ဇီဝကတို့ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတာက အရေပြားပါ။ အရေပြားသည် လူသားတို့ရဲ့ အထွေထွေ ကျန်းမာရေးအခြေအနေကို ထင်ဟပ်ပြနေပါတယ်။ ဥပမာ ဆိုရသော် အရေပြား ခြောက်သွေ့နေက လူ့ခန္ဓာကိုယ်မှာ အရေဓာတ်ခန်းခြောက်နေတာ ၊အရေပြား နီရဲ ၊ယားတာတွေက အရေပြား ပိုးဝင်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာများ စတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားသည် အလှအပအတွက်သာမက လူသားတို့ကျန်းမာခြင်းရဲ့ ကြေးမုံသွင်တစ်ခုလို့ တင်စားပြောလို့ ရပါတယ်။
အရေပြားက ဘာတွေနဲ့ ဖွဲ့စည်းထားလဲ
အရေပြားရဲ့ အထူမှာ ၁လက်မရဲ့ ၁၆ပုံ ၃ပုံသာ ရှိပါတယ်။ ထိုမျှပါးလွှာသော်လည်း အလွှာပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါတယ်။ အဓိက အပြင်လွှာ Epi-dermis နဲ့ အတွင်းလွှာ Dermis ဆိုပြီး ဖြစ်ပါတယ်။ အပြင်လွှာကို အလွှာ ၅လွှာနဲ့ထပ်မံ ဖွဲ့စည်းထားပါတယ်။
အရေပြားရဲ့ လုပ်ငန်းတွေက ဘာတွေလဲ
-ပြင်ပမှ ခန္ဓာကိုယ်ကို ထိခိုက်နိုင်သော အရာများကို ကာကွယ်ပေးခြင်း (နေရောင်နဲ့ အမှုန်အမွှားများ ၊ပွတ်တိုက်မှုဒဏ်)
-အာရုံခံနိုင်ခြင်း
အရေပြားမှာ အာရုံခံနိုင်သော အာရုံကြောလေးများ ရှိပါတယ်။ အပူချိန် အပြောင်းအလဲ ၊နာခြင်း ၊ဖိအားဒဏ် ၊သာယာမှု ၊မသာယာမှု စတာတွေကို အာရုံခံနိုင်တယ်။ အရေပြားသည် တခြား အင်္ဂါအစိတ်အပိုင်းများထက် အာရုံခံနိုင်စွမ်း ပိုကောင်းပါတယ်။ ဒါကြောင့် မျက်စိမမြင်သူတွေသည် လက်ဖျားဖြင့် မျက်မမြင်စာများကို ဖတ်နိုင်ခြင်း ဖြစ်ပါတယ် ။
-ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း
အရေပြားကနေ အပူချိန်အပြောင်းအလဲကို အာရုံခံကာ ဦးနှောက်ရှိ Hypothalamus ရှိ အပူချိန်ထိန်းချုပ်ပေးတဲ့ Thermocenter ကို အာရုံကြောများမှ တဆင့်သတင်း ပေးပို့ပါတယ်။ ခန္ဓာကိုယ် အရမ်းပူလာက ဦးနှောက်ကနေ အရေပြားရှိ သွေးကြောလေးတွေ ကျယ်လာပြီး သွေးစီးမှု ပိုများစေတယ် ၊ ချွေးဂလင်းတွေ ကနေ ချွေးထွက်များစေခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ချပေးပါတယ်။ ထို့အတူ အရမ်းအေးလာက အရေပြားရှိ သွေးကြောကလေးတွေ ကျဉ်းကာ ချွေးထွက်နည်းပြီး ခန္ဓာကိုယ်မှ အပူမဆုံးရှုံးအောင် ထိန်းသိမ်းပေးပါတယ်။
-ခန္ဓာကိုယ်မှ ဆားကဲ့သို့သော ဓာတ်ပစ္စည်းများနဲ့ အရည်ဓာတ်တွေ မဆုံးရှုံးအောင် ကာကွယ်ပေးတယ် ။
– အရေပြားကနေ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗိုက်တာမင် ဒီကို ထုတ်ပေးတယ်။ ထို ဗိုက်တာမင် ဒီသည် အရိုးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ထုတ်ရာမှာ ကူညီပေးတယ် ။
-ရေချိုးတဲ့အခါဖြစ်ဖြစ် ၊အရေပြားကို အဝတ်နဲ့ ပွတ်တိုက်တဲ့အခါ ဖြစ်ဖြစ် ၊ ပုံမှန် ၂၇ ရက်တစ်ခါ ဖြစ်ဖြစ် အရေပြားရှိ keratin အလွှာသည် မြွေအရေခွံလဲသလို ကွာကျပြီး ခန္ဓာကိုယ်မှ မလိုအပ်တဲ့ အညစ်အကြေးများ ၊ ဘတ်တီးရီးယား အသေများကို စွန့်ပစ်ပေးပါတယ်။
-အရေပြားမှာ မယ်လ်နင်ဆိုတဲ့ ရောင်ခြယ် ပစ္စည်းပါပါတယ်။ ထို မယ်လ်နင်က အရေပြား အရောင် ၊ဆံပင် အရောင် ၊မျက်လုံး အရောင်တွေကို သတ်မှတ်ပေးတယ်။ သူက နေရောင်ရှိ ခရမ်းလွန်ရောင်ခြည် မသင့်အောင် ကာကွယ်ပေးတယ် ။
Author: ခေတ်သစ် ဇီဝက