မျက်နှာအရေပြားအဆီပြန်ခြင်းသည် အရေပြား၏ မျက်နှာပြင်အောက်တွင်ရှိသော အဆီဂလင်းများမှနေ၍ အဆီများကို ပုံမှန်ထက်ပိုမို ထုတ်လုပ်မှုကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။
၎င်းအဆီဂလင်းများမှ ထုတ်ပေးသော အဆီဓာတ်သည် မျက်နှာအရေပြားကို စိုပြည်ဝင်းပစေရန် ပြုလုပ်ပေးနိုင်သော အာနိသင်လည်းရှိကြောင်း တွေ့ရှိရပါသည်။
သို့သော် အဆီဓာတ်ကို အလွန်အကျွံထုတ်လုပ်မိသည့်အခါတွင်မူ မျက်နှာအရေပြားရှိ ချွေးပေါက်များပိတ်ပြီး ဝက်ခြံများထွက်ခြင်းကို ဖြစ်လာစေနိုင်ပါသည်။
မျိုးရိုးလိုက်ခြင်းကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့်လည်းကောင်း အဆီဓာတ်များအား ပိုမို၍ ထုတ်လုပ်ခြင်းကို ဖြစ်စေပါသည်။
အောက်ပါနည်းလမ်းများဖြင့် မျက်နှာအရေပြားအဆီပြန်ခြင်းနှင့် ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။
( ၁ ) နေ့စဉ်မျက်နှာကို သန့်စင်ပေးပါ။
မျက်နှာအရေပြား အဆီပြန်သောသူအများစုသည် နေ့စဉ်မျက်နှာကို သန့်စင်ပေးခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
တစ်နေ့လျှင်မျက်နှာ နှစ်ကြိမ်ခန့် သန့်စင်ပေးခြင်းဖြင့် မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်ပါသည်။ သို့သော် တစ်နေ့လျှင် နှစ်ကြိမ်ထက်ပို၍ မျက်နှာမသစ်သင့်ပါ။
မျက်နှာသစ်ဆပ်ပြာ ရွေးချယ်အသုံးပြုသည့်အခါ Glycerin ဓာတ်ပါဝင်သည့် ဆပ်ပြာကဲ့သို့သော ဆပ်ပြာအပျော့စားမျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်။
( ၂ ) ပျားရည်ဖြင့် မျက်နှာကို လိမ်းပေးပါ။
ပျားရည်သည် ဘက်တီးရီးယားပိုးများကို ဆန့်ကျင်တိုက်ခိုက်ပေးနိုင်သည့် အာနိသင်ရှိသော သဘာ၀ ဆေးဘက်ဝင် အစားအစာတစ်မျိုးဖြစ်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။
ထို့ကြောင့် မျက်နှာအရေပြားအဆီပြန်ခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
မျက်နှာအရေပြားပေါ်တွင် ပျားရည်ကို ပါးပါးလေးလိမ်း၍ ၁၀ မိနစ်ခန့် ခြောက်အောင်ထားပါ။
ထို့နောက် ရေနွေးဖြင့် မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။
ထို့အပြင် ပျားရည်သည် အသားအရေခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်သော ဂုဏ်သတ္တိလည်းရှိကြောင်း လေ့လာသိရှိရပါသည်။
( ၃ ) အလှကုန်ပစ္စည်းအနေနှင့် အသုံးပြုနိုင်သည့် ရွှံ့စေးဖြင့်ပြုလုပ်ထားသော Mask ကို အသုံးပြုပါ။
