ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးများတွင် အဖြစ်များသော ရောဂါပြဿနာတစ်ခု ဖြစ်ပါသည်။
ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ။
အောက်ပါတို့သည် ကလေးများဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ကြပါသည်။
– အူလမ်းကြောင်းတွင် ရောဂါပိုးကူးစက်ခံရခြင်း။
၎င်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အကြောင်းရင်းများတွင် အတွေ့ရများသော အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသောရောဂါပိုးများအနက် ဗိုင်းရပ်စ်ရောဂါပိုးများသည် အဖြစ်အများဆုံး ရောဂါပိုးအမျိုးအစား ဖြစ်ပါသည်။
ဗိုင်းရပ်စ်ရောဂါပိုး များစွာရှိသည့်အနက် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များ စေသော ရောဂါပိုးမှာ Rotavirus အမျိုးအစားဖြစ်ပြီး နောက်ထပ်အဖြစ်များသော ဗိုင်းရပ်စ်မှာ Adenovirus ဗိုင်းရပ်စ်ဖြစ်ကြောင်း တွေ့ရပါသည်။
– အစာအဆိပ်ဖြစ်၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း။
ရောဂါပိုးအချို့ပါဝင်သော အစားအစာများကို စားသုံးမိခြင်းကြောင့် အစာအဆိပ်ဖြစ်၍လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရနိုင်ပါသည်။
အဖြစ်များသော ရောဂါပိုးမွှားများမှာ ဘက်တီးရီးယားပိုးများဖြစ်သော Campylobacter,
Salmonella, Escherichia coli စသည်တို့ ဖြစ်ပါသည်။
ထို့ပြင် ကပ်ပါးကောင်အုပ်စု ရောဂါပိုးများသည်လည်း အစာအဆိပ်ဖြစ်၍ ဝမ်းလျှောစေသော အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
– မသန့်ရှင်းသည့် ရောဂါပိုးများပါဝင်သော ရေကို သောက်သုံးမိခြင်းကြောင့်ဖြစ်ခြင်း။
အထူးသဖြင့် သန့်ရှင်းမှုပိုင်းဆိုင်ရာ အားနည်းသည့် နိုင်ငံများတွင် ရောဂါပိုးများပါဝင်နေသော ရေကို သောက်သုံးမိသည့်အခါမျိုးတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ၏ လက္ခဏာများ
အောက်ပါတို့သည် ကလေးများတွင်တွေ့ရသည့် ရောဂါပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၏ လက္ခဏာများ ဖြစ်ကြပါသည်။
ရောဂါလက္ခဏာများသည် အစာအိမ်ဝေဒနာအနည်းငယ် ခံစားရပြီး တစ်ရက် နှစ်ရက်ခန့်သာ ဝမ်းလျှောခြင်းမှ ရက်ပေါင်းများစွာကြာအောင် ပြင်းထန်စွာ ဝမ်းလျှောသည် အထိခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဆိုသည်မှာ အများအားဖြင့် တစ်နေ့လျှင်အနည်းဆုံး အရည်ဝမ်းများ သုံးကြိမ်အထိ သွားလေ့ရှိခြင်းကို ဆိုလိုပါသည်။ တစ်ခါတစ်ရံ ဝမ်းတွင် ချွဲများ၊ သွေးများပါတတ် ကြောင်း တွေ့ရှိရပါသည်။
အခြားရောဂါလက္ခဏာများမှာ
– ချက်နေရာတွင် ဗိုက်ရစ်၍ နာခြင်း
– အန်ခြင်း
– အဖျားကြီးခြင်း
– ခြေလက်ကိုက်ခဲခြင်း
– ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ကြပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းတွင် တွေ့ရသော ရောဂါလက္ခဏာများ
အောက်ပါတို့သည် ရေဓာတ်ခန်းခြောက်လျှင် တွေ့ရသော ရောဂါလက္ခဏာများဖြစ်ကြပါသည်။
ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အန်ခြင်းရောဂါ လက္ခဏာများကြောင့် ခန္ဓာကိုယ်တွင်းတွင် ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်လာနိုင်ပါသည်။
ပြင်းထန်ဆိုးရွားသည့် ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာများကို တွေ့ရှိလျှင် လျင်မြန်စွာ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိ အင်္ဂါရပ်များသည် လုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ဆောင်ရန်အတွက် ရေဓာတ်ပမာဏအား လုံလောက်စွာ ပြန်လည်ရရှိရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။
ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ခန်းခြောက်လျှင် တွေ့ရသော ရောဂါ လက္ခဏာများမှာ
– ဆီးပမာဏအလွန်နည်းခြင်း
– ပါးစပ်ခြောက်ခြင်း
– လျှာ၊နှုတ်ခမ်းခြောက်ခြင်း
– ကလေးများငိုသည့်အခါ မျက်ရည်အထွက်နည်းခြင်း
– မျက်တွင်းချိုင့်ခြင်း
