တစ်နေ့တာပင်ပန်းနွမ်းနယ်ခဲ့သမျှ၊ လုပ်ဆောင်ခဲ့သမျှအလုပ်တာဝန်များကို အိပ်စက်ခြင်းဖြင့် အပန်းဖြေအနားယူလေ့ရှိကြသည်။ တစ်ခါတစ်ရံ အိပ်ရာပေါ်တွင်လှဲလိုက်ရုံဖြင့် ချက်ခြင်းအိပ်ပျော်သွားခြင်းမျိုးရှိသကဲ့သို့ စိတ်ထဲတွင်အတွေးပေါင်းစုံဖြင့် ဟိုတွေးဒီတွေး တွေးကာအိပ်မပျော်သော အခြေအနေမျိုးကိုလည်း လူတိုင်းနီးပါးကြုံတွေ့ဖူးပေလိမ့်မည်။ ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေစေဖို့ကလည်း လူနေထိုင်မှုစရိုက်ပုံစံ (အထူးသဖြင့် စားချိန်၊ အိပ်ချိန်၊ အလုပ်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်) အစရှိသည်တို့ကိုလည်း လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ရန် အရေးကြီးပေသည်။ အိပ်စက်အနားယူခြင်း အလေ့အထသည် မိမိတို့၏စိတ်ခံစားမှု အခြေအနေကိုလည်း ပြောင်းလဲစေနိုင်သည်။ လုံလောက်စွာအိပ်စက်ခြင်းမရှိပါက စိတ်ညစ်ညူးခြင်း၊ စိတ်ဓာတ်ကျခြင်းအစရှိသည် တို့ကို ခံစားရစေနိုင်သည်။ စာမေးပွဲဖြေဆိုရန်ရှိခြင်း၊ စိတ်လှုပ်ရှားစရာကြုံရမည့်ရက်နှင့် နီးကပ်လာခြင်း၊ အလုပ်တာဝန်များပိနေခြင်း၊ ပူပန်သောကများကို တွေးနေခြင်းတို့ကြောင့် အိပ်မပျော်ခြင်းများဖြစ်စေကာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်မည်ဖြစ်သည်။
အချိန်အနည်းငယ်သာလိုအပ်
ဆန်းစစ်လေ့လာတွေ့ရှိချက်များအရ အိပ်ရေးပျက်ခြင်း တစ်ရက်၊ နှစ်ရက်ဖြစ်ရုံဖြင့် ဦးနှောက်ဇီဝဖြစ်စဉ်ကို သိသာစွာ ပြောင်းလဲစေနိုင်ပြီး မိမိတို့၏စိတ်ခံစားမှုများကို မကောင်းသည့်ဘက်သို့ ပြောင်းလဲစေနိုင်သည်။ University of Pennsylvania မှ ဆန်းစစ်ချက်တွင် လူတစ်စုကိုတစ်နေ့လျှင် လေးနာရီသာတစ်ပတ်တိတိအိပ်စက်စေပြီး လေ့လာချက်များအရထိုသူတို့တွင် နေ့ဘက်အချိန်များ၌ စိတ်ပင်ပန်းနွမ်းနယ်နေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကို ခံစားစေရကြောင်းတွေ့ရှိရသည်။ ပုံမှန်စိတ်ဓာတ်အခြေအနေမျိုး ပြန်ရစေနိုင်ဖို့အတွက် ပုံမှန်အိပ်ချိန်ကို ပြန်လည်အိပ်စေပြီး ရက်အနည်းငယ်ကြာမှသာ ပြန်လည်ရရှိကြောင်းတွေ့ရှိရသည်။
ယနေ့ခေတ် လူနေမှုပုံစံများအရ လူအများစုသည် တဖြည်းဖြည်းအိပ်ချိန်နည်းလာသည်ကို ဝမ်းနည်းစွာတွေ့ရှိရပြီး လုံလောက်သည့်ကျန်းမာရေးအတွက် ကောင်းမွန်သည့် အိပ်စက်အနားယူခြင်းမျိုးကို မရရှိနိုင်တော့ပေ။ လွန်ခဲ့သောအချိန်ကာလများထက် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များ ပြောင်းလဲမှုမရှိသော်လည်း အိပ်ချိန်အားဖြင့် ၂၅ ရာခိုင်နှုန်း လျော့နည်းလာကြကြောင်းတွေ့ရှိရသည်။ ၁၉၀ဝ ပြည့်နှစ် ကျွန်တော်တို့၏အဘိုးအဘေးခေတ်တွင် တစ်နေ့လျှင် အိပ်ချိန်ကိုးနာရီခန့်ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ယေဘုယျအားဖြင့် ခုနစ် နာရီခန့်သာရှိတော့ကြောင်းတွေ့ရှိရသည်။ နေရာဒေသအချိန် ရာသီဥတုကွာခြားခြင်းတို့ကြောင့်လည်း အိပ်စက်အနားယူချိန်မတူညီကြောင်းကိုလည်း တွေ့ရှိရသည်။ မြောက်အမေရိကတိုက်၏ သုံးပုံပုံတစ်ပုံသည် တစ်နေ့လျှင် ခြောက်နာရီထက်နည်းစွာ အိပ်စက်ကြသည်။ အမေရိကန်ကဲ့သို့သော တိုင်းပြည်မျိုးတွင် ယေဘုယျအားဖြင့် တစ်နေ့လျှင် လေးနာရီမှ ငါးနာရီခန့်သာ အိပ်စက်အနားယူကြသည်။ ယနေ့ခေတ် လူနေထိုင်မှုပုံစံအရ ဖုန်းအသုံးပြုခြင်း၊ စာတိုပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုခြင်း အစရှိသည်တို့ကြောင့်လည်း အိပ်စက်အနားယူချိန် တစ်စထက်တစ်စလျော့နည်းလာကြောင်းတွေ့ရှိရသည်။ နည်းပညာ တိုးတက်လာသဖြင့် ကမ္ဘာကြီးကို အထောက်အကူပြုနိုင်သော်လည်း ကျန်းမာရေးရှုထောင့်အရ စနစ်တကျအသုံးချတတ်ရန်မှာ များစွာအရေးကြီးပေသည်။
