အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ
စားပြီးအိပ်နေ ဘိက္ခုဝေ သေရင်ပက်လက် နတ်ပြည်တက် ဟူသောစကားသည်
ဘယ်ကဘယ်လိုဖြစ်လာသလဲတော့မသိပေ။ သို့သော်စားပြီးအိပ်ချင်သူများအဖို့ထိုစကားသည် လက်စွဲတော်စကားတစ်ရပ်ဖြစ်လာသည်။
စားပြီးဘာလို့အိပ်ချင်ရတာလဲ ?
အစာစားပြီးရင် လူတော်တော်များများဟာ တစ်မှေးလောက်မှေးချင်ကြပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ အစာစားပြီးတဲ့အခါ ခန္ဒာကိုယ်ထဲက အစာအိမ်က စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက်အလုပ်ပိုလုပ်ရပါတယ်။ ဒီအခါသွေးပိုလိုအပ်လာတဲ့အတွက် ဦးနှောက်က တခြားနေရာတွေကို သွေးပို့တာ လျှေ့ာလိုက်ပြီး အစာအိမ်ဆီကိုအလုပ်များများလုပ်နိုင်အောင်သွေးများများစေလွတ်ခိုင်းပါတယ် ။အဲ့လိုခိုင်းတဲ့အခါ ဦးနှောက်ဆီကိုသွားတဲ့သွေးပမာဏပါ လျော့သွားတဲ့အတွက် အိပ်ချင်ရခြင်းဖြစ်ပါတယ်။
စားပြီးအိပ်တဲ့အခါ ဝလာနိုင်ပါသလား ?
နေ့လည်နေ့ခင်းစားပြီးအိပ်တာကတော့ မဝစေပါဘူး။ သို့သော် လှုပ်ရှားမှုနည်းတဲ့ညပိုင်း အထူးသဖြင့်ညအိပ်ခါနီး မှာ အများကြီးစားပြီး တန်းအိပ်ရင်တော့ဝလာနိုင်ပါတယ်။ စားပြီးအိပ်မှဝတာမဟုတ်ပါဘူး ။ခန္ဓာကိုယ်ကချေဖျက်နိုင်တဲ့ပမာဏ တစ်နေ့တာလိုအပ်တဲ့စွမ်းအင်ပမာဏထက်စားရင်တော့ ဝလာမှာပါ။
စားပြီးပြီးချင်းအိပ်ရင်ဘာဖြစ်တတ်သလဲ ?
စားပြီးပြီးချင်းအိပ်တာက ကောင်းတဲ့အလေ့အကျင့် မဟုတ်ပါဘူး။ စားပြီးတဲ့အခါမှာ စားလိုက်တဲ့အစာတွေကိုချေဖျက်ဖို့အတွက် အစာအိမ်က အလုပ်ပိုလုပ်ရပါတယ်။စားပြီးပြီးချင်းအိပ်တဲ့အခါကျ အစာချေစနစ်ကိုကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အဲ့အခါမှာ ရင်ပူတာအစာချေရည်တွေအထက်ဆန်တာ တွေဖြစ်နိုင်ပါတယ် ။ဂရိနိုင်ငံကတက္ကသိုလ်မှာလုပ်တဲ့စစ်တမ်းတစ်ခုအရ စားပြီးပြီးချင်းအိပ်တဲ့သူတွေဟာ ပိုပြီး လေဖြတ်နိုင်ချေပိုများပါတယ် ။ စားပြီးပြီးချင်း အိပ်တာကို မလုပ်သင့်တဲ့အပြင်တခြားမလုပ်သင့်တဲ့အရာတွေကိုလည်း တစ်ခါတည်းပြောပြချင်ပါတယ် ။
ထမင်းစားပြီးပြီးချင်းဆေးလိပ်မသောက်ပါနဲ့
ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ထမင်းစားပြီးပြီးချင်းခံတွင်းချဉ်လို့ တစ်မျိုးမျိုးလိုနေသလိုထင်လို့ (ဘိုဖြူသီချင်းထဲကလိုပေါ့ ထမင်းစားပြီးတစ်မျိုးလို အိပ်ရာဝင်လည်းတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို)ဆိုတာမျိုုး ဆေးလိပ်ဖွာတတ်ကြသည်။ ဒါလုံးဝမလုပ်သင့်ပါဘူး။ စားပြီးပြီးချင်းဆေးလိပ်သောက်တာဟာ တခြားအချိန်မှာဆေးလိပ်သောက်တာထက် ၁၀ဆ အဆုတ်ကင်ဆာပိုဖြစ်နိုင်ပါတယ်လို့သုတေသနတွေအရသိရပါတယ်။
ထမင်းစားပြီးပြီးချင်းရေမချိုးပါနဲ့
ရေချိုးလိုက်တဲ့အခါမှာခန္ဒာကိုယ်ရဲ့ သွေးစီးဆင်းမှုကအစာအိမ်မဟုတ်ဘဲ တခြားနေရာတွေဖြစ်တဲ့ ခြေလက်တွေဆီ မှာ ပိုများသွားပါတယ်။
အဲ့အခါမှာအစာအိမ်ဆီသွေးရောက်တာနည်းသွားတဲ့အတွက်အစာချေခြင်းလုပ်ငန်းမှာကမောက်ကမဖြစ်စေပါတယ် ။
ထမင်းစားပြီးပြီးချင်းသစ်သီးမစားပါနဲ့
ကျွန်တော်တို့မြန်မာတွေ ထမင်းစားပြီးပြီးချင်းအချိုပွဲအဖြစ်သစ်သီးစားလေ့ရှိပါတယ်။ အမှန်တကယ်ကတော့ ထမင်းမစားခင်တစ်နာရီလောက်အလိုမှာစားတာမှ မှန်တာပါ။
ထမင်းစားပြီးပြီးချင်းလည်း လက်ဖက်ရည်မသောက်ပါနဲ့
ဘာလို့လဲဆိုတော့ လက်ဖက်ရည်မှာပါတဲ့ အက်စစ်ဓါတ်တမျိုးက စားတဲ့အစာထဲမှာပါတဲ့ပရိုတင်းဓါတ်ကို ပိုမာသွားစေလို့ အစာအိမ်ရဲ့အစာချေမှုကို ခက်ခဲစေပါတယ်။ နောက်ပြီးစားတဲ့အစာထဲမှာပါတဲ့သံဓါတ်စုပ်ယူမှုကိုလည်းဟန့်တားပါတယ်။
ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုတဲ့အတိုင်း အသက်ရှည်ချင်ရင်တော့ကျန်းမာစွာနေထိုင်မည့်နည်းလမ်းတွေကို ရွေးချယ်လိုက်နာပြီး နေထိုင်ပါလို့အကြံပြုရင်းအဆုံးသတ်လိုက်ပါတယ် ။
အာရောဂျံ ပရမံ လာဘံ
Author; Dr 528