တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူ နှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး။
ဒါကကုန်းဘောင်မင်းဆက် ဘကြီးတော်မင်း လက်ထက် လူဦးမင်း ရေးတဲ့တော်ဝင်ကွမ်းစာချိုး(ဒွေးချိုး)ပါ။
ကွမ်းရွက်ကယ်ညှာကြွေ၊ ရေစိမ်တဲ့ဆေး၊သန်းခေါက်လှိုင်လှိုင်နဲ့ ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ် အာပေါက်မှထွေး၊ ဒါကကုန်းဘောင်မင်းဆက်ဘကြီးတော်မင်းလက်ထက် ဖိုးသူတော်ဦးမင်းရေးတဲ့ ကျေးလက်ကွမ်းစာချိုး(ဒွေးချိုး)ပါ။
ဒီဒွေးချိုးနှစ်ခုကို ထောက်ရှုခြင်းအားဖြင့် ကွမ်းကို ရှေးယခင်ခေတ်များကတည်းက ဘုရင်မင်းမြတ်မှအစ သူဆင်းရဲများအထိ အမြတ်တနိုး စားသုံးခဲ့ကြကြောင်း ထင်ရှားပါတယ်။ သမိုင်းကိုပြန်လေ့လာကြည့်ပါက ကွမ်းစားခြင်းဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်မတိုင်မီ တကောင်းခေတ်မှာလောက်ကတည်းက ရှိခဲ့တယ်လို့ တချို့သော စာအုပ်တွေမှာ ရေးထားကြပါတယ်။
ဒါပေမဲ့ သမိုင်းသုတေသီတွေကတော့ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှ ကွမ်းစားခြင်းစတယ်လို့ အထောက်အထားတွေနဲ့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ပုဂံခေတ်မှာတော့ ကွမ်းကိုရဟန်းရှင် လူအများစားကြောင်း သက်သေအခိုင်အမာများစွာတွေ့ရပါတယ်။
အခုထိလည်းမြန်မာနိုင်ငံမှာ ကွမ်းကိုမက်မက်မောမော စားသုံးသူတွေများပါတယ်။ အခုနောက်ပိုင်းအမျိုးသားတွေသာမက အမျိုးသမီးတွေပါ တော်တော်များများ ကွမ်းစားလာကြပါတယ်။ ကွမ်းယာဆိုင်တွေကလည်း တစ်လမ်းကိုတစ်ဆိုင်မက သုံးလေးဆိုင်ထိ တိုးပွားလာပါတယ်။ လတ်တလောမပြေလည်တဲ့ဝမ်းရေးကို အရင်းနည်းနည်း အမြတ်များများကျန်တဲ့ကွမ်းယာဆိုင်လေးတွေဖွင့်ပြီး ဖြေရှင်းရာကနေ ဟန်ကျတော့ လိုက်လုပ်ကြရင်းနဲ့ ကွမ်းယာဆိုင်တွေ များလာပါတယ်။
စစ်တမ်းတွေအရ ကွမ်းစားခြင်းဟာ ပါးစောင်ကင်ဆာ ခံတွင်းကင်ဆာ ဆီးကျောက်တည်တာ စတဲ့ ဆိုးကျိုးများရှိတဲ့အပြင် ပြည်သူပိုင်လမ်းတွေ နေရာတွေဟာ ကွမ်းတံတွေးကြောင့် အမြင်မလှ ဖြစ်နေတာတွေ တွေ့ရပါတယ်။
ကွမ်းယာကို စည်းကမ်းမဲ့စွာ မစားဖို့၊ ကွမ်းတံတွေး လျှောက်မထွေးဖို့ ကွမ်းရဲ့ဆိုးကျိုးများစတဲ့ လှုပ်ရှားမှုများနဲ့အတူ ကွမ်းယာဆိုင်တွေ ပိတ်ရတော့မလိုလို သတင်းထွက်ခဲ့ပါတယ်။ အဲဒီအခါမှာ ကွမ်းကြိုက်တဲ့သူ ကွမ်းရောင်းတဲ့သူအများစုက ဘာပြောကြသလဲဆိုတော့ ကွမ်းယာစားခြင်း ကွမ်းယာရောင်းချခြင်းကို ပိတ်ပင်ခြင်းဟာ မတရားပါဘူး။ အရက်ဆိုင်တွေ အရင်ပိတ်ပါ။ ဆေးလိပ်ကို အရင်တားဆီးပါ။ ဆေးခြောက်ရှု ဘိန်းရှုနေတဲ့သူတွေကို အရင်ဖမ်းရမှာပါတဲ့။
တချို့ကျတော့လည်း ကွမ်းကြောင့် ကျန်းမာရေးထိခိုက်မယ် ဆိုတဲ့အပြောမျိုး ပညာပေးတာကိုတောင်လက်မခံကြဘဲ “ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ကွမ်းစားလာတာကွာ၊ သက်တမ်းစေ့နေသွားကြတာချည်းပဲ” ဆိုတာမျိုး ပြောကြသလို “ဒို့ကွမ်းယာမှာပါတဲ့ လေးညှင်းတို့ စမုံစပါးတို့ ဖာလာတို့နွယ်ချို တို့ဆိုတာဟာ သွားကို သိပ်အထောက်အကူပြုတာမောင်”လို့ ကိုယ့်ကို ဆရာကြီးပြန်လုပ်သွားတာမျိုး တွေလည်းရှိသည်။