အိပ်ရေးပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် ဆက်စပ်နေတတ်ခြင်းကြောင့် အောက်ပါအချက်များကို သတိပြုမိရန်လိုအပ်ပေသည်။
၁။ လုံလောက်စွာအိပ်စက်အနားယူခြင်းသည် လူတစ်ယောက်၏ ကျန်းမာပျော်ရွှင်ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံကို ရရှိစေနိုင်သည်။
၂။ စိတ်လှုပ်ရှားခြင်းကြောင့် အိပ်မပျော်ခြင်းဖြစ်ပေါ်ပါက စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်းတို့ကိုဖြစ်ပေါ်စေပြီး တဖြည်းဖြည်းနှင့် ရေရှည်ညအိပ်မပျော်ခြင်းကိုပါ ခံစားရစေနိုင်သည်။
၃။ အိပ်စက်အနားယူရန်ခက်ခဲခြင်းသည်လည်း စိတ်ဓာတ်ကျခြင်း၏ ပထမဆုံးရောဂါလက္ခဏာတစ်ခုပင်ဖြစ်သည်။
၄။ အိပ်စက်အနားယူခြင်းကြောင့် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် လိုအပ်သည့်ဇီဝဖြစ်စဉ်များကို ကောင်းမွန်စွာ လည်ပတ်စေနိုင်သည်။
အိပ်ရေးပျက်ခြင်းများ ရက်ဆက်လာပါက ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ထိုသို့ဖြည့်ဆည်းပေးရန်အတွက် ပြန်လည်အိပ်စက်ပေးခြင်းဖြင့် ပြုလုပ်နိုင်သော်လည်း ပုံမှန်အိပ်စက်ခြင်းကဲ့သို့ လန်းဆန်းမှုမျိုးရရှိနိုင်မည်မဟုတ်ချေ။ ဦးနှောက်သည် အိပ်စက်ချိန်များအတွင်းတွင် မိမိ၏မှတ်ဉာဏ်ကို ပြန်လည်စိစစ် သိမ်းဆည်းထားသော လုပ်ငန်းကိုလုပ်ဆောင်သည်။ ထို့အတွက် ကြောင့် အိပ်ရေးပျက်ခြင်းများပြားလာပါက ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းများပြား ခြင်းကြောင့် စိတ်ခံစားမှုကိုထိခိုက်စေနိုင်ပြီး စိတ်ခံစားမှုများကို ဆိုးရွားကာ ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်သည်။ သို့ဖြစ်ပါ သောကြောင့် နေ့စဉ်လူနေထိုင်မှုစရိုက်တွင် ပုံမှန်အိပ်စက်ခြင်း အလေ့အထကို ကျင့်သုံးရန်လိုအပ်ပေသည်။
အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်းကို ကာကွယ်နိုင်ရန် အိပ်ဆေးများကို အသုံးပြုနိုင်သော်လည်း လေ့လာတွေ့ရှိချက်များအရ အိပ်ဆေးများသည် အိပ်ချိန်ကို ၁၁ မိနစ်မှ ၁၉ မိနစ်သာ ပိုမိုစေကြောင်းတွေ့ရှိရသည်။ သို့သော်လည်း အိပ်ဆေးများကို ရေရှည်သုံးစွဲပါက ပုံမှန်ဇီဝဖြစ်စဉ်များကို ထိခိုက်စေနိုင်သောကြောင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင့်သည်။ ပူပန်သောကများ၊ စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ မေ့ဖျောက်ထားပြီး ကောင်းမွန်စွာအိပ်စက်အနားယူသင့်သည်။ တရား ထိုင်ခြင်း၊ စိတ်တည်ငြိမ်စေရန် ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း တို့ကိုလည်းပြုလုပ်သင့်သည်။ အိပ်စက်အနားယူခြင်းသည် လူသားအားလုံးတို့အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည့်အလျောက် ကောင်းမွန်စွာနေထိုင်သော ဘဝပုံစံကိုရရှိစေရန် ကြိုးစား ရယူသင့်ပေသည်။