်တိုက်ဖွင့်ချထားသော ရေနွေးငွေ့များ ထနေသည့် ရေချိုးခန်းတွင် ကလေးငယ်အား ပိုက်၍ ၁၀ မိနစ်ခန့် ထိုင်ပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
- လတ်ဆတ်သောလေအေးများ ရရှိစေရန် ပြတင်းပေါက်များ ဖွင့်ထားခြင်း၊ ရာသီဥတုသာယာသော ညနေခင်းများတွင် ကလေးငယ်နှင့်အတူ လမ်းထွက်လျှောက်ပေးခြင်း၊ ကားပြတင်း အနည်းငယ်ဖွင့်၍ ကားပတ်မောင်းပေးခြင်းတို့ ပြုလုပ်ပေးပါ။
- အရည်များများ တိုက်ပါ။ နို့စို့အရွယ်ကလေးငယ်များတွင် မိခင်နို့၊ နို့ဘူး ခဏခဏတိုက်ပေးခြင်း၊ အသက်အနည်းငယ်ကြီးသော ကလေးဆိုလျှင် အာဟာရရှိသော စွတ်ပြုတ်၊ အသီးဖျော်ရည်တို့ကို တိုက်ကျွေးနိုင်ပါတယ်။
- ကလေးငယ်အား လုံလောက်စွာ အနားယူ အိပ်စက်ခိုင်းပါ။
- အဖျားရှိလျှင် Acetaminophen ပါသော ဆေးလုံး၊ ဆေးရည်တို့ကို ဆေးအညွှန်ပါအတိုင်း တိုက်နိုင်ပါတယ်။
- ပိုးသတ်ဆေးများ၊ မလိုအပ်သော ချောင်းဆိုးပျောက်ဆေးများအား ဆရာဝန်၏ညွှန်ကြားချက် မပါဘဲ မတိုက်ကျွေးသင့်ပါ!
- ရောဂါထုံးစံအရ ညအချိန်တွေမှာ ပိုဆိုးတတ်တာကြောင့် ညအိပ်လျှင် ကလေးငယ်အား မိမိ၏အနီးအနားမှာထားပြီး သေချာစောင့်ကြည့်ရပါမည်။
ဘယ်အချိန်မှာ ဆေးရုံဆေးခန်း သွားပြသင့်လဲ ?
ယေဘုယျအားဖြင့် မိမိကလေး၏ ရောဂါလက္ခဏာများ ပိုဆိုးလာလျှင်၊ အိမ်တွင်းကုသမှုများဖြင့် ၅ ရက်ထက်ကြာ၍ မသက်သာသေးလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါပြီ။
မှတ်သားထားရမည့် အရေးပေါ်လက္ခဏာများမှာ –
– ကလေးငယ် အသက်ရှူရခက်ခဲနေခြင်း၊ ခက်ခက်ခဲခဲဖြင့် လုရှူနေရခြင်း၊ ပုံမှန်ထက် အသက်ရှူ အလွန်မြန်နေခြင်း
– အသက်ကြီးသောကလေးများတွင် လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်တော့သည်အထိ အသက်ရှူရခက်နေခြင်း
– အသက်ရှူနေသည်နှင့်အမျှ လည်ပင်းနှင့် နံရိုးများကြားမှ အရေပြားများမှာ ချိုင့်ချိုင့်ဝင်သွားခြင်း
– အသက်ရှူသံများ ဆူညံလာခြင်း၊ Stridor အသံစူးစူရှရှများ ထွက်လာခြင်း
– နှုတ်ခမ်းသားများနှင့်တစ်ဝိုက် ဖြူဖျော့လာခြင်း၊ ပြာလာခြင်း
– တံတွေးမမြိုချနိုင်တော့ခြင်း၊ သရေများ ကျလာခြင်း
– ကလေးငယ်မှာ ဂနာမငြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း (သို့) ပင်ပန်းကာ နွမ်းဖျော့သွားခြင်း၊ နှိုးရခက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
Croup မဖြစ်စေရန် ကာကွယ်ခြင်းနည်းလမ်းတွေဟာ ရာသီတုပ်ကွေးရောဂါကို ကာကွယ်သည့်နည်းလမ်းများနှင့် အတူတူပင်ဖြစ်ပါတယ်!
– မကြာခဏ လက်ဆေးခြင်း
– နှာစေးချောင်းဆိုးတိုင်း မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို တစ်ရှူး (သို့) မိမိ၏တံတောင်ဆစ်ဖြင့် အုပ်ထားစေခြင်း
– မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မလိုအပ်ဘဲ မသန့်ရှင်းသောလက်များဖြင့် မထိစေခြင်း
– မိမိကလေးငယ်အား နေထိုင်မကောင်းဖြစ်နေသူများနှင့် ခပ်ခွာခွာ နေခိုင်းခြင်း
– ဆုံဆို့ကြက်ညှာ ၊ ဝက်သက်ရောဂါမဖြစ်စေရန် ငယ်ရွယ်စဉ်ကတည်းက ကာကွယ်ဆေးများကို နောက်မကျစေဘဲ ပြည့်မီအောင် ထိုးနှံထားခြင်း၊ လိုအပ်ပါက တုပ်ကွေးကာကွယ်ဆေးများအား နှစ်စဉ်ထိုးနှံခြင်းများအား သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်၍ ပြုလုပ်နိုင်ပါတယ်!