“ဗိုက်အောင့်လို့ဆရာ”
ကားသမား ကိုလှမောင်ကို သားဖြစ်သူက တွဲကာ ဆေးခန်းထဲသို့ဝင်လာသည်။ ဗိုက်ကလေးကို လက်နှင့်ပိုက်ကာ ကုန်းကုန်းလေး ဖြစ်နေသည်။ ချွေးသီးချွေးပေါက်များကား ကျနေသည်။ မခံမရပ်နိုင်အောင် အောင့်နေပုံရသည်။
“အစားမှားသလား။ အပူအစပ်တွေစားသလား။ အစာခံတာတွေရှိသလား။” ပုံမှန်မေးနေကျမေးခွန်းများသာ မေးလိုက်သည်။
“ကျွန်တော်က အစာအိမ်သမားမို့ အပူအစပ်တွေလည်းမစားပါဘူး။ အစားလည်းပုံမှန်ပဲစားတယ်။ ဗိုက်အောင့်မှာဆိုးလို့ ကော်ဖီလက်ဖက်ရည်တောင် သောက်တာမဟုတ်ဘူး”
“အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေရော သောက်လား။”
“ဘာဆေးမှ မသောက်ဖြစ်ဘူးဆရာ”ကိုလှမောင်က လူနာကုတင်ပေါ်တက်ရင်း လှမ်းဖြေသည်။
“အဖေ ဓာတ်စာတွေတော့ ဝယ်သောက်နေတယ်နော်။”
သားဖြစ်သူက ဆရာဝန်ကို တိုင်သည့်သဘောပြောသည်။ ကိုလှမောင်က ဓာတ်စာတွေအကြောင်း ဆရာဝန်ရှေ့တွင် မပြောလို။ ဆရာဝန်မကြိုက်မှန်းသိသည်။ အားမပေးမှန်းလည်းသိသည်။
“ကဲဘာဆေးတွေများ သောက်ထားလဲ ကိုလှဖေ”
အခုတစ်လော COVID တွေက အဖြစ်များနေတာနဲ့ ကိုယ်ခံအားတက်အောင် သောက်နေတာပါ”
“Vitamin C နဲ့ Vitamin D ရောပါရဲ့လား ကိုလှဖေ”
ခုခေတ်စားနေသော ဓာတ်စာတွင် မပါမဖြစ်ပါဝင်သော ဆေးများ။ စျေးတွေကလည်း မနည်း။
ကိုလှဖေ ခေါင်းညိတ်သည်။
“ဘယ်လိုသောက်နေလဲ”
“Vitamin C ၁၀၀၀ အားကို မနက် တစ်ကြိမ် ည တစ်ကြိမ်နဲ့ Vitamin D ၅၀၀၀ အားကို တစ်နေ့ တစ်ကြိမ်သောက်ပါတယ်”
ကိုလှဖေအစား သားဖြစ်သူမှ ဖြေသည်။ ဆရာဝန်သည် ကိုလှဖေတို့ လူတန်းစားများအတွက် စိတ်မကောင်းဖြစ်သွားသည်။ ဓာတ်စာတွေ၏ တန်ဖို့းကား မနည်း။ စျေးကြီးပေးဝယ်ရသည့်ဆေးများ။
“သောက်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ”
“တစ်လ ပြည့်တော့မယ်ဆရာ။ Vitamin C က ခါတိုင်း တစ်နေ့ကို တစ်ထောင်အားပဲသောက်တာ အခုရက်ပိုင်း မှ COVID တွေ အဖြစ်များနေတယ်ဆိုပြီး မနက် ၁၀၀၀ အား ည ၁၀၀၀ အား သောက်နေတာ”
ဆရာဝန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ များများသောက်တော့ မြန်မြန်ကုန်။ မြန်မြန်ကုန်တော့ များများရောင်းရသည့်အကွက်။
ကိုလှမောင်လို ကားသမားတစ်ယောက်ကား တစ်နေကုန်နေပူစပ်ကြား ကားမောင်းနေရသူတစ်ယောက်အတွက် စျေးကြီးပေးပြီးဝယ် သောက်နေသည်ဟုကြားရသော် စိတ်မကောင်းဖြစ်မိသည်။ ဓာတ်စာဝယ်သောက်မည့် ပိုက်ဆံနှင့် မိသားစု အဟာရပြည့်ဝသော အစားအစာများကိုသာ ဝယ်စားစေချင်သည်။
