ဒီခေတ်ကြီးထဲမှာ အားဆေးတွေဆိုတာ တံဆိပ်မျိုးစုံ အမျိုးစုံ တစ်ခုပြီးတစ်ခု အပြိုင်အဆိုင်ပါ။
ဘယ်အားဆေးကိုသောက်ကြမှာလဲ။ အားဆေးက အချိန်တိုင်းသောက်ဖို့လိုတတ်လား။
ဆရာရေ ဒီအသက်အရွယ်မှာ ဘယ်လိုအားဆေးသောက်ရပါမလဲ။
အားဆေးဆိုတာ တံဆိပ်တွေ အများကြီးပါ။ တစ်မျိုးချင်းသီးသန့်လည်းရှိတယ်။ အမျိုးမျိုးပေါင်းထားတာလည်းရှိပါတယ်။ ကိုယ်က ဘယ်လိုအားဆေးကိုသောက်ချင်တာလဲ၊ ဘာတွေခံစားရလို့လဲ ပေါ်မူတည်ပါတယ်။ မဖြစ်မနေ အားဆေးသောက်ရမယ်တော့ မဟုတ်ပါဘူး။ အားဆေးတောက်လျှောက် စွဲသောက်ဖို့လည်း လိုချင်မှလိုပါမယ်။ တချို့ကျတော့လည်း တကယ်လိုလို့သောက်ရတာဖြစ်တော့ ဆေးပမာဏပြည့်မှီအောင် သောက်ရပါတယ်။
အားဆေးတွေ အများကြီးပေါင်းထားတာတွေမှာ နာမည်တွေပဲကွာတာပါ။ ပါဝင်တာတွေ တူတူပါပဲ။ တစ်ချို့ဆေးတွေမှာ တော့ ဂျင်ဆင်းပါတာလည်းရှိပါတယ်။ ဆေးတွေအများကြီးပေါင်းတာက ပုံမှန်လူတွေသောက်လို့ အဆင်ပြေစေမယ့် ဆေးပမာဏတွေ ထည့်ပေးထားတာပါ။
ဓာတ်တစ်ခုခု ဖြစ်စေ၊ ဗီတာမင်တစ်ခုခုဖြစ်စေ ချို့တဲ့တဲ့သူတွေမှာကျတော့ ချို့တဲ့တာကို ဆေးပမာဏပြည့်မှီအောင် သောက်ပေးဖို့လိုပါတယ်။ အဲလိုအခါမျိုးမှာ အားဆေးအစုံပါတာထက်စာရင် တစ်မျိုးချင်းက ပိုသင့်တော်ပါတယ်။ တစ်မျိုးတည်းအားဆေးတွေပဲ များနေပြန်တော့လည်း လူနာအတွက်ဆေးများပါတယ်။ ဒါကြောင့်တကယ်လိုတာကိုပဲ လိုအပ်တဲ့ပမာဏထိသောက်ပေးပြီး ဆက်သောက်ဖို့လိုမလိုကို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြန်လုပ်ပေးဖို့လိုပါတယ်။
အားဆေးသောက်ဖို့ စဉ်းစားနေတယ်ဆို အရင်ဆုံး ကိုယ်ဘာဖြစ်လို့သောက်မှာလဲ။ ဘာတွေခံစားရလို့လဲ ဆိုတာကို ပြန်စဉ်းစားပါ။ အဆင်ပြေတယ်ဆို နီးစပ်ရာဆရာဝန်တွေ တိုင်ပင်ပါ။
ကလေးငယ်တွေ အစားမစားလို့ဆိုရင် အားဆေးလိုတာတစ်ခုတည်း ဟုတ်ချင်မှဟုတ်မယ်။ ကလေးဆိုတာ ထမင်းကျွေးရ ခက်ပါတယ်။ အရင်ဆုံး စိတ်ရှည်လက်ရှည်နဲ့ သင့်တော်တဲ့အစားအစာလေးတွေ လုပ်ကျွေးပါ။ ကျွေးတဲ့အခါ အာရုံပြောင်းကျွေးပါ။ သရေစာတွေ အများကြီးမကျွေးပါနဲ့။ သူတို့လည်းကြိုက်မယ်၊ အာဟာရလည်းဖြစ်မယ် ဆိုတာလေးတွေ ရောကျွေးပါ။ နောက်ဆုံးမှ အားဆေးတိုက်ဖို့စဉ်းစားပါ။ lysine ပါတာတိုက်ပါ။ အားဆေးတိုက်လည်း သေချာ ချော့ကျွေးဖို့ လိုပါသေးတယ်။
ကလေးငယ်တွေ ဉာဏ်ကောင်းဖို့ကလည်း အားဆေးနဲ့ပဲမဆိုင်ပါဘူး။ အိပ်ရေးဝဖို့လည်းလိုတယ်။ စိတ်လည်း ပေါ့ပေါ့ပါးပါး ဖြစ်ရမယ်။ စာတွေပဲ ဝူးဝူးဝါးဝါးကျက်နေလို့ မရပါဘူး။ စာကို အရင်ဆုံး ကိုယ်တိုင်ကိုယ်ကျ နားလည်မှ မှတ်မိမှာပါ။ သေချာဖတ်ဖို့လည်း လိုတယ်။ ခဏခဏ ပြန်ဖတ်ပေးရပါမယ်။ ကိုယ့်အတွေးနဲ့ စဉ်းစားတတ်ရပါမယ်။ ဒါမှ ဉာဏ်ကောင်းလာမှာပါ။ လိုအပ်ရင်တော့ ကလေးတွေကို ငယ်ငယ်တည်းက folic acid တောက်လျှောက်တိုက်ပါ။
