ပြောင်းလဲလာသော လူနေမှုစရိုက်များအရ မြန်မာနိုင်ငံတဝှမ်း အကင်ဆိုင်များ ၊ ဟော့ပေါ့ ဘူဖေးဆိုင်များ မှိုလို ပေါ်ပေါက်လာတာ အတော်ကြာလှပါပြီ ။ အကင်ဆိုင်များတွင်လည်း ပျားပန်းခတ်မျှ လူများ စည်ကားနေကြတာလည်း တွေ့ရပါတယ်။ ဒါကြောင့် တရှူးရှူး တရှဲရှဲနဲ့ ကင်တဲ့ အကင်များနဲ့ ကျန်းမာရေးအကျိုး သက်ရောက်မှုအကြောင်း ဆွေးနွေးချင်ပါတယ် ။
WHO အဖွဲ့ရဲ့ လက်အောက်အဖွဲ့အစည်းဖြစ်တဲ့ IARC (International Agency for Research on Carcinoma) ဆိုတဲ့ ကင်ဆာရောဂါအကြောင်း လေ့လာနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းက အနီရောင်ရှိ အသားများကင်စားက ကင်ဆာဖြစ်နိုင်ခြေရှိတယ် ၊ ပြုပြင် ပြင်ဆင်ထားတဲ့ အသားများကင်စားက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေက ၂၀ ရာခိုင်နှုန်းထိ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ် ။
အသား ၊ငါးတွေ ကင်တဲ့အခါ အသားတွေမှာရှိတဲ့ ပရိုတင်းဓာတ်နဲ့ အပူ မီးနဲ့ တွေ့တဲ့အခါ HCA (Heterocyclic Amines) များထွက်လာပါတယ် ။ဒါ့အပြင်ကင်တဲ့အခါ ထွက်လာတဲ့ မီးခိုးများနဲ့ အကင်မှာကပ်နေတဲ့ မီးခိုးတူးများထဲမှာ ပါတဲ့ PHA (Polycyclic aromatic hydrocarbon) နဲ့ အထက်ပါ HCA တို့ကြောင့် ကင်ဆာဖြစ်နိုင်ခြေ များရတာပါ။
အကင်စားတဲ့သူတွေမှာ အဖြစ်များတဲ့ ကင်ဆာ ရောဂါများဟာ ခေတ်သစ် ဇီဝက အူမကြီးကင်ဆာ ၊ မုန့်ချိုအိတ် ကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ ဆိုရင် ပြုပြင် ပြင်ဆင်ထားတဲ့ အသားတွေ စားသူတွေ ၊ ချက်ပြုတ် ကင်နည်း မမှန်သူတွေ ၊အပူချိန်များများနဲ့ အချိန်ကြာကြာ ကင်သူတွေမှာ ပိုဖြစ်နိုင်ပါတယ် ။
ဘယ်လို အသားတွေ ရွေးချယ် ဝယ်ယူမလဲ ။
-လတ်ဆတ်သော အသားများ ၊ ပြုပြင် ပြင်ဆင်ထားခြင်း မရှိသော အသားများ
-အဆီ မပါသော အသားများ
-ဈေးဝယ်တဲ့အခါ အသားငါးကို နောက်ဆုံးမှ ဝယ်ပါ
-အသားငါးတွေကို သေချာ ထုပ်ပိုးပြီး ဟင်းသီးဟင်းရွက်များနဲ့ ခွဲထားပါ
-ဈေးဝယ်ပြီးတာနဲ့ အချိန် မလင့်စေဘဲ တန်းပြန်ပါ
-အိမ်ပြန်ရောက်တာနဲ့ မချက်သေးက ရေခဲ သေတ္တာထဲ တန်းထည့်ပါ
-အကင် အကျန်တွေကို နောက်ထပ် ထပ်မံစားချင်က ၂နာရီအတွင်း ရေခဲသေတ္တာ ထဲ ထည့်ပါ ။အခန်းအပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက်ထက်များက ၁ နာရီအတွင်း ထည့်ပါ ။ပြန်နွှေးစားတဲ့အခါ မီးအပူချိန်ကို ၁၄၀ ဒီဂရီဖာရင်ဟိုက်ထက်များပါစေ ။
ကင်တဲ့အခါ ဘယ်လောက်အပူချိန်တွေ ထားကင်မလဲ ။
-ကြက်သားဆိုရင် ၁၆၅ ဒီဂရီဖာရင်ဟိုက်
-အမဲသားဆိုရင် ၁၆၀ ဒီဂရီဖာရင်ဟိုက်
-ဝက်သားဆိုရင် ၁၆၀ ဒီဂရီဖာရင်ဟိုက်
-ငါးဆိုရင် ၁၄၅ ဒီဂရီဖာရင်ဟိုက်
ဘယ်လို ကင်ကြမလဲ ။
-မကင်ခင် အရင်ဆုံး ရှာလကာရည် ၊ သံလွင်ဆီ ၊ သံပုရာရည် ၊ ဟင်းခတ်အမွှေး အကြိုင်များနဲ့ စိမ်ထား သုတ်ထားသင့်တယ်။
-ရေခဲသေတ္တာထဲက ထုတ်ပြီးပြီးချင်း အသားများကိုု မိုက်ခရိုဝေ့ဖ်နဲ့ အရင်ပြန်နွှေးပါ ။ ဒါမှ ကင်တဲ့အခါ အချိန် သက်သာမှာပါ ။ ၂မိနစ်လောက် မိုက်ခရိုဝေ့ဖ်နဲ့ ပြန် နွှေးခြင်းဟာ ကင်ဆာဖြစ်စေတဲ့ HCA ကို ၉၉ ရာခိုင်နှုန်းအထိ လျော့နည်းစေပါတယ် ။
-အဆီ မပါတဲ့ အသားကိုပဲ ကင်ပါ
-အသားတုံးသေးသေးသာ ကင်ပါ
-အသားနဲ့ မီးတိုက်ရိုက် ထိတွေ့ကာ မကင်ပါနဲ့
-အသားအောက်မှာ အပေါက်ငယ်များ ပါတဲ့ အကင်ပြားခံပါ ၊ ဒါမှ အသားနဲ့ မီးတိုက်ရိုက် မထိတွေ့ပါ ၊အသားထဲက အရည်များ မီးဖိုထဲ တိုက်ရိုက်မကျစေဘဲ
အခိုးငွေ့နည်းမှာပါ ။
-အချိန် အကြာကြီး မကင်ပါနဲ့
-မီးအပူချိန်ကို ၃၂၅ ဒီဂရီဖာရင်ဟိုက်ထက် မများပါစေနဲ့
-မကြာခဏ ကင်ထားတဲ့ အသားကို လှန်ပေးပါ
-ကင်ပြီး ပစ်မထားပါနဲ့
-မီးခိုးတူးနေတဲ့ အသားနေရာကို ဖယ်စားပါ
-အသားကိုဟင်းသီးဟင်းရွက်များဖြင့် ရောကင်ပါ
-ကင်တဲ့ မီးဖိုနဲ့ အကင်အောက်ခံပြားများကို သန့်ရှင်းစွာ ထားပါ
Author : ခေတ်သစ် ဇီဝက