လောကမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် အသက်က တစ်ရက်ပြီး တစ်ရက် ထပ်ကြီးလာဖို့ပဲရှိပါတယ်။ ပြန်ငယ်သွားတယ်ဆိုတာ မရှိပါဘူး။ အသက်အရွယ် ကြီးလာတာနဲ့အမျှ သဘာဝအရပဲ ကိုယ်ခန္ဓာမှာလည်း ချို့ယွင်းချက် အားနည်းချက်တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာပါတယ်။ ရောဂါကြီးကြီးမားမား မရှိဘဲနဲ့တောင် အလိုလို ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာတယ်ဆိုတာ အများအားဖြင့်တော့ အသက် ၆၀ ကျော်တွေကိုပြောတာပါ။ အသက်ရလာတာနဲ့အမျှ ဦးနှောက်အစိတ်အပိုင်းတွေ၊ အသက်ရှူ လမ်းကြောင်းတွေ၊ နှလုံးသွေးကြောဆိုင်ရာ အစိတ်အပိုင်းတွေ၊ ဟော်မုန်းဆိုင်ရာတွေ၊ ဆီးနဲ့ကျောက်ကပ်အစိတ်အပိုင်းတွေ၊ အစာလမ်းကြောင်းတွေ၊ အရိုးတွေမှာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာတွေ ရှိပါတယ်။
အသက်ကြီးတဲ့အခါ ဘာတွေပြောင်းလဲနိုင်လဲပေါ့။
ဦးနှောက်နဲ့ အာရုံကြောပိုင်းတွေမှာ ဆဲလ်တွေ အလိုလို ပျက်စီးလာတယ်။ အာရုံကြောနဲ့ဆိုင်တဲ့ ဆဲလ်တွေရော မှတ်ဉာဏ်နဲ့ဆိုင်တဲ့ဆဲလ်တွေရော ပါပါတယ်။ ဒါကြောင့်လည်း အသက်ကြီးတဲ့အခါ မှတ်ဉာဏ်နည်းလာတတ်တယ်။ အယ်လ်ဇိုင်းမားရောဂါထိမဖြစ်ဘဲလည်း သတိမေ့တတ်လာတတ်ပါတယ်။ သူငယ်အိမ်မှာလည်း အတွင်းတိမ်ဖြစ်လာတတ်တယ်။ ကြွက်သားတွေ အားနည်းလာတာတွေ လှုပ်ရှားမှုတွေ မမြန်တော့တာတွေကြောင့် ချော်လဲတာတွေ ဖြစ်လာနိုင်တယ်။
အသက်ရှူလမ်းကြောင်းမှာလည်း အဆုတ်နဲ့ လေပြွန်တွေမှာ လှုပ်ရှားမှုနည်းလာပြီး လေကိုကောင်းကောင်းရှူ မထုတ်နိုင်တော့တာလေးတွေ ဖြစ်လာတတ်တယ်။ ပိုးဝင်လွယ်တာတွေ ဖြစ်လာတတ်ပါတယ်။
နှလုံးနဲ့ သွေးကြောဆိုင်ရာ အစိတ်အပိုင်းတွေမှာလည်း နှလုံးခုန်နှေးလာတာတွေ နှလုံးကြီးလာတာတွေ သွေးကြောတွေ ကျယ်လာတာတွေ သွေးကြောနံရံတွေ မာလာတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ အမောမခံနိုင်တာလည်း ဖြစ်လာနိုင်တယ်။ အထိုင်အထတွေ မူးလာတတ်တယ်။ နှလုံးသွေးကြောကျဉ်းတွေ သွေးတိုးရောဂါတွေ ဖြစ်လွယ်လာပါတယ်။
အသက်ကြီးလာတဲ့အခါ ဟော်မုန်းထုတ်တာလည်း နည်းလာတတ်တယ်။ အမျိုးသမီးတွေ သွေးဆုံးပြီးရင် ပိုသိသာတယ်။ အသားအရေလည်း မွဲခြောက်လာတတ်တယ်။ လန်းလန်းဆန်းဆန်းလည်း မရှိတတ်တော့ဘူး။ မုန့်ချိုအိတ်လို့ခေါ်တဲ့ PANCREAS ကလည်း ဟော်မုန်းထုတ်တာ မမှန်တတ်တော့လို့ ဆီးချို ဖြစ်နိုင်ချေတွေ များလာတတ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ကျောက်ကပ်လည်း တဖြည်းဖြည်း ပျက်စီးလာပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ NEPHRON လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတွေ ပျက်စီးလာတယ်။ ဆီးတွေစစ်ထုတ်ပေးတဲ့အခါလည်း အရင်လို ကောင်းကောင်းမလုပ်နိုင်တော့တာကြောင့် ရေဓာတ်မမျှတတာတွေ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ ကျောက်ကပ် အားနည်းလာတာနဲ့အမျှ ကိုယ်ထဲမှာလည်း အဆိပ်အတောက်တွေ ပုံလာတတ်ပါတယ်။ ကျောက်ကပ်ပျက်စီးတာကို ပိုဖြစ်စေပါတယ်။
အစာလမ်းကြောင်းမှာလည်း လှုပ်ရှားမှုတွေ နှေးလာတာကြောင့် အစာနည်းနည်းစားရုံနဲ့ ရင်ပြည့်သလိုဖြစ်လာတတ်တယ်။ ဝမ်းချုပ်တတ်လာပါတယ်။ အရိုးတွေအဆစ်တွေမှာလည်း သိပ်သည်းဆတွေ နည်းလာတယ်။ အရိုးပွလာနိုင်တယ်။ အဆစ်တွေကြားထဲမှာ ကူရှင်လိုမျိုး ခံထားပေးတဲ့ အရည်တွေလည်း နည်းလာတတ်ပါတယ်။ ဒါကြောင့် အဆစ်တွေ နာတာကိုက်ခဲတာတွေ ဖြစ်လာတတ်တယ်။
အရိုးကျိုး လွယ်လာတတ်ပါတယ်။ ဒါကြောင့်လည်း ချော်မလဲအောင် အရမ်းဂရုစိုက်ရပါတယ်။ ဒါတွေကတော့ အသက်ကြီးလာတဲ့အခါ လူတိုင်းနီးပါး ကြုံတွေ့ရမှာလေးတွေပါပဲ။ ဒါတွေမဖြစ်အောင်တော့တားလို့မရပေမယ့် ကြုံတာနည်းပါးအောင်တော့ ကြိုးစားလို့ရပါတ။ယ် အစားအသောက်အနေအထိုင်တွေမှာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားသောက်နေထိုင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ လိုအပ်ရင်အားဆေးတွေ သောက်ပါ။ ဆရာဝန်တွေနဲ့ လည်း လိုအပ်သလို တိုင်ပင်ထားတာမမှားပါဘူး။
Author: Dr. CST