ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာထိခိုက် ဒဏ်ရာများရရှိခဲ့ပါက မသက်မသာ ခံစားနာကျင်ရခြင်းသည် ခန္ဓာကိုယ်တုံ့ပြန်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ သို့သော် ထိုသို့နာကျင်ခြင်းသည် ရောဂါပိုးများကူးစက်ခံရခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများ၏ သတိပေးလက္ခဏာများလည်း ဖြစ်နေတတ်သောကြောင့် ထိုအရာများကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။
ထိုသို့ ကိုက်ခဲနာကျင် မသက်မသာဖြစ်ခြင်းကို သောက်ဆေးများ လိမ်းဆေးများဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်၍ ရသော်လည်း သုတေသနများအရ သဘာဝနည်းအတိုင်း ဒဏ်ရာအနာတရနာကျင်မှုများကို သက်သာပျောက်ကင်းစေသော အခြားသောနည်းလမ်းများ ရှိသေးကြောင်းလည်း တွေ့ရှိရပါသည်။
နာကျင်မှုကိုသက်သာစေနိုင်သည့် သဘာဝနည်းလမ်းများ
ဝင်လေထွက်လေကို မှတ်ခြင်း
စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုဖြစ်ခြင်းများသည် ရောင်ရမ်းနာကျင်မှုများကို ဖြစ်ပေါ်စေသည့်အပြင် ခန္ဓာကိုယ်၏ ခုခံအား တုံ့ပြန်မှုများကို ပြောင်းလဲစေခြင်း၊ စိတ်ဖိစီးမှုဟော်မုန်းများကို ပိုမိုဖြစ်ပေါ်စေခြင်းနှင့် အနာကျက်ခြင်း အဆင့်များအားလုံးကို နှေးကွေးစေခြင်းများ ဖြစ်စေနိုင်ပါသည်။
သုတေသနလေ့လာတွေ့ရှိချက်များအရ စိတ်ဖိစီးမှုများခြင်းသည် နာကျင်မှုကို အာရုံခံနိုင်စွမ်း တိုးတက်လာသဖြင့် နာကျင်မှုကို ပိုမိုခံစားရသကဲ့သို့ နာကျင်မှုကို ထိရောက်စွာထိန်းညှိပေးသည့် ခန္ဓာကိုယ်၏ စွမ်းရည်များပေါ်တွင်လည်း လျော့နည်းစေကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် နာကျင်မှုများကြောင့် အသက်ရှူသည့်ပုံစံများလည်း ပြောင်းလဲလာတတ်ပါသည်။ ပုံမှန် အသက်ရှူသည့် ပုံစံမှ မြန်ဆန်၍ ခပ်တိမ်တိမ်သာ အသက်ရှူသည့် ပုံစံများအဖြစ်သို့ ပြောင်းလဲသွားတတ်ပါသည်။
ဝင်လေထွက်လေကို ရှုမှတ်ခြင်းသည် စိတ်ဖိစီးမှုများကိုလျော့ချရန် ရိုးရှင်းထိရောက်သည့် နည်းလမ်းများ ဖြစ်ပါသည်။ ထိုသို့ ဝင်လေထွက်လေကို ရှုမှတ်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့နည်းစေပါသည်။ ထိုသို့ စိတ်ဖိစီးမှု လျော့နည်းခြင်းက နာကျင်မှုကို သက်သာစေပြီး သဘာဝအတိုင်း အနာကျက်ခြင်း ဖြစ်စဉ်များကို ပိုမိုကောင်းမွန်လာစေပါသည်။
ထို့ကြောင့် ဝင်လေထွက်လေကို သတိကပ်၍ ရှုမှတ်ခြင်းသည် နာကျင်မှုကို သက်သာစေသည့် သဘာဝနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။
အနှိပ်ကုထုံး
အနှိပ်ကုထုံးသည်လည်း နာကျင်မှုများနှင့် စိတ်ဖိစီးမှုများကို လျော့နည်းသက်သာစေပြီး အနာကျက်ခြင်းဖြစ်စဉ်များကို တိုးတက်စေသည့် နောက်ထပ်သဘာဝနည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များစွာက အနှိပ်ကုထုံးဖြင့် ကုသမှုကို တစ်ကြိမ်တစ်ခါမျှ ခံယူလိုက်သည်နှင့်ပင် နာကျင်မှုဝေဒနာများကို သိသာစွာ လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့သို့နှိပ်နယ်သည့်အခါ ဒဏ်ရာအနာတရများ ရှိနေသည့် နေရာအပေါ်သို့ တိုက်ရိုက် နှိပ်နယ်ခြင်းမပြုဘဲ အနီးတစ်ဝိုက်နေရာများကို နှိပ်နယ်ပေးခြင်းအားဖြင့် သွေးလှည့်ပတ်မှုများကို တိုးတက်ကောင်းမွန်လာစေခြင်း၊ ကြွက်သားတင်းအားများကို လျော့ကျစေခြင်းနှင့် ပြန်ရေကြောများစီးဆင်းမှုကို အားပေးကူညီခြင်းများ ဖြစ်စေကြောင်း တွေ့ရှိရပါသည်။ ရလဒ်အားဖြင့် နာကျင်မှုများ သက်သာလာပါသည်။
အနှိပ်ကုထုံးကို ရနံ့ကုထုံးဖြင့် ပေါင်းစပ်လိုက်သည့်အခါ စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များကို ပိုမိုလျော့ကျစေသကဲ့သို့ နာကျင်မှုများကိုလည်း ပိုမိုလျော့နည်းသက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အနှိပ်ကုထုံးသည်လည်း သဘာဝနည်းအတိုင်း နာကျင်မှုကို သက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
အာရုံလွှဲထားခြင်း
နာကျင်နေသည့်နေရာသို့ အာရုံစူးစိုက်ခြင်းသည် တစ်ခါတစ်ရံနာကျင်မှုကို ပိုမိုဆိုးဝါး သတိထားမိလာစေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် သို့မဟုတ် အားကစားပွဲများ ကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်း စသည့် စိတ်အာရုံ အပြောင်းအလဲဖြစ်စေသည့် အပြုအမူများ ပြုလုပ်ခြင်းသည်လည်း နာကျင်မှုကို လျော့နည်းသက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဝင်သက်ထွက်သက်များကို သတိထား၍ ရှုမှတ်ခြင်းသည်လည်း အာရုံလွှဲခြင်း နည်းလမ်းတစ်ခုအဖြစ် ယူဆလျှင်လည်း ယူဆနိုင်ပါသည်။
နာကျင်ခံစားရမှုများကို တုန့်ပြန်ပုံ နည်းလမ်းများ၊ တုန့်ပြန်သည့် ပမာဏများသည် လူတစ်ဦးနှင့် တစ်ဦးမတူညီနိုင်သည့်အတွက်ကြောင့် ထိုသို့နာကျင်မှုများကို သက်သာစေနိုင်သည့် နည်းလမ်းများသည်လည်း တစ်ဦးနှင့် တစ်ဦး ထိရောက်မှုခြင်း တူညီနိုင်မည် မဟုတ်ပေ။
သို့သော် အထက်ဖော်ပြပါ သဘာဝနည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် နာကျင်မှုများကို သက်သာစေနိုင်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကိုပါ လျော့နည်းစေခြင်း၊ ဒဏ်ရာအနာတရများ၊ အနာကျက်ခြင်းဖြစ်စဉ်များကို တိုးတက်စေခြင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်သည်မှာမူ သေချာလှပါသည်။
Author : Dr. မွန်