Cosmetic clays ဟုခေါ်သော အလှကုန်ပစ္စည်းအနေနှင့် အသုံးပြုနိုင်သည့် ရွှံ့စေးသည် မျက်နှာအရေပြားရှိ အဆီဓာတ်များကို စုပ်ယူပေးနိုင်သော အစွမ်းအာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။
French green clays သည် အဆီများကို ကောင်းစွာစုပ်ယူနို်င်သဖြင့် မျက်နှာအရေပြားအဆီပြန် ခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကို ကာကွယ်ကုသပေးနိုင်ပါသည်။
၎င်းသည် အမှုန့်ပုံစံဖြင့် ရရှိနိုင်ပြီး မျက်နှာပေါင်းတင်သည့် Mask အနေနှင့်ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။
French green clays အမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ကို ရေနှင့် ရော၍မွှေပေးပါ။ ပြီးလျှင် ၎င်းကို မျက်နှာပေါ်တွင် လိမ်း၍ ခြောက်သွေ့သည်အထိထားပါ။ ထို့နောက် မျက်နှာကို ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးပါ။
( ၄ ) Oatmeal ဖြင့် မျက်နှာကို လိမ်းပေးပါ။
Oatmeal သည် မျက်နှာအရေပြားရောင်ရမ်းခြင်းကို သက်သာစေနိုင်သည့်အပြင် ပိုလျှံနေသည့် အဆီဓာတ်များကို စုပ်ယူပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၎င်းကို ဒိန်ချဉ်၊ ပျားရည်၊ သို့မဟုတ် ငှက်ပျောသီး၊ ပန်းသီး စသည့် သစ်သီးအနှစ်များနှင့် ရောနှော၍ မျက်နှာဖုံးအနေနှင့်လည်း အသုံးပြုနိုင်ပါသည်။
အုတ် ( Oat ) ဖန်ခွက်တစ်ဝက်ခန့်ကို ရေပူပူဖြင့် ရောနှော၍ အနှစ်ဖြစ်အောင်ပြုလုပ်ပါ။
ပျားရည်တစ်ဇွန်းကို ထည့်၍ ရောမွှေပါ။
၎င်းရောနှောထားသည့် အနှစ်ကို မျက်နှာပေါ်တွင် လိမ်း၍ သုံးမိနစ်ခန့် နှိပ်နယ်ပေးပါ။
ထို့နောက် ရေနွေးဖြင့် မျက်နှာကို ဆေးပေးပါ။
( ၅ ) ကြက်ဥအကာနှင့် သံပုရာသီးဖြင့် မျက်နှာကို လိမ်းပေးပါ။
သံပုရာသီးစသော အချဉ်သစ်သီးများသည် မျက်နှာအရေပြားရှိအဆီဓာတ်များကို ကောင်းစွာစုပ်ယူနိုင်သည့်အပြင် ဘက်တီးရီးယားပိုးများကို ဆန့်ကျင်သည့် ဂုဏ်သတ္တိလည်းရှိသော သစ်သီးတစ်မျိုး ဖြစ်ပါသည်။
၎င်းနည်းလမ်းသည် မျက်နှာအဆီပြန်ခြင်းအတွက် အလွန်သင့်တော်သော်လည်း ကြက်ဥနှင့် ဓာတ်မတည့်သောသူများအနေနှင့် လုပ်ဆောင်ရန် မသင့်တော်ကြောင်း သတိပြုရန် လိုအပ်ပါသည်။
ကြက်ဥအကာတစ်လုံးနှင့် သံပုရာရည်တစ်ဇွန်းခန့်ကို ရော၍မွှေပါ။
ထို့နောက်မျက်နှာပေါ်တွင် လိမ်း၍ ခြောက်အောင်ထားပါ။
ပြီးလျှင် ရေနွေးဖြင့် မျက်နှာကို သန့်စင်ပေးပါ။
( ၆ ) ဗာဒံသီးနှင့် ပျားရည်ကို ရော၍ မျက်နှာကို လိမ်းပေးပါ။
