ဒေါသကိုထိန်းချုပ်ပါ
ကျွန်တော်တို့သည် ပုထုဇဉ်လူသားများဖြစ်သည့်အလျောက် လောဘ ဒေါသ မောဟ စသောကိလေသာများ နဲ့ မကင်းနိုင်ကြပေ။ ထိုအထဲကမှ သူတပါးကိုသာမက မိမိအဖို့ပါ ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသည့် ဒေါသအကြောင်းကို တင်ပြချင်ပါတယ်။ ဒေါသကို ဖြစ်ပေါ်စေသော အကြောင်းများစွာရှိပါသည်။ မိမိအသားနာသည်နဲ့ ဒေါသဖြစ်တတ်သလို မခံချင်စရာများကို ပြန်လည်တွေးတော ခြင်းဖြင့်လည်း ဒေါသထွက်တတ်ကြသည်။
တစ်ခါတစ်လေ သူတပါးအပေါ်မှာမဟုတ်ဘဲ မိမိကိုယ်မိမိလည်း ဒေါသဖြစ်တတ်သည်။ ဥပမာ ဒီခေါင်းကလည်း ခဏခဏကိုက်နေတာပဲ ဆိုပြီး မိမိဦးခေါင်းကိုပင် တူနဲ့ထုပစ်ချင်အောင် ဒေါသဖြစ်မိတာမျိုးလည်းရှိသည်။ ဒေါသကိုဆင်ခြင်ဉာဏ်ဖြင့် ထိန်းချုပ်နိုင်သူ လျော့နိုင်သူများလည်းရှိသည်။
တချို့သူများကတော့ မထိန်းချုပ် မလျော့ချသည့်အပြင် ဒေါသကိုလွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပြီး ဒေါသအလျောက်ပြုမူ ကြတာမျိုးလည်းရှိသည်။ ထိုသို့ ဒေါသနောက်လိုက်ကာ ပြုမူမိသော တဒင်္ဂအပြုအမူများ ဆုံးဖြတ်ချက်များသည် နောင်တွင်တစ်သက်တာနောင်တရမဆုံး ဖြစ်တာ ပြန်အဖတ်ဆယ်လို့မရတာတွေ အထိဖြစ်သွားနိုင်သည်။
ဒေါသကြောင့်ဘဝတခုလုံးပျက်ရသော သာဓကများစွာရှိသည်။ မိမိမယားကိုဒေါသဖြစ်ပြီး မီးအိမ်နဲ့ပေါက်ရာမှ တစ်အိမ်လုံးပြာကျကာ မိမိရင်သွေးငယ်ပါ မီးလောင်သေဆုံးတာမျိုးလည်းရှိဖူးသည်။ ဘာမဟုတ်တဲ့ဆားလေးတစ်ပန်းကန်ချေးထားသည်ကို ပြန်တောင်းရာက မရသဖြင့် ဒေါသထွက်ကာ လူသတ်မှုဖြစ်တာမျိုးလည်းကြားဖူးသည်။
တစ်ခါတစ်လေ ဒေါသအလျောက်သူများအပေါ် ပြုမှုရန်အခွင့်မရသောအခါ ပန်းကန်ခွက်ယောက်များ ပရိဘောဂများကို လက်လှမ်းမှီရာ ပေါက်ခွဲဖျက်ဆီးခြင်း အုတ်နံရံကို လက်သီးနှင့်ထိုးခြင်း စသော အပြုအမူများကို ပြုမူတတ်ကြသည်။ရလဒ်ကတော့ မိမိကိုယ်သာထိခိုက်ခြင်း ပစ္စည်းများပြန်ဝယ်ရခြင်းကြောင့်ငွေကုန်ခြင်းပင်ဖြစ်သည်။
