ချောင်းတဟွတ်ဟွတ်နဲ့ ချွဲကျပ်ပြီးနေလို့မကောင်းဖြစ်နေရင် အသက်ရှူမဝ၊ မောပန်း၊ အိပ်ရေးပျက်တာကနေ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေပါ ထိခိုက်နိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ချွဲတွေထပြီး ချောင်းဆိုးတဲ့အခါ ချောင်းဆိုးသက်သာဖို့ cough medicine ချောင်းဆိုးပျောက်ဆေး များကို အသုံးပြုကြပါတယ်။ ချွဲသလိပ်ထွက်သည့် ချောင်းအစိုဆိုးခြင်း သို့မဟုတ် ချောင်းခြောက်ဆိုးခြင်း အပေါ်မူတည်ပြီး ချောင်းဆိုးပျောက်ဆေးများကို ရွေးချယ်ရပါမယ်။ ချွဲထွက်ပြီး ချောင်းဆိုးတဲ့အခါ cough suppressant/Antitussives ခေါ် ချောင်းဆိုးခြင်းကို ဟန့်တားဖိနှိပ်တဲ့ဆေးများ အသုံးမပြုသင့်ပါ။
ပုံမှန်အားဖြင့် အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးများအန္တရာယ်မှ ကာကွယ်ပေးသော ဆဲလ်နံရံနှင့် အချွဲများရှိပါတယ်။ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကဲ့သို့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဓာတ်မတည့်ခြင်းတို့ အချိန်ကြာကြာ လှုံ့ဆော်ခြင်းကြောင့် ပုံမှန်ထက်ပို၍ ချွဲထွက်များလာပြီး ချောင်းဆိုးချွဲကျပ် ဖြစ်လာပါတယ်။ အဆုတ်နှင့်အသက်ရှူလမ်းကြောင်း အတွင်းရှိ ချွဲသလိပ်များဟာ mucopolysaccharide ခေါ် ပရိုတင်း glycoprotein များဖြင့် အဓိက ပါဝင်ဖွဲ့စည်းထားပြီး disulphide bond များဖြင့် တွယ်ဆက်ပြီး အခဲအဖြစ်ရှိနေပါတယ်။
ချွဲထွက်ပြီး ချောင်းအစိုဆိုးရင် Mucolytics ခေါ် ချွဲပျော်ဆေးများ သောက်သုံးမှသာ ချွဲများမခဲဘဲပျော်ပြီး အသက်ရှူလမ်းကြောင်းမှ အလွယ်တကူ ဟပ်ထုတ်ပြီး ချောင်းဆိုးခြင်း သက်သာနိုင်မှာဖြစ်ပါတယ်။ ချွဲပျော်ဆေး Mucolytics ကို Classic နှင့် Peptide ဟူ၍ (၂) မျိုး ခွဲခြားနိုင်ပါတယ်။ Classic ချွဲပျော်ဆေးများက disulphide bond များကို ဖျက်ဆီးနိုင်သော အစွမ်းရှိတာကြောင့် ချွဲသလိပ်များ ပျစ်ခဲမှုမဖြစ်ဘဲ ချွဲပျော်စေနိုင်ပါတယ်။ N-acetylcysteine က Classic ချွဲပျော်ဆေးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပေးသော အာနိသင်နှင့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
Carbocisteine က Classic Mucolytics ချွဲသလိပ်ပျော်ဆေး အမျိုးအစား ဖြစ်ပါတယ်။ Carbocisteine ဟာ ချွဲသလိပ်ပမာဏကို များစေပြီး အပြင်သို့ ရှင်းထုတ်ရလွယ်ကူအောင် ပြုလုပ်ပေးနိုင်တဲ့ expectorative effect ရှိပါတယ်။ Fudosteine နှင့် erdosteine တို့ဟာ thiol derivatives ချွဲပျော်ဆေး အမျိုးအစားအသစ်များဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း anti-oxidant နှင့် ချောင်းဆိုးခြင်းကို ဟန့်တားပေးသော anti-tussive အာနိသင်ရှိပါတယ်။
Dornase alfa နှင့် thymosin β4 တို့ကတော့ Peptite mucolytics ချွဲပျော်ဆေးများဖြစ်ပြီး ချွဲများပျစ်ခဲမှုကို ဖြစ်စေတဲ့ DNA polymers နှင့် F-actin links ဒြပ်ပေါင်းများအပေါ် သက်ရောက်မှုအစွမ်း ရှိပါတယ်။ Peptite mucolytics ချွဲပျော်ဆေးများဟာ ချွဲသလိပ်များ၏ ပျစ်ခဲသိပ်သည်းဆ viscosity ကို လျော့စေသော အာနိသင်ရှိပါတယ်။ Bromhexine တွင် ချွဲသလိပ်များကို ချေဖျက်ပေးနိုင်တဲ့ Mucolytic action အာနိသင်ပါရှိတယ်။
Guafenesin က အမေရိကတွင် အသုံးပြုခွင့်ရတဲ့ တစ်ခုတည်းသော Expectorant action ရှိ ချွဲပျော်ဆေး အမျိုးအစားဖြစ်ပြီး ရေဓာတ်ကိုဆွဲပြီး ချွဲသလိပ်ကိုပျော်စေကာ အပြင်သို့ ဟပ်ထုတ်ပေးတဲ့ အာနိသင်ရှိပါတယ်။ နာတာရှည် ချောင်းဆိုးချွဲကျပ် ဝေဒနာအတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုရသော Potassium iodide ဆေးကို အသုံးပြုနိုင်ပါတယ်။
အထက်ပါ ချွဲပျော်ဆေးများဟာ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ Over the counter OTC ဆေးများနှင့် ဆရာဝန်ညွှန်ကြားမှုဖြင့် သောက်ရသော prescription ဆေးများဖြစ်ပါတယ်။ သဘာဝကုထုံးအရ ချွဲပျော်ဆေးအဖြစ် အသုံးပြုနိုင်သော ဆေးပစ္စည်းများမှာ ပရုတ်ပူရှိန်း Menthol ၊ နွယ်ပင်မှထုတ်ယူထားသောဆေး ivy leaf extract၊ ရေနွေးငွေ့၊ ပျားရည် စတာတွေ ဖြစ်ပါတယ်။
Author: Dr. Yee Mon