၂၁ ရာစုမှာ နည်းပညာများ တိုးတက်လာတာနဲ့ အမျှ အပန်းဖြေဖို့ နည်းလမ်းမျိုးစုံ ပေါ်ပေါက်လာတယ် ။ထိုအထဲတွင် ကွန်ပျူတာဂိမ်း ၊မိုဘိုင်းဖုန်းဂိမ်း
၊ ဗွီဒီယိုဂိမ်းတို့သည်လည်း တစ်ခုအပါအဝင်ပါ ။ဘယ်အရာမဆို တော်သင့်ရုံသာ ကောင်းသည့်နည်းတူ ဂိမ်းများကို တရားလွန် စိတ်စွဲကာ ဆော့ကစားခြင်းကြောင့် မိမိတို့ လူမှုဘ၀ ထိခိုက်ကြရသူများ ဒုနဲ့ဒေးပါ ။အထူးသဖြင့် ကျောင်းနေအရွယ် လူငယ်များအဖို့ အတန်းပညာရေးထိခိုက်တဲ့အထိ ဒုက္ခများရတဲ့ သတင်းတွေ ဇီဝကတို့ ကြားဖူးနေကြရပါတယ် ။
ဂိမ်းစွဲလမ်းခြင်းဆိုတာ ဘာပါလဲ။
စွဲလမ်းခြင်းမှာ နှစ်မျိုး နှစ်စားရှိပါတယ်။ အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ (ဥပမာ-အရက်နဲ့ ဆေးဝါးများ) ၊ အပြုအမူတစ်ခုခုကို ဖြစ်စေ မသုံးစွဲရ မနေနိုင်၊ မလုပ်
ရ မနေနိုင်အောင် ဖြစ်ကာ ယခင်ကထက် ပိုမို သုံးစွဲ ပြုမူလာခြင်းပါ။ ဒါ့အပြင် ထိုသို့ မသုံးစွဲရ၊ မလုပ်ရရင် ထိုသူတို့ဟာ ယောက်ယက်ခတ်၊ ဂနာမငြိမ်ဖြစ်လာတတ်ကြပါတယ်။
ဂိမ်းစွဲနေပြီလို့ ဘယ်လို သိနိုင်မလဲဆိုရင် ဂိမ်းဆော့နေရင် ထမင်းမေ့ ဟင်းမေ့ဖြစ်မယ်။ အိပ်ဖို့တောင် သတိမရ။ ကျောင်းနေအရွယ် လူငယ်တွေဆိုရင်ကျောင်းပြေးပြီး ဂိမ်းဆော့တဲ့အထိ အားလုံးကိုမေ့ပြီး မဆော့ရ မနေနိုင်အောင်ဖြစ်မယ်။ တစ်ခါတလေ စိတ်ဓာတ်တွေ ကျလာတတ်တယ်။ လူကြီးမိဘတွေက သူတို့ကို ဂိမ်းဆိုင်က ခေါ်ထုတ်လာရင် ချောင်မှာကုတ်ပြီး ငိုနေတတ်တယ်၊ ငိုင်နေတတ်တယ်။ စားဖို့ ၊အိပ်ဖို့ ၊အလုပ်လုပ်ဖို့ အားလုံးကို ငြင်းဆန်တတ်တယ် ။
ဂိမ်းစွဲခြင်းဟာ ဘေးဖြစ်စေတတ်သလား။
ဂိမ်းစွဲလမ်းမှုကို သာမန်အားဖြင့် ကြည့်ရင် အန္တရာယ်မရှိနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ ဆေးစွဲသူတွေဟာ သူတို့ရဲ့ လက်တွေ့ပြင်ပ ဘဝမှာ ကြုံတွေ့ ခံစားရတာတွေကို ခံနိုင်စွမ်းမရှိတဲ့အခါ ဆေးသုံးပြီး မိမိတို့ရဲ့ အတွေးဘုံမှာ ပျော်မွေ့ကြပါတယ်။ ထိုသို့ အတွေးလွန်ရင်း ဆေးအချိန်အဆ များက အသက်ဆုံးတတ်ကြပါတယ်။ ဂိမ်းစွဲလမ်းခြင်းကတော့ လူကို ချက်ချင်းမသေစေနိုင်ပေမယ့် ဘဝကို သုံးစားမရတဲ့အထိ ပျက်စီးစေနိုင်တယ်။ ဘာလို့လဲဆိုရင် ဂိမ်းစွဲလမ်းသူတွေဟာလည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး သူတို့ရဲ့ သီးခြား ကမ္ဘာမှာ ပျော်မွေ့လွန်သွားကြလို့ပါ ။