လူသားများတွင်သာဒေါသရှိသည်မဟုတ် တိရစ္ဆာန်များသည်လည်း ဒေါသရှိသည်။ အကောင်အသေးဆုံးဖြစ်သော ပုရွက်ဆိတ်သည်ပင် သူ့အသိုက်ကို နင်းခြေခံရလျှင် သူ့အစာကို ဟန့်တားခံရလျှင် ဒေါသထွက်ပြီး ကိုက်တတ်သည်။ မည်မျှဒေါသထွက်သလဲဆိုရင် ပုရွတ်ဆိတ်ကိုယ်ကိုသတ်ပုတ်ခြေဖျက်စေကာမူ ခေါင်းကစွဲကိုက်ထားသဖြင့် ခေါင်းပြုတ်ပြီး ကျန်နေတတ်သည်။
ဒေါသကိုဘယ်လိုထိန်းမလဲ။
ဒေါသကိုထိန်းချုပ်ရန် မေတ္တာစိတ် ခွင့်လွတ်စိတ် ကိုမွေးရပါမည်။ မျှမျှတတ စဉ်းစားခြင်း အမြော်အမြင်ရှိခြင်းတို့ကိုလည်း စွဲပိုင်အောင် လေ့ကျင့်အားထုတ်ရပါမည်။ အိပ်ရာဝင် အိပ်ရာထ ချိန်မှစပြီး အမြဲတစေ မေတ္တာနှင့်ယှဉ်သော စိတ်ဓါတ်ကို မွေးနိုင်အောင်ကျင့်ပါ။
ဒေါသထွက်နေတဲ့အခါ မဖြစ်မနေစကားပြောရမည်ဆိုပါက အရင်ဆုံး ၁ကနေ ၁၀၀ထိရေပြီးမှ ပြောပါ ။ ထိုအခါအမှားပါနိုင်ချေနည်းပါတယ်။ အသက်ကိုရှုသွင်းရှုထုတ် ပြင်းပြင်း ၃ကြိမ်လုပ်ပါ။ အခြားသောခပ်ပြင်းပြင်းကိုယ်လက်လှုပ်ရှားမှုများလည်းလုပ်နိုင်သည်။ သို့သော်နံရံကိုတော့ လက်သီးနှင့်မထိုးပါနဲ့။ သီချင်းနားထောင်တာ ရေအေးအေးလေးသောက်လိုက်တာမျိုးတွေကလည်း သင့်ဒေါသကို အတိုင်းအတာတစ်ခုထိ သက်သာစေနိုင်ပါတယ်။
ဒေါသထွက်တာက ကျန်းမာရေးရှုထောင့်ကကြည့်လျှင် ဒေါသထွက်သူရဲ့ ခန္ဓာကိုယ်ကိုထိခိုက်စေပါသည်။ ဒေါသဖြစ်သောအခါ သွေးခုန်နှုန်းမြင့်တက်လာသည်။ နှလုံးရောဂါအခံရှိလျှင်ပိုဆိုးနိုင်သည်။ ထို့အပြင်သွေးတိုးရောဂါအခံရှိလျှင် သွေးတိုးကာ ဦးနှောက်သွေးကြောပြတ်၍ သေနိုင်သည်။
အဆုံးသတ်အနေနဲ့ပြောရလျှင် စိတ်ကိုအေးအေးထားနိုင်မှ ဘဝ၏သာယာမှုများကို ခံစားနိုင်မည်ဖြစ်သည်။ အစစတိုးတက်မှုများလည်းဖြစ်ပေါ်လာမည်ဖြစ်သည်။ ဉာဏ်လည်းရွှင်မည်။ သွေးလှည်ပတ်မှုများလည်း ပင်ကိုယ်အတိုင်းမှန်ပြီး ကျန်းမာရွင်လန်းမည် ဖြစ်ရာစိတ်ကိုအေးအေးထားကာ ဒေါသကိုတတ်နိုင်သလောက် လျှော့ကြပါလို့ အကြံပြုချင်ပါတယ်။
Author : Dr 528