– အားနည်းခြင်း
– ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် မှိန်းနေခြင်း စသည်တို့ဖြစ်ပါသည်။
အောက်ပါတို့သည် ရေဓာတ်အလွန်ခန်းခြောက်လျှင် တွေ့ရသော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– မှိန်းနေခြင်း
– အရေပြားဖြူဖျော့ခြင်း
– ခြေဖျားလက်ဖျားအေးစက်နေခြင်း
– အသက်ရှူမြန်ခြင်း စသည့် ရောဂါလက္ခဏာများတွေ့ရပါသည်။
အလွန်အမင်းရေဓာတ်ခန်းခြောက်ခြင်းသည် အရေးပေါ်ဆေးကုသရန်လိုအပ်သော အခြေအနေတစ်ခုဖြစ်သောကြောင့် ချက်ချင်းအရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း အကြံပြုလိုပါသည်။
အောက်ဖော်ပြပါအချက်များနှင့် သက်ဆိုင်သော ဝမ်းပျက်ဝမ်းလျှောသော ကလေးငယ်များအား ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
– အသက် ၆ လအောက်ကလေးငယ်များ
– အခြေခံရောဂါအချို့ (ဥပမာ နှလုံး၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ နှင့် လမစေ့ဘဲ မွေးသောကလေးငယ်များ) ရှိသော ကလေးများ
– ကိုယ်အပူချိန်မြင့်မားသော ကလေးများ
– ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိသောကလေးများ
– မှိန်းနေသော ကလေးများ
– ဝမ်းလျှောခြင်းအပြင် အန်ခြင်းနှင့် တွဲ၍ခံစားနေရသောကလေးများ
– ဝမ်း သို့မဟုတ် အန်ဖတ်တွင် သွေးပါသော အခြေအနေများ
– ဝမ်းဗိုက်အလွန်အောင့်ခြင်း (အထူးသဖြင့် ချက်နေရာတွင် ) ခံစားနေရသောကလေးများ
– ရောဂါလက္ခဏာများပိုမိုဆိုးရွားလာသော ကလေးများ စသည့်ကလေးများသည် ဆရာဝန်နှင့် အမြန်ဆုံး ပြသပေးရန် လိုအပ်ကြောင်း အကြံပြုလိုပါသည်။
ရောဂါကုသခြင်းနည်းလမ်းများ။
ကလေးများဝမ်းပျက်၀မ်းလျှော ဖြစ်သောအခါ အများအားဖြင့် ခုခံအားစနစ်ဖြင့် ရက်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်သွားတတ်ကြပါသည်။ အများအားဖြင့် ကလေးများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်အခါ ဆေးရုံသို့တက်ရောက်ကုသစရာ မလိုအပ်ဘဲ ပျောက်ကင်းသွားကြပြီး ရောဂါလက္ခဏာများ ဆိုးရွားသည့်အခါ သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သောအခါမှသာ ဆေးရုံတွင် ကုသရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာများကို ကာကွယ်ရန် ဝမ်းလျှောသောကလေးများအား အရည်ပမာဏများများ ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။
အသက် ၆ လ အောက်ကလေးများဝမ်းပျက်ဝမ်းလျှောဖြစ်သောအခါ ရေဓာတ်ခန်းခြောက်ခြင်းပို၍ ဖြစ်နိုင်ခြေများသောကြောင့် ထိုကလေးငယ်များအား နို့များများတိုက်ပေးရန် လိုအပ်ပါသည်။
ထို့ပြင် ကလေးငယ်များ ဆုံးရှုံးသော ရေဓာတ်နှင့် အခြားသတ္တုဓာတ်များအား ပြန်လည် ဖြည့်ဆည်းပေးနိုင်ရန် အသက်အရွယ်အလိုက် သက်ဆိုင်သော ဓာတ်ဆားရည်များကို ကလေးငယ်များအား များများတိုက်ကျွေးသင့်ပါသည်။
သို့မှသာ ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
သို့သော် ဝမ်းလျှောနေသော ကလေးများအား သစ်သီးဖျော်ရည်များကို မတိုက်ကျွေးမိရန်အတွက် သတိပြုရန် လိုအပ်ပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာကို ကုသ၍ သက်သာပျောက်ကင်းသွားသည့်အခါ ကလေးများအား အစားအစာများကို ပုံမှန်စားသုံးစဉ်အတိုင်း ပြန်လည်တိုက်ကျွေးပေးပါ။
မိခင်နို့ သို့မဟုတ် နို့ဗူးသောက်သော ကလေးငယ်များအားလည်း ပုံမှန်အတိုင်း နို့ပြန်လည်တိုက်ကျွေးပေးနိုင်ပါသည်။
ပုံမှန်အားဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအား ဝမ်းသွားရပ်စေသော ဆေးဝါးများပေး၍ ကုသခြင်းမရှိပါ။ ဝမ်းလျှောခြင်း အကြိမ်အရေအတွက် များပြားလာခြင်း သို့မဟုတ် ရောဂါဖြစ်ပွားသည့် ရက်ကြာမြင့်လာသည့်အခါ ဝမ်းလျှောခြင်းကိုဖြစ်စေသော ရောဂါပိုးများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် ရောဂါပိုးများအား သေစေသည့် ပဋိဇီ၀ဆေးဝါးများကို တိုက်ကျွေးခြင်း ၊ ထိုးနှံခြင်းဖြင့် ရောဂါကို ပျောက်ကင်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။