ချွဲရယ်လို့ပြောလိုက်ရင် ချစ်စနိုးချွဲနွဲ့တာနဲ့ ချောင်းဆိုးချွဲကပ်ခြင်းဆိုတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ရပ်ကိုပါ ပူးတွဲပြီး အတွေးဝင်လာကြမယ်ထင်ပါတယ်။ ချောင်းဆိုးခြင်းဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ သဘာဝအလျောက် တုံ့ပြန်မှုဇီဝဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ ပြင်ပမှဝင်ရောက်လာသော ဖုန်မှုန့်၊ ရောဂါပိုး၊ အညစ်အကြေးများနဲ့ အဆုတ်ထဲရှိ လှုံ့ဆော်ပစ္စည်းများဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရှိ ချွဲထုတ်တဲ့ အရည်အိတ်ဂလင်းများ secretory glands ကို လှုံ့ဆော်မှု ပြုလုပ်ပါတယ်။ ဒီလိုလှုံ့ဆော်မှုကြောင့် ထွက်လာသော အရာများကို ခန္ဓာကိုယ်ပြင်ပသို့ ချွဲသလိပ်အဖြစ် ချောင်းဆိုးပြီး စွန့်ထုတ်ပါတယ်။
ချွဲသလိပ်များ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်းရှိနေလျှင် ခန္ဓာကိုယ်ကို လှုံ့ဆော်မှုဖြစ်ပြီး အာရုံကြောမှတဆင့် ဦးနှောက်ကို အချက်ပေးကာ ချောင်းဆိုးခြင်းဖြစ်စဉ်ဖြင့် ချွဲသလိပ်ကို ဖယ်ရှားရန် ကြိုးစားပါတယ်။ ဒါကြောင့် ချောင်းအဆက်မပြတ်ဆိုးခြင်း၊ ချွဲသလိပ်များ ရှိနေသမျှ နာတာရှည်ချောင်းဆိုးဝေဒနာ ခံစားရခြင်း၊ အဆုတ်ယောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ချွဲသလိပ်ထွက်ခြင်းဟာ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်း ဘက်တီးရီးယား၊ မှိုပိုး၊ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းအခြေအနေများ၊ အအေးမိတုပ်ကွေးဖျားနာ၊ ဓာတ်မတည့်ခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။ လေပြွန်များ နာတာရှည်ရောင်ရမ်းပြီး ချောင်းဆိုးချွဲကျပ်ခြင်း ကြာလာလျှင် နောက်ဆက်တွဲအနေနဲ့ အဆုတ်လေပြွန် ပြန်မကောင်းနိုင်ဘဲ ပျက်စီးသောရောဂါ brochiectasis ဖြစ်သည်အထိ ပြင်းထန်နိုင်ပါတယ်။
လေပြွန်ယောင်ခြင်း bronchitis၊ အဆုတ်ယောင် နမိုးနီးယား pneumonia နှင့် နာတာရှည် လေပြွန်ကျဉ်းပန်းနာရောဂါ chronic obstructive pulmonary disease (COPD)၊ ရင်ကျပ်ရောဂါ bronchial asthma၊ အဆုတ်လေအိတ်ပွရောဂါ emphysema၊ အအေးမိတုပ်ကွေး flu ဖျားနာချောင်းဆိုးခြင်း၊ ဓာတ်မတည့်ခြင်း allergy စတဲ့ အကြောင်းရင်းများကြောင့်လည်း ချွဲသလိပ်ထွက်နိုင်ပါတယ်။ နှာခေါင်းအနောက်ဘက်သို့ နှာရည်ပြောင်းပြန်စီးတဲ့ အခြေအနေများ post-nasal drip syndrome နှင့် ချွဲထခြင်းဟာ ဆက်စပ်တယ်လို့ ယူဆကြသော်လည်း တိကျတဲ့ လေ့လာတွေ့ရှိချက်များ မတွေ့ရသေးပါ။
နာတာရှည် ချောင်ဆိုးချွဲကျပ် လေပြွန်ယောင်ခြင်းကြောင့် အဆုတ်လေအိတ်ပွပြီး ပျက်စီးသော ရောဂါ emphysema ဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ လေအိတ်တွင်းရှိလေများ အဆုတ်အမြှေးပါးကြားထဲ ရောက်ရှိကာ အဆုတ်ကိုဖိပြီး အဆုတ်ပျက်စီး lung collapse ဖြစ်ခြင်း၊ နာတာရှည်ပိုးဝင်ခြင်းကြောင့် အဆုတ်ယောင်ပြီး pneumonia နောက်ဆက်တွဲ အဆုတ်ခဲခြင်း consolidation၊ အဆုတ်တစ်ရှုးများ ရှုံတွပျက်စီးခြင်း fibrosis ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ လေပြွန်ရောင်ရမ်းမှုကို အဓိကဖြစ်စေပြီး ထိုမှတဆင့် နာတာရှည် လေပြွန်ရောင်ရမ်းမှု Chronic Bronchitis ဖြစ်ကာ လေပြွန်ကျဉ်းလာခြင်းကို ပန်းနာရောဂါ COPD ဟုခေါ်ပါတယ်။ ပန်းနာရောဂါဟာ Respiratory failure ခေါ် အဆုတ်လုပ်ငန်းလုပ်ဆောင်မှု ပျက်စီးခြင်းမှ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်ပါတယ်။
ချွဲသလိပ်ရဲ့ မကောင်းတဲ့အချက်များ၊ နောက်ဆက်တွဲ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေများ မဖြစ်ရအောင် ချောင်းဆိုးချွဲကပ်ရင် အသက်ရှူလမ်းကြောင်း နံရံတလျှောက်ရှိ ချွဲသလိပ်များကို ဟတ်ထုတ်ဖယ်ရှားပေးရပါမယ်။ ရေများများသောက်ခြင်းဖြင့် ခန္ဓာကိုယ်ရေဓာတ်ဖြည့်ရပါမယ်။ မီးခိုးငွေ့၊ ဆေးလိပ်ငွေ့၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းအမှုန့်၊ အငွေ့များကဲ့သို့ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ကို ထိခိုက်ပျက်စီးစေသော အရာများကို ရှောင်ကျဉ်သင့်ပါတယ်။ Mucolytic agent ခေါ် ချွဲသလိပ်ပျော်ဆေးများနှင့် ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းနှင့် လိုအပ်ရင် ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ပြီး ရောဂါအဖြေရှာ ကုသမှုခံယူသင့်ပါတယ်။
Author: Dr. Yee Mon