“၁၀၀၀ အားကို တစ်နေ့ နှစ်ကြိမ်သောက်မှာတော့ ဗိုက်အောင့်ပြီပေါ့။ Vitamin C ဆိုတာ ရေမှာ ပျော်ဝင်သော ဓာတ်။ ပိုနေလျှင် ခန္ဓာကိုယ်ကနေ ဆီးနှင့်အတူ စွန့်ထုတ်မှာ။ Vitamin C ဓာတ်ကိုလိုအပ်ရင် ချဥ်သော အသီးတွေစားလို့ရတယ်။ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ခရမ်းချဥ်သီးလိုမျိုး အချဥ်ဓာတ်ပါတဲ့ အသီးတွေကို စားသုံးလို့ရတယ်။ ပန်းဂေါ်ဖီစိမ်းနှင့် တကွ အသီးအရွက်တော်တော်များများမှာလည်း Vitamin C က ပါနေပြီးသား။
လိုအပ်လို့ သောက်သုံးမည်ဆိုပါကလည်း တစ်နေ့ ၅၀၀ အားဆို လုံလောက်ပြီ။ အလွန်အကျွံသောက်သုံးစရာမလိုဘူး။ အလွန်အကျွံသောက်တော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ်။ ဆေးတွေ အလွန်အကျွံသောက်သုံးတော့ ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ်။
နောက်တစ်ချက်က ကိုလှမောင်လို တစ်နေကုန် နေပူထဲ ထွက်ပြီး အလုပ်လုပ်နေရသူ တစ်ယောက်က Vitamin D ကို သောက်သုံးစရာမလိုဘူး ။ Vitamin D ဆိုတာ တစ်နေ့လိုအပ်ချက် ၄၀၀ နဲ့ ၆၀၀ အားလောက်ပဲ လိုအပ်တာ။ အများကြီးမလိုအပ်ဘူး။ နေရောင်ခြည်ရတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ Vitamin D ကို ဖြည့်စွက်စာအနေနှင့် သောက်စရာကို မလိုဘူး။
Vitamin D ကိုအလွန်အကျွံ သောက်ရင် ခန္ဓာကိုယ်မှာ Calcium ဓာတ်များလာမယ်။ Calcium ဓာတ်များလာလျှင် ပျို့ချင်အန်ချင်တာ အစားမစားချင်တာ အားနည်းသလိုမျိုး အပြင် ရေငတ်တာ ဆီးခဏခဏ သွားတာမျိုးဖြစ်တတ်တယ်၊ တစ်ချို့အစာအိမ်နာတာတွေ ဝမ်းချုပ်တာ ဝမ်းပျက်တာမျိုးလည်း ဖြစ်တတ်တယ်။
ဒီထက်ပိုဆိုးတာက အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ။ အဆိုးဆုံးကတော့ ကျောက်ကပ်ပျက်စီးတာပဲ။ အရာအားလုံးမှာ တန်ဆေး လွန်ဘေးဆိုတာ ရှိတယ်။ Vitamin C နဲ့ D ဆိုတာမျိုးက ပုံမှန်သောက်နေတဲ့ အားဆေးတွေထဲမှာ ပါပြီးသား။ နောက်ထပ် အပိုဆောင်းပြီး ထပ်သောက်စရာမလိုတော့ဘူး။ အခုသောက်နေတဲ့ ဆေး တွေကို ရပ်လိုက်ပြီး ပုံမှန် အားဆေး တစ်မျိုးသောက်ရင် လုံလောက်ပြီ။ ဓာတ်စာတွေ သောက်လို့ ကိုယ်ခံအား ကောင်းတယ်ဆိုတာ တကယ်က ဂျင်းအကြီးကြီးပဲ။ ဆေးရောင်းတဲ့ သူတွေက သူတို့ဆေးတွေကို ရောင်းချင်လို့ ဂျင်းထည့်တာ။ ဆရာဝန်တွေက လိုအပ်ရင် တိုက်မှာပေ့ါဗျာ။”
“ဟုတ်ကဲ့ပါဆရာ။” ကိုလှမောင်ကား ခေါင်းညိတ်၏။
ကိုလှမောင်ကို ဆေးတစ်လုံး ထိုးပေးလိုက်သည်။
ဆရာဝန်သည် ကိုလှမောင်ကို တရားချနေရသည်။ ဤဓာတ်စာသောက်ချင်သော လူများကို အခါအခွင့်သင့်တိုင်းလည်း တရားချနေရမြဲ။ သို့သော် ဆရာဝန်မသိအောင် လူနာများကလည်း ခိုးခိုး သောက်မြဲ။
Author: ဒေါက်တာအေးချမ်းမိုး