ကိုယ်အလေးချိန်တက်လာသည်ဟု မိမိကိုယ်ကိုထင်လာသည်နှင့်တစ်ပြိုင်နက် ပထမဦးဆုံးပြေးမြင်သည်မှာ အစားအစာစားသောက်ခြင်းကိုပင်ဖြစ်ပါသည်။ မိမိတို့၏ခန္ဓာကိုယ်သည်အသက်ရှင်လှုပ်ရှား နေထိုင်ရန်အတွက် စွမ်းအင်ကယ်လိုရီ လိုအပ်ပါသည်။ ကယ်လိုရီဝင်ရောက်မှုနှင့်လောင်ကျွမ်းမှု မညီမျှဖြစ်လာလျှင် ကိုယ်အလေးချိန် တက်လာခြင်း၊ လျော့ကျခြင်းများ ဖြစ်တတ်ပါသည်။
ကိုယ်အလေးချိန် မြင့်တက်လာရသောအကြောင်းရင်းများမှ ပထမဦးဆုံးဖြစ်သည်မှာ အစားအစာ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ကဆီဓာတ်၊ အစာအုပ်စု သုံးအုပ်စု စသည်တို့ကို မျှတစွာမစားဘဲတာရှည်ခံပစ္စည်းများနှင့်ထုတ်လုပ်ထားသည့် အစားအစာများ၊ စည်သွပ်ဘူးအစာများ၊ အချိုဓာတ်၊ သကြားဓာတ်များစွာပါဝင်သော အစားအစာသရေစာများ၊ အဆီအစိမ့်များသော အစားအစာများ စားသုံးခြင်းများကြောင့် ကိုယ်အလေးချိန်တက်လာရပါသည်။ ထို့ပြင် အချိုရည်များ၊ သကြားပါဝင်မှုများသော ဖျော်ရည်များအလွန်အကျွံသောက်ခြင်း၊ အရက်သောက်ခြင်း နှင့်ရေသောက်နည်းခြင်းတို့ကြောင့် ကယ်လိုရီစွမ်းအင်များ လိုအပ်သည်ထက်ပိုကာ ကိုယ်အလေးချိန်တက်လာရပါသည်။
ကယ်လိုရီစွမ်းအင်များလောင်ကျွမ်းစေရန်အတွက်မိမိတို့အနေဖြင့် အားကစားလှုပ်ရှားမှုပြုလုပ်ကြရပါသည်။ ယနေ့ခေတ်ကာလ အိုင်တီနည်းပညာများနှင့်အလုပ်လုပ်ရသောကြောင့် လူအများသည် ဖုန်း၊ကွန်ပျူတာရှေ့တွင်သာအချိန်ကုန်နေရပြီး လှုပ်ရှားမှုနည်းပါးလာကာ ကယ်လိုရီများမလောင်ကျွမ်းနိုင်ဘဲ ကိုယ်အလေးချိန်တိုးလာရသည်။
ခန္ဓာကိုယ်သည်တစ်နေ့တာစွမ်းအင်ကို အသုံးပြုပြီးရာတွင် ကောင်းမွန်စွာ အိပ်စက်အနားယူရပါသည်။ သို့သော် အိပ်စက်ရာတွင် အလွန်အကျွံ အိပ်စက်ခြင်း၊ အိပ်စက်ချိန်နည်းပါးခြင်းတို့ကလည်း ကိုယ်အလေးချိန်တက်စေပါသည်။ အိပ်စက်ချိန်မမှန်ခြင်းကြောင့်စိတ်ဖိစီးမှုကို ဖြစ်ပေါ်ကာ တစ်ဖန်ကော်တီဆောဟုခေါ်သည့် ဟော်မုန်းထွက်ကာ ဝိတ်တက်စေရပြန်ပါသည်။
ကိုယ်အလေးချိန်မြင့်တက်လာခြင်းသည် အလွန်အကျွံ အစားအသောက် စားသုံးခြင်းကြောင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အခြားအဓိကအကြောင်းရင်းများမှာမူ မိမိ၏မကျန်းမာသော အမူအကျင့်ဆိုးများကြောင့်လည်းဖြစ်ရပါသည်။ သုတေသနပြုလုပ်သူများကလည်း မကောင်းသော အလေ့အကျင့်တစ်ခုတည်းကပင် ကိုယ်အလေးချိန်ကို တက်စေခြင်းမဟုတ်ဟု သက်မှတ်ထားကြပါသည်။
