ဇီဝကတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သန်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနေဆဲပါ။ အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု နည်းလို့ရယ် ၊ အစားအသောက်တွေ ချက်ပြုတ်ရာမှာ သေချာ ချက်ပြုတ်တတ်မှု အားနည်းလို့ပါ ။
သန်ထခြင်းဟာ ကလေးငယ်တွေမှာ ပိုဖြစ်ပါတယ်။ ကလေးတွေဟာ ညစ်ပေတဲ့အထိ ဆော့တတ် ကစားတတ်ကြပါတယ်။ ဆော့ကစားပြီး သေချာ ဆေးကြောမှုမရှိက လက်သည်းကြားက သန်ကောင်ဥတွေဟာ ကိုယ်ထဲကို ရောက်သွားပါတော့တယ်။ တစ်ခါတလေကျတော့ သေချာ ကျက်အောင် မချက်ထားတဲ့ အသားတွေကနေတဆင့်လည်း လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ် ။
တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ သင့်လျော်တဲ့ ကုသမှုတွေဟာ သန်ထခြင်းကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ ဒါ့အပြင် သန်ထတဲ့အခါ အစားအသောက်တွေကို ဂရုတစိုက် ရွေးချယ် စားသောက်သင့်ပါတယ် ။
ဘာတွေ စားသောက်သင့်သလဲ ဆိုရင် သန်ထတဲ့အခါ ရေခပ်နွေးနွေး ကိုသောက်ပါ။ Anti-oxidant ပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပါ။ ချင်းစိမ်းဟာ သန်ထတာကို သက်သာစေပါတယ်။ သန်ထနေတဲ့ ကလေးတွေက ချင်းစိမ်းကို ဒီအတိုင်း စားချင်မှ စားကြမှာပါ။ ဒါကြောင့် ချင်းကို ပါးပါးလှီးကာ အသီးအရွက် အသုတ်တွေထဲ ထည့်ကျွေးနိုင်ပါတယ်။
ကြက်သွန်ဖြူဟာလည်း သန်ကောင် ခိုတွယ်တာကို ကာကွယ်တဲ့အပြင် ကိုယ်ခံအားကိုလည်း တက်စေလို့ စားပေးသင့်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ အစာခြေအင်္ဂါတွေရဲ့ လုပ်ငန်းကို ပိုမိုကောင်းမွန်စေလို့ သန်ထခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပေါကြွယ်ဝတဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ ၊ပဲသီးနဲ့ ပဲနီလေး ၊ ပေါင်မုန့်ကြမ်းနဲ့ ခေါက်ဆွဲခြောက်များကို စားသုံးပေးပါ ။
ပရိုဘိုင်အိုတစ်(Lactobacငillus နဲ့ Sacchromyces)များ ပေါကြွယ်ဝစွာပါတဲ့ လတ်ဆတ်တဲ့ ဒိန်ချဉ်တွေကို သောက်သုံးပေးသင့်ပါတယ် ။ သူတို့ဟာ အူလမ်းကြောင်းကို ထိန်းညှိပေးတဲ့အတွက်
သန်မထစေပါ ။ သန်ထချိန်မှာ အသားဓာတ်ရအောင် ငါးနဲ့ ပဲအမျိုးမျိုးကို စားပါ။
ဘာတွေ ရှောင်ရမလဲဆိုရင် အသားများစားခြင်းကို ရှောင်ပါ ။ ပြုပြင် ပြင်ဆင်ထားတဲ့ အသင့်စား အစားအသောက်တွေ ၊အချိုဓာတ်များတာတွေ ၊ အဆီအဆိမ့်တွေ ရှောင်သင့်ပါတယ် ။ ဒါ့အပြင် ကဖင်းပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာများကို ရှောင်ပါ ။
Author : ခေတ်သစ် ဇီဝက