ရာသီအကူးအပြောင်းကာလများတွင် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကျပြီး ရောဂါကူးစက်လွယ်၊ နာမကျန်းဖြစ်လွယ်တတ်သည်။ ထိုသို့ရာသီအကူးအပြောင်းတွင် အပူလျှပ်ခြင်း၊ အအေးမိဖျားနာခြင်းတို့ကို ခံစားရတတ်ပါတယ်။ လေ့လာချက်များအရ သွေးဖြူဥဆဲလ်များရဲ့ မျိုးရိုးဗီဇ ၃၅ ရာခိုင်နှုန်း သို့ ၅၀၀၀ ခန့်သည် ရာသီအကူးအပြောင်းအလိုက် ပြောင်းလဲမှုရှိကြပါတယ်။ ရောင်ရမ်းမှုကိုဖြစ်စေသည့် မျိုးရိုးဗီဇများ၏ လုပ်ဆောင်မှုများသည် နွေရာသီထက် ဆောင်းရာသီတွင် ပိုများကြောင်း လေ့လာတွေ့ရှိရသည်။
ရာသီတစ်ခုနှင့်တစ်ခု အကူးအပြောင်းတွင် နေရောင်ခြည်နှင့်အလင်းရောင် ရရှိမှုပေါ်မူတည်ပြီး ကိုယ်ခံအားအပြောင်းအလဲ ဖြစ်နိုင်သည်။ အလင်းရောင်ကောင်းမွန်စွာ ရရှိသောရာသီဥတုတွင် ကိုယ်ခံအားပိုကောင်းအောင် လှုံ့ဆော်ပေးကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ရာသီဥတုအကူးအပြောင်းတွင် နေရောင်ခြည်လုံလောက်စွာ ရသောအချိန်၌ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့လျှင် အနည်းဆုံး၁၅မိနစ်မှ မိနစ်၃၀ခန့် နေ့စဉ်လှုပ်ရှားပေးခြင်း ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်သည်။
ရာသီအကူးအပြောင်းမှာ ကိုယ်ခံစွမ်းအားမကျအောင် မိမိတို့၏စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်ပါတယ်။ အစားအစာများတွင်ပါဝင်သော ဗီတာမင်နှင့်သတ္တုဓာတ်များသည် ကိုယ်ခံစွမ်းအားကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်သည့် အစွမ်းရှိပါသည်။ ထို့ကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အသားနှင့်ငါး၊ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်ကြွယ်ဝသည့် အသီးအရွက်စသည့် အစားအသောက်အုပ်စုအားလုံး စုံလင်စွာစားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပေးရပါမယ်။ သကြားနှင့်ပြုပြင်ထားသော အသင့်စားအစာများ အလွန်အကျွံစားခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဘီအုပ်စု ကြွယ်ဝသောအသီးအရွက်များ၊ ဇင့်၊ ဆီလီနီယမ်၊ ဖော်လစ်အက်ဆစ်နှင့် သတ္တုဓာတ်များပါဝင်သော အစားအစာများကို လုံလောက်မျှတအောင် စားပေးရပါမည်။ ခန္ဓာကိုယ်အကျိုးပြု Probiotics ဖြည့်စွက်စာကို ဖြည့်စွက်သောက်သုံးပေးရမည်။ နေရောင်ခြည်လုံလောက်စွာ မရရှိသောဒေသများတွင် နေထိုင်လျှင် ဗီတာမင်ဒီချို့တဲ့နိုင်သဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီး ဗီတာမင်ဒီ ဖြည့်စွက်ဆေး သောက်သုံးရန်လိုအပ်သည်။
ကိုယ်ခံအားကောင်းအောင် အိပ်ရေးပျက်မခံပါနှင့်။ လုံလောက်စွာအနားယူပေးပြီး အိပ်ရေးဝဝအိပ်ရန် လိုအပ်ပါသည်။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ရန် ရေများများသောက်ပေးပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဆေးလိပ်၊ ဘီယာ၊ အရက် အလွန်အကျွံသောက်ခြင်းရှောင်ကြဉ်ပါ။ စိတ်ပင်ပန်း စိတ်ဖိစီးမှုများလျှင် ကိုယ်ခံအားကျဆင်းတတ်၍ စိတ်ဖိစီးမှုလျော့နည်းအောင် Stress Management တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲနေထိုင်ပါ။
လက်ကိုမကြာခဏ သန့်စင်ဆေးကြောပေးခြင်း၊ အပြင်သွားလျှင် လူထူထပ်သည့် နေရာရှောင်ခြင်း၊ ရာသီတုပ်ကွေး၊ ကိုဗစ်ကာကွယ်ဆေး စသည့်ဆေးများ မပျက်မကွက်ထိုးခြင်းတို့ ပြုလုပ်ပေးပါ။ ခန္ဓာကိုယ်အလေးချိန် ထိန်းပေးခြင်း၊ ရောဂါအခံရှိလျှင် ဆရာဝန်နှင့်သေချာ ကုသမှုခံယူခြင်း၊ သွေးတိုးဆီးချိုတို့ကို ထိန်းညှိထားခြင်းတို့ဖြင့် ကိုယ်ခံအားမကျအောင် လုပ်ပေးနိုင်သည်။ အရေးကြီးဆုံးအချက်အနေဖြင့် နေမကောင်းဖြစ်နေသူများနှင့် ထိတွေ့မှုမရှိအောင် အထူးဂရုတစိုက် ဆင်ခြင်နေထိုင်ခြင်းဖြင့် ရောဂါကူးစက်ခံရပြီး ကိုယ်ခံအားမကျအောင် ကာကွယ်နိုင်ပါသည်။
Dr. Yee Mon