အိပ်စက်ခြင်းသည် လူသားများ၏ ကျန်းမာရေးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ အိပ်စက်ချိန် တိုတောင်းခြင်း၊ အိပ်မပျော်ခြင်းတို့ကြောင် ကိုယ်ရောစိတ်ပါ ထိခိုက်နိုင်ပါသည်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဆီးချို သွေးချို အဝလွန်ခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း၊ ကိုယ်ခံအားလျော့နည်းခြင်း၊ အစာမကြေခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။
အိပ်စက်ခြင်းဖြင့် မိမိဘဝသက်တမ်း၏ သုံးပုံတစ်ပုံခန့်ကို ကုန်ဆုံးရခြင်း ဖြစ်သည့်အတွက် ကောင်းမွန်စွာ အိပ်စက်နိုင်ရန်နှင့် အိပ်မပျော်သည့်ရောဂါ မဖြစ်ပေါ်စေရန် အောက်ပါအချက်များကို သတိပြုလိုက်နာရန် လိုအပ်ပါသည်။
အိပ်ချိန်ဇယား သတ်မှတ်ခြင်း
တစ်ညအိပ်ချိန် အနည်းဆုံး ၇ နာရီရှိရပါမည်။ အကောင်းဆုံး အကြံပြုချက်မှာ နေ့စဉ် ၈ နာရီ အိပ်သင့်ပါသည်။ တစ်နေ့အိပ်ချိန်လိုအပ်ချက်မှာ အသက် ၂၅ နှစ်မျ ၆၄ နှစ်အထိ ၇နာရီမှ ၈ နာရီ ရှိရမည်ဖြစ်ပါသည်။ အကယ်၍ အိပ်ချိန်များလွန်းပါကလည်း စိတ်ဓာတ်ကျခြင်းကဲ့သို့ စိတ်ကျန်းမာရေး၊ ပြဿနာများ ရှိတတ်ပါသည်။
ပုံမှန်ညစဉ်အိပ်ချိန် သတ်မှတ်ပြီး အိပ်ပါ။ ညဘက် စောစောအိပ်ရာဝင်၍ နံနက်စောစောထနိုင်ရန် အိပ်ချိန်ဇယားကို ညှိနှိုင်းသတ်မှတ်ပါ။ အားလပ်ရက်များတွင် အိပ်ချိန်ကို ပိုမိုအိပ်စက်ခြင်း မပြုလုပ်ရပါ။ နေ့စဉ် ပုံမှန်အိပ်ရာဝင်ချိန်ထချိန်ကို ထိန်းသိမ်းနိုင်ရန် ကြိုးစားသင့်ပါသည်။ နေ့စဉ် အိပ်ရာဝင်ချိန်ကို ည ၁၀ နာရီထက် နောက်မကျသင့်ပါ။
နေ့လည်တမှေးမှေးခြင်း
နေ့လည်ပိုင်းအိပ်ခြင်းကို အချိန်ကြာမြင့်စွာ အိပ်ခြင်းကို ရှောင်ပါ။ နာရီဝက်ထက် မပိုသင့်ပါ။ မိနစ် ၂၀ မျှဖြစ်သင့်ပါသည်။ နေ့လည် တစ်နာရီနှင့် သုံးနာရီကြား အချိန်သည် နေ့လည်တမှေးအိပ်စက်ခြင်း အကောင်းဆုံးအချိန်ဖြစ်ပါသည်။
ညဘက်အိပ်ရေးမဝ၍ နေ့လည်တွင် အစားထိုးအိပ်ခြင်း မပြုသင့်ပါ။ နေ့လည် တမှေးမှေးခြင်းမှာ စိတ်ပင်ပန်းမှု လျော့ကျစေနိုင်ပြီး စိတ်စွမ်းရည်မြင့်တက်စေပါသည်။ နှလုံးနှင့် သွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုု်င်နှုန်း လျော့နည်းစေနိုင်ပါသည်။
အိပ်ရာဝင်ချိန် မပျက်ကွက်ခြင်း
အိပ်ရာဝင်ချိန် ည ၁၀ နာရီထက် နောက်မကျသင့်ပါ။ အိပ်ရာဝင်ချိန် စိတ်အနှောင့်အယှက် ဖြစ်စရာများ မတွေးပါနှင့်။ မိမိ၏ စိတ်နှင့်ကိုယ်ကို အားပေးလိုက်ပါ။ အိပ်ချိန်ရောက်လာပါက အိပ်ရာထဲဝင်လိုက်ပါ။ မအိပ်ချင်သေးလဲ မျက်လုံးမှိတ်၍ အိပ်ပျော်အောင် ကြိုးစားပါ။ ဝင်လေ၊ ထွက်လေ ရှုမှတ်ခြင်း၊ ဘုရားစာရွတ်ဆိုခြင်းများ ပြုလုပ်သင့်ပါသည်။ ညာဘက် နှာခေါင်းပိတ်၍ ဘယ်ဘက်နှာခေါင်းပေါက်ဖြင့်သာ အသက်ရှူပေးခြင်းကို ငါးမိနစ်ခန့် ပြုလုပ်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်သွားစေနိုင်ကြောင်း ယောဂလေ့ကျင့်ခန်းတစ်ခု ဆိုပါသည်။
Author: ဟိန်းဇာနည် ဆေး ၂, Healthcare Journal, vol 8,no 32 (25.8.17)