ဗာဒံသီးသည် မျက်နှာရှိ ပိုလျှံနေသော အဆီဓာတ်များနှင့် အညစ်အကြေးများကို ဖယ်ရှားပေးနိုင်သော အစွမ်းအာနိသင်ရှိကြောင်း လက်ခံယုံကြည်ထားကြပါသည်။
ကြေညက်အောင် ကြိတ်ခြေထားသည့် ဗာဒံသီးအမှုန့် လက်ဖက်စားဇွန်းသုံးဇွန်းခန့်ကို ပျားရည်ထမင်းစားဇွန်းနှစ်ဇွန်းနှင့် ရော၍ မွှေပါ။
၎င်းကို မျက်နှာပေါ်တွင်လိမ်း၍ နှိပ်နယ်ပေးပါ။
ထို့နောက်ရေနွေးဖြင့် မျက်နှာကို သန့်စင်ပေးပါ။
( ၇ ) ရှားစောင်းလက်ပပ်အနှစ်ဖြင့် မျက်နှာကို လိမ်းပေးပါ။
မျက်နှာအရေပြားအဆီပြန်ခြင်းအတွက် ရှားစောင်းလက်ပပ်သည်လည်း အလွန်အသုံးဝင်သည့် အပင်တစ်မျိုးဖြစ်ပါသည်။
အိပ်ရာဝင်ခါနီးအချိန်တွင် ရှားစောင်းလက်ပပ်အနှစ်ကို မျက်နှာအပေါ်တွင် ခပ်ပါးပါးလိမ်းပေးပါ။
ထို့နောက်မနက်အိပ်ရာမှထသည့် အချိန်တွင်မှ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။
( ၈ ) ခရမ်းချဉ်သီးအနှစ်ဖြင့် မျက်နှာကို လိမ်းပေးပါ။
ခရမ်းချဉ်သီးတွင် ဝက်ခြံထွက်ခြင်းကို လျော့နည်းသက်သာစေနိုင်သည့် Salicylic Acid ဟူသော ဓာတ်တစ်မျိုး ပါဝင်ပါသည်။
၎င်းဓာတ်များသည် မျက်နှာအပေါ်ရှိ ပိုလျှံနေသည့်အဆီဓာတ်များကို စုပ်ယူနိုင်သည့်အပြင် အရေပြားချွေးပေါက်ပိတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ခရမ်းချဉ်သီးအနှစ်နှင့် သကြားလက်ဖက်စားဇွန်းတစ်ဇွန်းခန့်ကို ရော၍မွှေပါ။
မျက်နှာအရေပြားအပေါ်တွင် လိမ်း၍ နှိပ်နယ်ပေးပါ။
ထို့နောက် ၅ မိနစ်ခန့်အကြာတွင် မျက်နှာကို ရေနွေးဖြင့် ဆေးပေးပါ။
ကာကွယ်ရန်နည်းလမ်းများ။
မျက်နှာအရေပြားအဆီပြန်ခြင်းအကြောင်းရင်းသည် မျိုးရိုးလိုက်ခြင်း ၊ ဟော်မုန်းပြောင်းလဲခြင်း ကြောင့် ဖြစ်လျှင် ကာကွယ်ရန်ခက်ခဲနိုင်ပါသည်။
သို့သော် မည်သို့ပင်ဖြစ်စေ အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် မျက်နှာအရေပြား အဆီပြန်ခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
– မျက်နှာအရေပြားထိန်းသိမ်းခြင်းကို ပုံမှန်လုပ်ဆောင်ပေးပါ။
– ဆီကြော်အစားအစာများ၊ ချိုလွန်းသော အစားအစာများ၊ ပြုပြင်စီရင်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။
– အဆီဓာတ်ကို အခြေခံထုတ်လုပ်ထားသော အလှကုန် ပစ္စည်းများအစား ရေဓာတ်ကို အခြေခံ၍ ထုတ်လုပ်သည့် အလှကုန်များကို အသုံးပြုပါ။
– အိမ်တွင်းကုထုံးနည်းလမ်းများဖြင့် မျက်နှာအရေပြားအဆီပြန်ခြင်းကို ကုသရာတွင် မသက်သာဘဲ ပို၍ဆိုးရွားလာလျှင် ဆက်လက်၍ လုပ်ဆောင်ခြင်းမပြုတော့ဘဲ အရေပြားဆရာဝန်နှင့် အမြန်ဆုံး ကုသမှုခံယူသင့်ပါသည်။