ဆောင်းရာသီဟာ အေးမြခြောက်သွေ့တဲ့ရာသီဖြစ်တာကြောင့် အအေးမိဖျားနာတာတွေအဖြစ်များတဲ့ကာလပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ဟာ ဝမ်းဗိုက်ထဲမှာကလေးလေးကိုထမ်းပိုးထားရတဲ့အတွက် မေမေတို့ကအခြားသူတွေထက်ကိုယ်ခံအားလျော့နည်းနေလေ့ရှိပါတယ်။ ကိုယ်ခံအားလျော့နည်းနေချိန်ဆိုရင် ရောဂါပိုးမွှားတွေဟာဝင်ရောက်ဖို့လွယ်ကူနေပါတယ်။ ဒါကြောင့် အအေးမိဖျားနာတွေအဖြစ်များတဲ့ ဆောင်းရာသီမှာမေမေတို့ဆီကို ရောဂါပိုးမွှားတွေမကူးစက်နိုင်အောင် ကိုယ်ခံအားတွေပြည့်ဝနေဖို့လိုအပ်ပါတယ်။ မေမေတို့ ကိုယ်ခံအားမြင့်တက်ပြီးကျန်းမာနေဖို့ ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာကို ဆက်လက်ဖတ်ကြည့်ကြပါမယ်။
အစာအာဟာရပြည့်ဝအောင် စားသုံးပါ
ကိုယ်ခံအားမြင့်တက်စေဖို့ အာဟာရပြည့်ဝစွာစားသုံးခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်။ အစာအုပ်စု၃အုပ်စုကို မျှတအောင်စားပေးရပါမယ်။ ပရိုတင်းဓာတ်ရရှိစေမယ့် အသား၊ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း၊ကြက်ဥ၊ ပဲအမျိုးမျိုးတို့အပြင် ဗီတာမင်ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံများ(လိမ္မော်သီး၊ ငှက်ပျောသီး၊ ပန်းသီး)နှင့် အသီးအရွက်များ (ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီ) စတာတွေဟာ ရောဂါပိုးမွှားတွေတိုက်ထုတ်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။ ဒီအစားအစာတွေကို မေမေတို့က နေ့စဥ်မျှတစုံလင်အောင် စားသုံးပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အိုင်အိုဒင်းဓာတ်ရရှိအောင် ပင်လယ်စာ၊ ဥနဲ့ အိုင်အိုဒင်းဆားတွေကိုလည်း သင့်တင့်သလောက်စားသုံးပေးသင့်ပါတယ်။
ရေများများသောက်ပါ
နွေရာသီလိုပူပြင်းတဲ့ရာသီဥတုမျိုးဆိုရင် ရေမကြာခဏသောက်တတ်ကြပေမဲ့ အေးမြတဲ့ဆောင်းရာသီမှာတော့ ရေများများသောက်ဖို့မေ့လျော့နေတတ်ကြပါတယ်။ ဆောင်းရာသီမှာဆိုရင် ခြောက်သွေ့တဲ့လေကြောင့် ခန္ဓာကိုယ်ကရေဓာတ်ပိုမိုပိုလိုအပ်တာဖြစ်လို့ တစ်ရင်ကိုရေ ၃ဖန်ခွက်ခန့်သောက်သုံးပေးရပါမယ်။ ရေဓာတ်ပြည့်ဝပြီးကျန်းမာနေတဲ့ခန္ဓာကိုယ်ကသာ ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ဂတ်စ်ပါဝင်မှုများတဲ့အဖျော်ယမကာတွေကို ရှောင်ကြဥ်သင့်ပါတယ်။ အဲဒါတွေအစား စွပ်ပြုတ်ရည် ဒါမှမဟုတ် လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာလေးတွေကို မေမေတို့ရွေးချယ်သောက်သုံးသင့်ပါတယ်။
တက်ကြွစွာနေပါ
အေးမြတဲ့ရာသီဥတုဟာ မေမေတို့ကိုလေးလံထိုင်းမှိုင်းစေပါတယ်။ ဒါပေမဲ့ ဗိုက်ထဲမှာရှိတဲ့ကလေးလေး နွေးထွေးစွာနေထိုင်နိုင်ဖို့အတွက် မေမေတို့ကတက်ကြွလှုပ်ရှားပေးနေဖို့လိုပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းစတာလေးတွေဆိုရင် အိမ်ထဲမှာဘဲအလွယ်တကူလုပ်ဆောင်ပေးလို့ရပါတယ်။ မေမေတို့ချော်လဲနိုင်ပြီးထိခိုက်ဒဏ်ရာရစေနိုင်တဲ့ ခက်ခဲတဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်ကြုံတွေ့ရတတ်တဲ့နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းနေ့စဥ်ပုံမှန်ပြုလုပ်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာတွေရရှိတဲ့အပြင် မေမေတို့ရဲ့ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။
