Free Radicals ဆိုတာဘာလဲ။
Free Radicalဖရီးရယ်ဒီကယ်ဆိုတာကတော့ အီလက်ထရွန်တလုံး လွတ်နေတဲ့ အက်တမ်ပါ။မြန်မာလိုဘာသာပြန်ရင်တော့ ဓါတ်လွတ်စု လို့လည်းခေါ်ပါတယ်။ လူတွေ ဟာ ဘာကြောင့် အိုလာရသလဲဆိုတာကို ဆရာဝန်တွေ သုတေသန လုပ်ရှာဖွေလာခဲ့ကြတာ ၁၉၅၀ ခုနှစ်မှာတော့ ဒေါက်တာDenham Harman က အကြောင်းရင်း ကို ရှာတွေ့ခဲ့ပါတယ်။ အိုမင်း ရင့်ရော်ခြင်းရဲ့ တရားခံ ကတော့ free radical (ဖရီးရယ်ဒီကယ်) ဖြစ်ပါတယ်။
ဖရီးရက်ဒီကယ်တွေက ဘယ်ကနေဖြစ်လာတာလဲ။
သူတို့က ဇီဝဖြစ်ပျက်မှုဖြစ်စဉ် (Metabolism)ရဲ့ဘေးထွက်ပစ္စည်း အနေနဲ့ဖြစ်လာကြတယ်။ဥပမာ ဆဲလ်တွေအသက်ရှုခြင်းဖြစ်စဉ်၊ အစာချေဖျက်ခြင်းဖြစ်စဉ်၊အသည်းကစားသမျှအစားသောက်တွေကိုအဆိပ်ဖယ်ရှားပေးတဲ့ဖြစ်စဉ် စတဲ့ဇီဝဖြစ်ပျက်မှုဖြစ်စဉ်တွေရဲ့ဘေးထွက်ပစ္စည်းအနေနဲ့ဖြစ်ပေါ်လာကြတယ်။ ခန္ဓာကိုယ်ထဲပိုးဝင်တာ ခန္ဓာကိုယ်တနေရာရာမှာရောင်ရမ်းနေတာ စိတ်ဖိစီးမှုများတာ စတဲ့အခြေအနေတွေမှာလည်း ဖရီးရက်ဒီကယ်တွေဖြစ်လာတတ်ပါတယ်။
လေထုညစ်ညမ်းတာ ဆေးလိပ်သောက်တာ အရက်သောက်တာ အလွန်အကျွံပင်ပန်းမှုတွေများတာ ခရမ်းလွန်ရောင်ခြည်နဲ့အထိများတာ ဓါတ်ရောင်ခြည်တခုခုနဲ့အထိများတာ ကင်ဆာဆေးတွေသောက်နေရတာ ဓါတုပစ္စည်းတွေပါတဲ့အစားသောက်တွေအစားများတာ စတဲ့အခြေအနေများကလည်း ခန္ဓာကိုယ်ထဲတွင် ဖရီးရက်ဒီကယ်များကိုဖြစ်ပေါ်လာစေပါတယ်။
ဖရီးရက်ဒီကယ်တွေကို ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အတွက် အတိုင်းအတာပမာဏ တခုထိလိုအပ်ပြီး ခန္ဓာကိုယ် ထဲတအားများလာရင်ကျ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဖရီးရက်ဒီကယ်တွေတအားများလာတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေပျက်စီးလာပါတယ်။ အဲ့အခါမှာ အရွယ်မတိုင်ခင်အိုမင်းလာနိုင်တဲ့အပြင် ကင်ဆာရောဂါ၊သွေးတိုးရောဂါ၊နှလုံးရောဂါ၊အယ်လဇိုင်းမားရောဂါ (ဦးနှောက် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ ပီသစွာ စကားမပြောနိုင်တော့ခြင်းစသည်ဖြစ်ပွားစေသော ရောဂါတမျိုး) ပါကင်ဆန်ရောဂါစတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့အတွက် ဖြစ်နိုင်ခြေတွေများလာပါတယ်။
ဖရီးရယ်ဒီကယ်ကြောင့် ဆဲလ်တွေဘယ်လိုပျက်စီးရသလဲဆိုတော့