ကလေးလူကြီး အားလုံး ခဏခဏမဖျားဖို့ ဘာအားဆေးသောက်ရမလဲ ဆိုရင်လည်း အတူတူပဲ။ ဘာကြောင့်ဖျားနိုင်လဲကို အရင်စဉ်းစားပါ။ အအိပ်အစား ကောင်းနေမယ်။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်တယ်ဆို ခဏခဏမဖျားပါဘူး။ နေပူထဲ မလိုပဲမထွက်နဲ့။ ထွက်လည်း ထီးဦးထုပ် ဆောင်းပါ။ အဆီအဆိမ့်၊ အငံများတာတွေ၊ အချိုများတာတွေ၊ အအေးစာတွေ၊ အပူအစပ်တွေ အလွန်အကျွံမစားပါနဲ့။ အရည် များများသောက်ပေးဖို့လည်းလိုပါတယ်။ မဖြစ်မနေသောက်မှ ဖြစ်မယ်ဆိုရင် vitamin c အားဆေးသောက်ပေးလို့ရပါတယ်။
အမျိုးသမီးတွေမှာလည်း ဘာအားဆေးသောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာ လတိုင်းရာသီသွေးပေါ်နေတာရှိတော့ သံဓာတ်အားဆေးတွေ၊ folic acid တွေ အလျဉ်းသင့်သလိုသောက်ပေးလို့ရပါတယ်။
သွေးအားနည်းတယ်ဆိုတိုင်းလည်း သံဓာတ်အားဆေးပဲသောက်ရမယ် မဟုတ်ပါဘူး။ ဘာကြောင့် သွေးအားနည်းတယ်ဆိုတာပေါ် မူတည်ပါတယ်။ သံဓာတ်အားဆေးအပြင် folic acid နဲ့ vitamin b12 စတာတွေလည်းလိုတတ်ပါတယ်။ အသား၊ ငါး၊ ပဲ၊ ကြက်ဥ၊ နို့၊ အသီးအရွက် အားလုံးကိုမျှမျှတတ စားနေမယ်ဆို ထင်သလောက် သွေးအားမနည်းတတ်ပါဘူး။
အမျိုးသမီး အသက်ကြီးပိုင်းတွေမှာတော့ သွေးဆုံးပြီးတဲ့အခါမှာ အရိုးပွတတ်တာတွေကြောင့် calcium ကို နေ့တိုင်းသောက်ပေးဖို့ လိုတတ်ပါတယ်။ နို့၊ ကြက်ဥ၊ ပေါင်မုန့် တွေလည်းစားပေးရပါတယ်။ သွေးဆုံးပြီးချိန်တွေမှာ အသားအရေခြောက်တာတွေ၊ အလိုလိုနေရင်း အားနည်းနေတာတွေ လည်းဖြစ်တတ်တယ်။ အအိပ်အစားလည်း သေချာဂရုစိုက်ဖို့လိုတယ်။ ရေလည်း များများသောက်ပေးရပါတယ်။ အသားအရေအတွက်လည်း သဘာဝနည်းတွေနဲ့ အားဖြည့်ပေးပါ။ လိုအပ်လာရင်တော့ vitamin e သောက်ပေးလို့ရပါတယ်။
အမျိုးသား အသက်ကြီးပိုင်းတွေမှာလည်း ပန်းသေပန်းညှိုး ပြဿနာတွေ ကြုံတတ်ကြပါတယ်။ အဲလိုအခါမျိုးမှာ ဘာဆေးသောက်ရင် ကောင်းမလဲဆိုတာထက် ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို သိဖို့လိုပါတယ်။ ဆေးလိပ်၊ အရက်သောက်နေရင် ဖြတ်ဖို့လိုပါတယ်။ စိတ်လည်းမဖိစီးစေပဲ ပေါ့ပေါ့ပါးပါးနေရပါမယ်။ ဆီးချိုရှိရင် သေချာကုရပါမယ်။ ခါးထိထားဖူးတွေ၊ ဆီးကျိတ်ကြီးနေတာတွေဆို သေချာကုပေးရပါမယ်။ ဒါအတွက်ဆေးသောက်ရမယ်ဆိုလည်း အားဆေးလောက်ပဲသောက်ထားပါ။ vitamin အစုံပါတာတွေပါပဲ။ ပန်းသေပန်းညှိုးဆေးတွေက တကယ်လိုအပ်မှပဲ သမားတော်တွေနဲ့ တိုင်ပင်ပြီးသောက်တယ်ဆိုပိုကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ များလို့ပါ။
ရောဂါတစ်ခုချင်းစီနဲ့ လူနေမှု့ပုံစံ တစ်ခုချင်းစီပေါ်မူတည်ပြီး အားဆေးသောက်ဖို့လို၊ မလို ကွာခြားတတ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အားဆေးသောက်မယ်ဆိုလည်း သင့်တော်တဲ့ဆရာဝန်နဲ့ပဲ သေချာတိုင်ပင်ပါ။ အားဆေးတွေများတိုင်းလည်း မကောင်းပါဘူး။ တန်ဆေးလွန်ဘေးဖြစ်တတ်လို့ပါ။
Author: Dr. CST