နွေးနွေးထွေးထွေးနေပါ
ဆောင်းတွင်းအလွန်အေးနေတဲ့အချိန်မှာ မေမေတို့အလုပ်ကိစ္စနဲ့အပြင်ထွက်တော့မယ်ဆိုရင် နွေးထွေးလုံခြုံစွာဝတ်စားသွားဖို့လိုအပ်ပါတယ်။ အရမ်းအေးလွန်းတဲ့ဒေသတွေမှာဆိုရင် အအေးဒဏ်ခံနိုင်မယ့် အနွေးထည်၊ ဦးထုပ်၊ ဘောင်းဘီရှည်စသဖြင့်နွေးနွေးထွေးထွေး ဝတ်ဆင်ရပါမယ်။ မေမေတို့အနေနဲ့ အရမ်းအေးတဲ့အချိန် အပြင်မှာအကြာကြီးအချိန်ဖြုန်းတာမျိုးကို ရှောင်ကြဥ်ရပါမယ်။ စိုထိုင်းတဲ့ရာသီဥတုကြောင့် စိုစွတ်နေတဲ့မြေပြင်မှာလမ်းလျှောက်ရင်လည်း ချော်လဲမကျအောင်သတိထားရပါမယ်။
တုပ်ကွေးကာကွယ်ဆေးထိုးထားပါ
ဆောင်းတွင်းမှာဆိုရင် မိမိတို့ပတ်ဝန်းကျင်မှာ ဖျားနာ၊ချောင်းဆိုး၊ တုပ်ကွေးဖြစ်နေသူတွေများစွာရှိနေတတ်ပါတယ်။ ထိုသူတွေဆီကတစ်ဆင့် မေမေတို့ဆီကို တုပ်ရောဂါပိုးတွေမကူးစက်လာအောင် တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။ တုပ်ကွေးကူးစက်ခံရရင် မေမေမေတို့နေထိုင်မကောင်းဖြစ်သလို ကလေးလေးအတွက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
သန့်ရှင်းစွာနေထိုင်ပါ
ရောဂါပိုးမွှားတွေအလွယ်တကူမဝင်ရောက်လာနိုင်စေဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း အလွန်အရေးပါပါတယ်။ လက်ကိုမကြာခဏဆေးခြင်း၊ ရေပုံမှန်ချိုးခြင်းတို့အပြင် မိမိသုံးနေကျအသုံးအဆောင်ပစ္စည်းတွေကို အခါအားလျော်စွာ သန့်ရှင်းပေးရပါမယ်။ သန့်ရှင်းစွာနေထိုင်ခြင်းက ရောဂါပိုးတွေကင်းဝေးစေသလို စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့ပြင် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာတွေဖြစ်လေ့ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ဝမ်းဗိုက်တစ်ဝိုက်ကအရေပြားတွေယားယံပြီး ခြောက်သွေ့နေနိုင်ပါတယ်။ ဒါကြောင့် ရနံ့မပါတဲ့အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ်သုံးပေးပြီး ပူလွန်းတဲ့ရေနဲ့ရေချိုးခြင်းကို ရှောင်ရှားရပါမယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပါကျန်းမာနေမှ သန်မာကြံ့ခိုင်တဲ့ ကလေးလေးမွေးဖွားလာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဖျားနာလွယ်တဲ့ဆောင်းရာသီမျိုးမှာဆို မိမိကိုယ်ကိုပိုပြီးဂရုစိုက်ဖို့လိုအပ်တာဖြစ်လို့ အပေါ်မှာဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လိုက်နာဖို့လိုပါတယ်။ မေမေတို့အနေနဲ့ စနစ်တကျနေထိုင်မယ်ဆိုရင် ကျန်းမာတဲ့ကိုယ်ပွားကလေးလေးကို လွယ်ကူစွာမွေးဖွားလာနိုင်မှာဘဲဖြစ်ပါတယ်။