အစမှာပြောခဲ့တဲ့အတိုင်း Free Radicalဖရီးရယ်ဒီကယ်ဆိုတာကတော့ အီလက်ထရွန်တလုံးလွတ်နေတဲ့ အက်တမ်(Atom)ပါ။ သူ့ဆီမှာ လွတ်နေတဲ့အီလက်ထရွန်တလုံးကို ဖြည့်ဖို့အတွက် သူ့ဘေးမှာရှိတဲ့ အက်တမ်တခုခုဆီက အီလက်ထရွန်တလုံးကို ဆွဲယူပါတယ်။ အဆွဲယူခံရတဲ့အက်တမ်ကလည်း အီလက်ထရွန်လျော့သွားပြီး ဖရီးရယ်ဒီကယ် ဖြစ်သွားပါတယ်။ အဲ့အခါမှာDNA တွေ ပုံစံပြောင်းပြီး ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ Fat cell အဆီဆဲလ်တွေမှာလည်း ဒီလို အီလက်ထရွန်ကိုဆွဲယူပြီး ပုံစံပြောင်းတာတွေဖြစ်ရင် အသားအရေတွန့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
Antioxidants
အန်တီအောက်ဆီးဒန့် (Antioxidant) ဆိုသည်မှာ ခန္ဓာကိုယ်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရောဂါများဖြစ်စေသည့် ဖရီးရယ်ဒီကယ် (free radicals) များကို တွန်းလှန်ခြေဖျက်ပေးနိုင်သော သဘာဝပစ္စည်းများဖြစ်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဟုလည်း ခေါ်ဆိုကြသည်။ အရွယ်တင်နုပျိူစေပါတယ်။ ဖရီးရက်ဒီကယ်နဲ့ပြောင်းပြန်ပါ။ အန်တီအောက်ဆီးဒန့်က ခန္ဓာကိုယ်ကို အကျိုးပြုပါတယ်။ နောက်ပြီး ဖရီးရက်ဒီကယ်ကြောင့်ဖြစ်တဲ့ ဆဲလ်တွေပျက်စီးခြင်းကိုပါလျှော့ချပေးပါတယ်။
ဘယ်လိုလျှော့ချပေးလဲဆိုတော့ သူ့ကိုယ်ပိုင် အီလက်ထရွန်ထဲက ဖရီးရက်ဒီကယ်တွေလိုအပ်တဲ့ အီလက်ထရွန်ကို မျှဝေပေးပါ တယ်။ အီလက်ထရွန် ဆွဲယူမှုဖြစ်စဉ်ကြီးကို အဆုံးသတ်ပေးပါတယ်။ အန်တီအောက်ဆီးဒန့်တွေဟာ သူ့ကိုယ်ပိုင်အီလက်ထရွန်ကို မျှပေးလိုက်ရပေမဲ့ သူကိုယ်တိုင်က ဖရီးရက်ဒီကယ်မဖြစ်ပဲ တည်ငြိမ်စွာဆက်လက်တည်ရှိနေနိုင်ပါတယ်။
ဗီတာမင်စီ (vitamin c) ဗီတာမင်အီး (Vitamin E) စီလီနီယမ် (Selenium) နဲ့ ကိုအင်ဇိုင်း ကြူတင်း(Co-enzyme Q10)တို့ဟာ အတွေ့ရများတဲ့ အန်တီအောက်ဆီးဒန့်တွေပါ။ သူတို့ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ အများကြီးပါပါတယ်။ အချုပ်အားဖြင့်ပြောရရင် ဖရီးရယ်ဒီကယ်တွေကို ပြန်လည်ချေဖျက်နိုင်ဖို့ အန်တီအောက်ဆီးဒန့်တွေ လိုအပ်ပါတယ်။ အန်တီအောက်ဆီးဒန့်ဓါတ်တွေ ရရှိစေဖို့ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများမှီဝဲကြပါလို့ အကြံပေးချင်ပါတယ်။
Author : Dr .528