သူတို့ပြောသလို အရင့်အရင် ဘိုးဘေးလက်ထက်တုန်းကတော့ ကွမ်းစားတာဟာ ဆိုးကျိုးမရှိကောင်းမရှိခဲ့လိမ့်မယ်။ ယခုက ခေတ်ကွာသွားပြီ။ စီးပွားရေးကျပ်တည်းလာတာနဲ့အတူ ဆိုင်တချို့က အရင်းနည်းပြီး အမြတ်များများကျန်အောင် အရည်အသွေးညံ့တဲ့ကွမ်းရွက်တွေ၊ မှိုတက်တာ မသိအောင်ဆေးဆိုးထားတဲ့ ကွမ်းသီးတွေကို သုံးလာကြသည်။ နောက်ကွမ်းယာထဲထည့်စားတဲ့ ဆေးတွေကလည်းတံဆိပ်အမျိုးမျိုးမှာကို အတုတွေကလည်း ခွဲခြားသိဖို့လုံးဝမလွယ်အောင် အမျိုးမျိုး ပေါ်နေတယ်။
နောက်ဒီဘက်ခေတ်မှာ အများစု ကွမ်းစားတာက အရင့်အရင်ကလို ထုံး ကွမ်းသီး နဲ့ ရှားဆေးလောက်သာ ထည့်စားတာမဟုတ်ဘဲ တစ်ဖက်နိုင်ငံတွေနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝင်လာတဲ့ နှပ်ဆေးတွေကော မှောင်ခိုဝင်လာတဲ့ နှပ်ဆေးတွေပါ ထည့်စားလာကြပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ကတော့ အောက်ပါဆိုးကျိုးတွေကို ခံစားလာကြရပါတယ်။
– ကွမ်းယာတွင်ပါဝင်သောဓာတ်ပစ္စည်းများနဲ့ ခံတွင်းရှိဆဲလ်များထိတွေ့မှုများပြီး နောက်ပိုင်းတွင် ဆဲလ်များမူမမှန်ဖြစ်လာကာ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာများဖြစ်ခြင်း
– Oral Submucous Fibrosis ပါးစောင်ရဲ့အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း
– သွားရဲ့ကြွေလွှာများကိုပျက်စီးစေခြင်း
– နှုတ်ခမ်း၊သွားနှင့် သွားဖုံးများကို အရောင်စွန်းစေခြင်း
– ဆီးကျောက်တည်ခြင်း
– အခြားအစားအစာများ ဆေးများနှင့်မတည့်သောအခါ အဆိပ်ဖြစ်စေခြင်း
– နှပ်ဆေးတွင်ပါဝင်သောနီကိုတင်းဓါတ်ကြောင့် ကွမ်းကိုစွဲလမ်းစေခြင်း
– မျိုးဆက်ပွားပြဿနာ ( မွေးဖွားလာသောကလေးတွင် ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးခြင်း)
ဒါတွေကတော့ ကွမ်းစားသူခံစားရမယ့်ဆိုးကျိုးတချို့ဖြစ်ပါတယ်။ ပတ်ဝန်းကျင်အနေaနဲ့ ကြည့်ရင်တော့ ကွမ်းစားသူရဲ့ စည်းမဲ့ကမ်းမဲ့ထွေးသော ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို အကျည်းတန်စေနိုင်ပါတယ်။ ဒါ့ပြင် ကားမောင်းရင်းနဲ့၊ ဒါမှမဟုတ် ကားစီးရင်း ဆိုင်ကယ်စီးရင်းနဲ့ ထွေးချလိုက်တဲ့ကွမ်းတံတွေးဟာ အများပိုင်လမ်းကို ညစ်ပတ်စေရုံသာမက နောက်မှာပါလာတဲ့ လမ်းသွားလမ်းလာတွေအပေါ်ကို စင်မိခဲ့ရင် အခန့်မသင့်ပါက မလိုလားအပ်တဲ့ ရန်ပွဲတွေပါ ဖြစ်လာနိုင်ပါတယ်။
နေ့စဉ်နေ့တိုင်း မြန်မာပြည်လူဦးရေရဲ့ ခုနစ်သန်းကျော်ဟာ ဆေးရွက်ကြီးထွက်ပစ္စည်း(ဓာတုပစ္စည်းတွေ)ပါတဲ့ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးထွက်ပစ္စည်းတွေ စားသုံးမှုကြောင့်ရောဂါဖြစ်ပြီး သေဆုံးသူအရေအတွက်ကလည်း တစ်နှစ်ကို ခြောက်သောင်းကျော်လောက်ရှိတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးအတွက်ဆိုးကျိုးများစွာရှိသောကွမ်းယာစားခြင်းကိုဖြစ်နိုင်ပါက ရှောင်ပါ။ မရှောင်နိုင်လို့ စားပါကလည်း လျှော့စားပါ။ ကွမ်းတံတွေးကိုလည်း ကျွတ်ကျွတ်အိတ်နဲ့ထွေးပြီး သေချာချည်ကာ အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါလို့ အကြံပြုလိုပါတယ်။
Author : Dr. 528