ကမ္ဘာပေါ်တွင်ခါး နာခြင်းဝေဒနာကို ခံစားနေရသော လူသန်းပေါင်းများစွာ ရှိပါသည်။ အောက်ပါနည်းလမ်းများသည် ခါးနာခြင်းဝေဒနာကို သက်သာစေရန် ကူညီပေးနိုင်သည့် နည်းလမ်းများ ဖြစ်ကြပါသည်။
(၁) အိပ်စက်သည့်ပုံစံကိုပြောင်းလဲပါ
မှောက်ခုံအိပ်စက်ခြင်းသည် ခါးနာခြင်းဝေဒနာကို ဆိုးဝါးမှု အဖြစ်စေဆုံးသော အိပ်စက်သည့်ပုံစံ ဖြစ်ပါသည်။
ဘေးတစောင်းအိပ်စက်လျှင် ဒူးခေါင်းနှစ်ခုကြားတွင် ခေါင်းအုံးတစ်ခုထား၍အိပ်စက်သင့်ပါသည်။ ထို့အတူ ပက်လက်အိပ်စက်လျှင် ဒူးခေါင်းအောက်တွင် ခေါင်းအုံးတစ်ခုထားရှိ၍ အိပ်စက်ခြင်းအားဖြင့် ခါးနာခြင်းကို သက်သာစေနိုင်ပါသည်။
( ၂ ) လေ့ကျင့်ခန်းပြုလုပ်ပါ
ခါးနာခြင်းဝေဒနာသည် ဒဏ်ရာရရှိခြင်းကြောင့် ဖြစ်ပွားခြင်းမဟုတ်ခဲ့လျှင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခါးနာခြင်းဝေဒနာကို သက်သာစေနိုင်ပါသည်။ ထိုသို့လေ့ကျင့်ခန်းများ ပြုလုပ်သည့်အခါ မိမိဆရာဝန်နှင့်တိုင်ပင်၍ အကြောလျှော့လေ့ကျင့်ခန်းကဲ့သို့သော ပြင်းထန်မှုများစွာမရှိသည့် လေ့ကျင့်ခန်းများကို စတင်ပြုလုပ်သင့်ပါသည်။
မနက်အိပ်ရာထချိန်၊ ညအိပ်ရာမဝင်ခင်နှင့် အလုပ်လုပ်နေစဉ် မိမိအလုပ်စားပွဲမှ တစ်နာရီတစ်ခါခန့်ထ၍ ခန္ဓာကိုယ် အကြောလျှော့လေ့ကျင့်ခန်းများ မိနစ်အနည်းငယ်ခန့်ပြုလုပ်ပေးခြင်းသည်လည်း အထိုင်များသောသူများတွင် ခါးနာခြင်းမရှိစေရန်အတွက် ကာကွယ်ပေးနိုင်သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။
( ၃ ) အစားအစာ စားသောက်ပုံကိုပြောင်းလဲပါ
အရိုးများကျန်းမာကြံ့ခိုင်စေရန်အတွက် အရေးကြီးသည့် အစာအာဟာရ ( ၂ ) မျိုးမှာ ကယ်လ်ဆီယမ်နှင့် ဗီတာမင်-ဒီ တို့ဖြစ်ကြပါသည်။
လူအများစုမှာ အရိုးအတွက် ကယ်လ်ဆီယမ်၏ အရေးပါပုံကို သိကြသော်လည်း ဗီတာမင်-ဒီ က ကယ်လ်ဆီယမ်စုပ်ယူမှုကို အားပေးသည့်အကြောင်းကိုမူ သတိမပြုမိဖြစ်တတ်ကြပါသည်။ ဗီတာမင်-ဒီ ကို နေရာင်ခြည်မှ ရရှိနိုင်သကဲ့သို့ အဆီဓာတ်ကြွယ်ဝသော ငါးများနှင့် ကြက်ဥအနှစ်များမှလည်း ရရှိနိုင်ပါသည်။ နေရောင်နှင့် လုံလောက်စွာထိတွေ့မှုမရှိခြင်းနှင့် အစားအစာများမှ ဗီတာမင်-ဒီကို လုံလောက်စွာရရှိနိုင်ခြင်းမရှိဟု ယူဆပါက ဗီတာမင်-ဒီ ဖြည့်စွက်အာဟာရများကို သောက်သုံးနိုင်ပါသည်။
