ဗီတာမင်အုပ်စု အကြောင်း သိကောင်းစရာ ( အပိုင်း ၄ )
Vitamin B7
ဗီတာမင်ဘီဆဲဗင်းကို ဆေးပညာအရ ဘိုင်အိုတင်(Biotin)လို့လည်း ခေါ်ကြပါတယ်။ ဗီတာမင်ဘီဆဲဗင်းဖြစ်တဲ့ ဘိုင်အိုတင်ဟာ အဆီနှင့် ပရိုတင်းတို့၏ ဇီဝဖြစ်စဉ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ အရေပြားနှင့် ဆံပင်များကျန်းမာစေရန်နဲ့ ဆဲလ်ကြီးထွားစေရန်လည်း လိုအပ်ပါတယ်။
ဘိုင်အိုတင် ချို့တဲ့ပါက ဆံပင်ပါးခြင်း၊ ဆံပင်အရောင်ကျွတ်ခြင်း၊ အရေပြားတွင် အနီစက်များပေါ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကြာလာရင် ပျို့တာ၊ အန်တာ၊ ထုံကျင်တာ၊ ခုခံအားကျဆင်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
ဘိုင်အိုတင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဗာဒံစေ့၊ အသည်း၊ ကြက်ဥ ၊ ပဲစေ့ခြောက်၊ ရှာလကာရည် ရောထားသည့် အချဉ်များ၊ ဒိန်ချဉ်၊ အုတ်ဂျုံနု၊ ထောပတ်ပဲ၊ ကမာကောင် စသည်တို့ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် အူမကြီးမှာရှိတဲ့ ဘက်တီးရီးယားတွေကလည်း ဘိုင်အိုတင် ပမာဏ အနည်းငယ် ထုတ်နိုင်တယ်လို့ သုတေသနတစ်ခုကပြောထားပါတယ်။
Folic Acid (ဖောလစ်အက်စစ်)
ဖောလစ်အက်စစ်ဟာလည်း ဗီတာမင်ဘီအမျိူးအစား တစ်မျိုးပါပဲ။ ပြောရရင် ဗီတာမင်ဘီနိုင်း(Vitamin B9) လို့လည်း ခေါ်နိုင်ပါတယ်။ ဖောလစ်အက်စစ်ဟာ ခန္ဓာကိုယ်ကဆဲလ်တွေ အသစ်တည်ဆောက်တဲ့ နေရာမရှိမဖြစ် လိုအပ်ပါတဲ့ အရာတစ်ခုပါ။ ဒီအင်အေ တည်ဆောက်ရာမှာလည်း အရေးပါတဲ့ ပစ္စည်းတစ်ခုအနေနဲ့ ပါဝင်ပြီးတော့ သွေးနီဥတွေကြီးထွားဖို့အတွက်လည်း အထောက်အကူ ပေးပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ပထမ၃လမှာ ဖောလစ်အက်စစ် သောက်သုံးပေးမယ်ဆိုရင် သန္ဓေသားမှာ ဦးနှောက်နဲ့အာရုံကြောမကြီး မဖွံ့ဖြိုးတာ ချို့ယွင်းတာ (Birth Defect Of Brain And Spinal Cord) တွေကို ၇၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ပါတယ်။ ဖောလစ်အက်စစ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ဆက်နွယ်မှုရှိတဲ့ ဟိုမိုဆစ်စတင်အင်း (Homocysteine) ပမာဏကိုလည်း နည်းစေပါတယ်။
တစ်နေ့တာ ဖောလစ်အက်စစ် လိုအပ်ချက်ကတော့ ၄၀၀ မိုက်ခရိုဂရမ်ပါ။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဒီထက်ပိုလိုအပ်နိုင်ပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားစာတွေကတော့ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်များ၊ အသည်း၊ မြေပဲ စတဲ့ ကောက်ပဲသီးနှံတွေပါ။ ဟင်းသီးဟင်းရွက် စားတဲ့သူတွေအနေနဲ့ တစ်ခုသတိထားရမှာကတော့ ဖောလစ်အက်စစ်ဟာ အပူအရမ်းကြောက်တဲ့အတွက် ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာမြင့်စွာ နွမ်းတဲ့ထိချက်ပြုတ်မယ်ဆိုရင် ဟင်းရွက်တွေမှာပါတဲ့ ဖောလစ်အက်စစ် ၉၀ ရာနှုန်းကျော် ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။
အရက်သောက်တဲ့သူတွေမှာလည်း ဖောလစ်အက်စစ် ချို့တဲ့နိုင်ပါတယ်။ ဖောလစ်အက်စစ်ချို့တဲ့ပါက အားမရှိသလိုခံစားရတာ နူန်းနေတာ စတဲ့ သွေးအားနည်း လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေမှာ ချို့တဲ့ခဲ့ရင် မွေးလာတဲ့ကလေးက ဦးနှောက်နဲ့အာရုံကြောမကြီး မဖွံ့ဖြိုးတာ ချို့ယွင်းတာ စတာတွေဖြစ်နိုင်ပါတယ်။
Author : Dr . 528