များစွာသောအလေ့အကျင့်များထဲမှလူအများစုတွင်တွေ့ရသည်မှာ တီဗီကြည့်စဉ် အစားစားခြင်းဖြစ်ပါသည်။ တီဗီကြည့်စဉ် စားသောကြောင့် မိမိဦးနှောက်မှာ အစားစားရင်တီဗီကြည့်ရသည်ဟု စွဲမှတ်ကာ မိမိ၏မသိစိတ်ထဲမှအစားကိုစားနေကာ ဝိတ်တက်လာရပါသည်။ ထို့ပြင် စိတ်ခံစားမှုအတက်အကျရှိခြင်းကြောင့်စားခြင်း၊ လုပ်စရာမရှိပျင်းရိသောကြောင့်စားခြင်း စသည့်မိမိ၏မသိစိတ်အလေ့အကျင့်ကြောင့်စားမိခြင်းကြောင့်လည်း ဖြစ်စေပါသည်။
ထို့ပြင်ပြောင်းလဲလာသောခေတ်တွင် Buffet အဝစားဆိုင်များတွင်စားသောက်ခြင်းကိုလည်းမေ့ထား၍မရပေ။ အဝစားဆိုသည့်အတိုင်း မိမိပေးရသော စျေးနှုန်းနှင့် တန်အောင်၊ စိတ်ကျေနပ်မှုရှိအောင် အလွန်အကျွံစားကြသည်။ ထိုမျှသာမက Set လိုက်ဟင်းပွဲသောက်စရာအစုံများကို ဝယ်စားကြခြင်း၊ စားစရာများကို အိမ်မှနေ၍ခဏခဏမှာယူစားသောက်ခြင်းများကလည်း မိမိစိတ်ကိုမသိမသာအလေ့အကျင့်ဆိုးများဖြစ်သည်ဟုမထင်မှတ်စေဘဲ စားသောက်မှာယူနေကာ ကိုယ်အလေးချိန်တက်လာရပါသည်။
အစားအသောက်စားသည့်အလေ့အကျင့်များနှင့် ပက်သက်ရာတွင် သရေစာစားခြင်းသည်အလွန်အရေးပါသောအချက်ဖြစ်ပါသည်။ သရေစာဟုဆိုသည့်အတိုင်း မိမိ၏ခန္ဓာကိုယ်ကလိုအပ်ခြင်းမဟုတ်ဘဲ မိမိ၏စိတ်အာသီသကတောင်းဆိုသောအရာကြောင့်ဖြစ်ပါသည်။ ထမင်းစားပြီးသည့်အခါတွင် သရေစာစားသောသူသည် အမြဲစားနေမှရသောအကျင့်ဖြစ်နေသည်။ ဆေးလိပ်သောက်သောသူများကဲ့သို့သရေစာကို စွဲလမ်းနေကြပါသည်။ စျေးဝယ်သည့်အခါတွင်လည်းသရေစာလေးဝယ်လိုက်မှအာသီသပြေသွားသည့်အကျင့်ကြောင့်လည်း သရေစာကို ပိုမိုဝယ်ဖြစ်ကာ၊ မိမိ၏မီးဖိုချောင်ရေခဲသေတ္တာတွင်သရေစာများနှင့်ပြည့်နှက်နေပြီးလူ့သဘာဝအရမြင်သည်နှင့်စားချင်စိတ်ဖြစ်ပြီး စားကာ ဝိတ်တက်လာရပါသည်။
မိမိကိုယ်တိုင်အစားအသောက်ချက်ပြုတ်စားသောက်ရာတွင်လည်းချက်သည့်ပမာဏများခြင်း၊အစားအစာမှာယူစားသောက်ရာတွင်လည်း မိမိဗိုက်ဆာနေသောအချိန်တွင် အလွန်အကျွံမှာမိကာ မိမိစားနိုင်သောပမာဏထက်လွန်ကာပိုလျှံ၍ နှမြောပြီးကုန်အောင်စားတတ်ကြသည်။ ထိုမျှသာမကအလွန်အကျွံ ဝိတ်ချသောသူများတွင်လည်းဘဲ Diet ရပ်ပြီးသည့်နောက်တွင် အလွန်အကျွံပြန်စားကာ ဝိတ်တက်လာရပြန်ပါသည်။
ကိုယ်အလေးချိန်တက်စေသောအကြောင်းများသည် မိမိကိုယ်တိုင်၊ မိမိစိတ်၊ မိမိအလေ့အကျင့်များကြောင့်ပင်ဖြစ်သောကြောင့် မိမိ၏စိတ် အလေ့အကျင့်များကို ကောင်းမွန်စွာလေ့ကျင့်ပျိုးထောင်ကာကျန်းမာအသက်ရှည်နေထိုင်ကြရပါစေကြောင်း ဆုတောင်းအပ်ပါသည်။
Author: Dr. Win