( ၄ ) ဖိနပ်ကိုလဲလှယ်ပါ
ပါးနေသောဖိနပ်များ၊ အသုံးပြုချိန်ကြာမြင့်နေပြီဖြစ်သော ဖိနပ်များသည် ခါးအတွက် ဆိုးရွားစေပါသည်။ ထို့ကြောင့် ဖိနပ်များ ပါးလာသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ကို ကောင်းစွာထောက်ပံ့ပေးနိုင်သည့် ဖိနပ်မျိုးကို လဲလှယ်ဝတ်ဆင်သင့်ပါသည်။
( ၅ ) မှန်ကန်သောအနေအထားဖြင့်နေပါ
ကျောရိုးဆစ်သည် (၁၀) ပေါင်မှ (၁၂) ပေါင်ခန့် လေးသော ဦးခေါင်း၏အလေးချိန်ကို ထောက်ကန်ပေးထားရပါသည်။ အကယ်၍လမ်းလျှောက်သည့်အခါနှင့် ထိုင်သည့်အခါ အနေအထားမမှန်ကန်ဘဲ အရှေ့သို့ငိုက်နေခြင်း၊ ခါးကုန်းနေခြင်း စသည်တို့ ဖြစ်ပွားခဲ့ပါက ကျောရိုးဆစ်အပေါ်တွင် သက်ရောက်သည့် ဖိအားပမာဏမှာ ပိုမိုများပြား၍ ခါးနာခြင်းနှင့် ကျောရိုးဆစ်ကြားချပ်ပြားများ လျင်မြန်စွာပျက်စီးခြင်းကို ဦးတည်စေနိုင်ပါသည်။
( ၆ ) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် ကျောရိုးတစ်ခုနှင့်တစ်ခု ပွတ်တိုက်မှု မဖြစ်စေရန် ကာကွယ်ပေးသည့် ကျေားရိုးဆစ်ကြားချပ်ပြားများဆီသို့ သွေးစီးဆင်းမှုပမာဏကို နည်းပါးသွားစေပါသည်။ ထို့ကြောင့်ဆေးလိပ်ကို အချိန်ကာလ ကြာရှည်စွာ ပမာဏများများသောက်ခြင်းသည် ခါးနာခြင်းဝေဒနာကိုပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် ဆေးလိပ်ကိုဖြတ်ခြင်းအားဖြင့် ခါးနာခြင်းကို သက်သာစေရန် ကြိုးစားလုပ်ဆောင်နိုင်ပါသည်။
( ၇ ) အလေးအပင်များ မသည့်အခါ ဂရုပြုပါ
အလေးအပင်များ မသည့်အခါ ခါးကိုအားပြု၍ မခြင်း မပြုဘဲ ဒူးခေါင်းကိုအားပြု၍ မခြင်းအားဖြင့် ခါးနာခြင်းဝေဒနာကို ပိုမိုမဆိုးရွားစေရန် ကာကွယ်နိုင်ပါသည်။
ထို့ပြင် အလေးချိန်ပမာဏများပြားသည့် ပစ္စည်းများကို ခန္ဓာကိုယ်၏ တစ်ဖက်တည်းဖြင့် မခြင်းသည်လည်း ခါးနာခြင်းကို ပိုမိုဆိုးရွားစေနိုင်သည့် အကြောင်းရင်းတစ်ချက် ဖြစ်ပါသည်။
အထက်ပါနည်းလမ်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ခါးနာခြင်းဝေဒနာကို သက်သာစေနိုင်ကြောင်း အသိပေးတင်ပြအပ်ပါသည်။