ကလေး တစ်ယောက်ဟာ တစ်နေ့ကို ဂိမ်း ၄-၅ နာရီလောက် ထိုင်ဆော့မယ်ဆိုရင် သူ့အတွက် ပေါင်းသင်းဆက်ဆံရေး၊ အတန်းစာလုပ်ချိန် ၊ အားကစားလုပ်ချိန် တွေရှိတော့မှာ မဟုတ်ပါ။ ဒီလိုဖြစ်လာရင် သူတို့ရဲ့ လူနေမှု အသိုင်းအဝန်းကနေ သွေဖည်လာပါလိမ့်မယ်။ အရွယ်ရောက်ပြီး လူငယ်တွေဆိုရင် လူမှုရေး ၊စီးပွားရေး ၊မိသားစုရေးတွေပါ ထိခိုက်လာနိုင်ပါတယ် ။
ဂိမ်းဆော့တိုင်း မကောင်းဘူးလို့ ပြောလို့ မရပါ။ တချို့သော ဂိမ်းတွေသည် တွေးခေါ် မြော်မြင်နိုင်စွမ်း ၊တီထွင်ဖန်တီးနိုင်စွမ်း တိုးပွားစေသလို သူငယ်ချင်းအသစ်များ ၊လေ့လာစရာအချက်အလက်သစ်များလည်း ရစေပါတယ်။ တစ်ကမ္ဘာလုံးရှိ ၈၀ ရာခိုင်နှုန်းသော ဂိမ်းကစားသူများဟာ အန္တရာယ်ကင်းစွာ ဆော့
ကစားနိုင်ကြပါတယ်။ အဓိကကတော့ မိမိစိတ်ကိုနိုင်ပြီး ဂိမ်းကစားခြင်းကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတာပါ ။
မိဘများအနေနဲ့ သတိပြုရန်အချက်များ
မိမိတို့ ကလေး ဂိမ်းကစားချိန် ပိုများလာရင်၊ တခြားအလုပ်များ (ကျောင်းစာ ၊အားကစား) လုပ်ချိန်များလျော့နည်းကာ ဂိမ်းကစားဖို့ပဲ အားသန်နေရင် ၊ကြုံတွေ့နေရသောအခက်အခဲများ (စိတ်ဓာတ်ကျမှု ၊ ပူပင်သောကရောက်မှု၊ အတန်းအတွင်း အဆင်မပြေမှုများ)တွေကို ဂိမ်းကစားခြင်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားနေရင်၊ သူငယ်ချင်းများနဲ့ မိဘတွေကို ဖုံးကွယ်ပြီး ဂိမ်းကစားနေရင် ၊ ဂိမ်းမကစားရ တဲ့နေ့တွေမှာ ကယောက်ကယက်နဲ့ နေမထိ ထိုင်မသာဖြစ်ရင် မိဘတွေအနေနဲ့ သတိထားသင့်တယ် ။
မိဘတွေအနေနဲ့ ဘာတွေ လုပ်ပေးဖို့ လိုသလဲ
မိမိတို့ကလေး ဂိမ်းစွဲနေပြီလို့သိတာနဲ့ ဂရုစိုက်ပါ။ လျစ်လျူမရှုပါနဲ့။ ဘယ်လောက်အတိုင်းအတာထိ ဂိမ်းစွဲနေပြီလဲ ဆိုတာ သေချာ မှတ်ပါ။ သူတို့အပြု
အမူတွေကို သတိထားကြည့်ပါ။ တစ်နေ့ ဘယ်လောက်ကြာကြာ ကစားလဲ ၊ ဂိမ်းမကစားရရင် ဘယ်လို တုန့်ပြန်သလဲဆိုတာ သေချာ မှတ်သားပါ။ ဂိမ်းကစားချိန်ကို တဖြည်းဖြည်းချင်း လျော့ပါ။ ကလေးမှာ ဘာတွေ စိုးရိမ်သောက ၊ပူပင်စရာ အခက်အခဲများရှိလဲ လေ့လာပါ။
လိုအပ်ရင် ကလေးရဲ့ သူငယ်ချင်းများ၊ အတန်းပိုင် ဆရာမများနဲ့ တိုင်ပင်ပါ။ လက်တွေ့ဘဝမှာ ဂိမ်းကစားခြင်းထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ ၊ ပျော်ဖို့ ပိုကောင်းသော အရာများ ရှိသေးကြောင်း မိမိတို့ကလေး သိအောင် ကြိုးစားပါ။ ရောဂါမရင့်မီ ကျွမ်းကျင်သော ကျန်းမာရေး ပညာရှင်များနဲ့ တိုင်ပင်ပါ။
Author : ခေတ်သစ် ဇီဝက