အိပ်ချိန်တွင် စမတ်ဖုန်းများကို အနားမှာထားအိပ်ခြင်းရဲ့ဆိုးကျိုးများ
နည်းပညာတိုးတက်လာသော ပြိုင်ဆိုင်မှု များလာသော ယခုခေတ်တွင် လူသားများသည် အိပ်ရေးပျက်လာကြသည်။ အိပ်စက်ခြင်းနဲ့ကျန်းမာရေးဆိုင်ရာ ဖောင်ဒေးရှင်းတစ်ခုမှ သုတေသနတစ်ခုအရ ကမ္ဘာပေါ်ရှိ လူဦးရေအားလုံးရဲ့ ၃၃ မှ ၄၅ရာခိုင်နှုန်းလောက်သည် အိပ်ချိန်ကောင်းစွာမရဘဲ အိပ်ရေးပျက်သောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်တိုခြင်း၊ စိတ်အလိုမကျခြင်းများ ဖြစ်နေကြသည်ဟုပြောထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ စုစုပေါင်းအိပ်ချိန်သည် တစ်ညလျှင် ၇ နာရီ မှ ၉နာရီ အထိ ရှိဖို့လိုသည်ဟု အကြံပြုပြောကြားထားသည်။
ယခုခေတ်တွင် စမတ်ဖုန်းများ(Smart Phones) တီဗွီများ(TV) တက်ဘလက်များ(Tablets) က လူပေါင်းများစွာရဲ့ ညပိုင်းအိပ်စက်ချိန်များကို လုယူထားကြသည်။ ဒီထဲမှာမှ စမတ်ဖုန်းတွေက တော်တော်ဆိုးသည်။
လေ့လာမှုများအရ အရွယ်ရောက်ပြီးသူ ၅၀ရာနှုန်းခန့်သည် ညအချိန်တွင် ဖုန်းကိုအိပ်ခန်းထဲတွင် ထားတက်ကြသည်။ တချိူ့ကလည်း ရပ်ဝေးကမိဘဆွေမျိူးများ အရေးရယ်အကြောင်းရယ် ဆက်ပါက သိနိုင်ရန်၊ တချို့ကလည်း မနက်နိုးစက် တစ်ခုအနေနဲ့ သုံးရန်၊ တချို့ကလည်း ညဘက်မှာ မိတ်ဆွေများနဲ့စကားအေးဆေးပြောရန်စသဖြင့် အကြောင်းအမျိူးမျိူး ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ကိုယ်အိပ်ကောင်းတဲ့အချိန်ကျမှ ညသန်းခေါင်ကျမှ ဖုန်းမှားဝင်လာတာ၊ကြော်ငြာမက်ဆေ့ဝင်လာတာမျိူးတွေဖြစ်ရင် စမတ်ဖုန်းမျက်နှာပြင်က လင်းလာပြီး တုန်ခါတာမျိူးတွေဖြစ်တဲ့အတွက် လန့်နိုးကာ အိပ်ရေးပျက်နိုင်သည်။
နောက်တစ်ခု လူငယ်လူလတ်ပိုင်းအများစုသည် ညသန်းခေါင်ထိ ဖုန်းနဲ့ဖေ့ဘွတ်သုံးတာ အွန်လိုင်းဂိမ်းဆော့တာ ဗီဒီယိုတွေကြည့်တာမျိူးတွေ လုပ်ကြသည်။ စမတ်ဖုန်းမှ ထွက်သော အပြာရောင်စဉ်တန်းက အိပ်စက်ခြင်းကို ထိခိုက်နိုင်သည်။ ထိုအပြာရောင်သည် နေ့ခင်းအရောင်နဲ့ ဆင်တူသောကြောင့် ခန္ဓာကိုယ်မှ ညအချိန်တွင်ထုတ်သည့် မတ်လက်တိုတင်ဟော်မုန်း ထုတ်လွှတ်မှုကို နှောင့်ယှက်ကာ ဟော်မုန်းအထွက်နည်းစေပြီး ခန္ဓာကိုယ်ကို နိုးကြားနေစေသည်။ ထိုအခါအိပ်လို့ တော်တော်နဲ့ မရတော့။
နောက်ပြီး အပြာရောင်စဉ်တန်းသည် မတ်လက်တိုနင်ဟော်မုန်းအထွက်နည်းစေကာ အီစတိုဂျင်ဟော်မုန်းကို အထွက်များစေတဲ့အတွက် အမျိူးသမီးများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ပိုများစေသည်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။
ရေရှည်အိပ်ရေးပျက်ပါက ကိုယ်ခံအားနည်းလာပြီး ပြင်ပကပိုးတွေ အလွယ်တကူဝင်လာကာ အအေးမိလွယ်တာ နှာစေးလွယ်တာတွေ ခဏခဏဖြစ်လာနိုင်သည်။ နောက်ပြီး ဝလာတာ၊ ဆီးချိုရောဂါဖြစ်လာတာ၊ နှလုံးရောဂါဖြစ်လာတာ၊ စိတ်ကျရောဂါဖြစ်လာတာမျိူးတွေ အထိပါ ညအိပ်ရေးပျက်ခြင်းရဲ့ အကျိူးဆက်အနေနဲ့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက ဖြစ်နိုင်လျှင် စမတ်ဖုန်းတွေကို မိမိအိပ်ရာနား မထားကြပါနဲ့။ မဖြစ်မနေကိစ္စများအတွက် ထားရမည်ဆိုပါကလည်း ဖုန်းကိုမှောက်ထားပါ။ လူငယ်လူလတ်ပိုင်းများအနေဖြင့်လည်း ညနက်တဲ့အထိ ဖေ့ဘွတ်သုံးတာ ဂိမ်းဆော့တာ ဗီဒီယိုတွေကြည့်တာလုပ်မယ့်အစား အိပ်ခါနီး စာအုပ်တစ်အုပ် ဖတ်တာဟာ ဗဟုသုတလည်းများစေသလို အိပ်ပျော်ရန်လည်း အထောက်အကူ ပေးပါတယ်။
နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်းများကိုလည်း ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထပ်ရေးပါအုံးမယ်။
Author : Dr. 528