မီးဖိုချောင်ကနေ အာဟာရဓာတ်ကြွယ်ဝစွာ ရနိုင်တဲ့ အရွက်တစ်မျိုးကတော့ ကန်စွန်းရွက်ပဲဖြစ်ပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ စီ၊ ဘီဝမ်း၊ ဖောလစ်အက်ဆစ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဆာဖာ၊ ပိုတက်ဆီယမ်၊ ကာရိုတင်း၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တဲ့အပြင် အင်တီအောက်ဆီဒင့်လည်း များစွာပါဝင်တာကို တွေ့ရပါတယ်။ ကန်စွန်းရွက်ကို ကြော်စား၊ ချက်စား၊ သုတ်စားတာတို့အပြင် ဆေးဝါးအဖြစ်နဲ့လည်း အင်သုံးပြုနိုင်ပါတယ်။
ဘယ်လို ဘယ်လို ကောင်းကျိုးအာနိသင်တွေ ရနိုင်သလဲဆိုတော့ –
ကန်စွန်းရွက်ကို မကြာခဏ စားသုံးပေးရင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ခွန်အားဗလ တိုးတက်စေကာ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်စေပါတယ်။ သွေးကြောထဲက အဆီကို ဖယ်ရှားပေးနိုင်တဲ့အပြင် သွေးတိုးနေသူတွေ စားသုံးပေးရင် သွေးဖိအားကို လျော့ကျစေပြီး သွေးတိုးရောဂါ နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းရှိ သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းလည်း ရှိတာမို့ သွေးချို၊ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်မှာ ပရိုတင်းဓာတ်တွေ အမြောက်အများ ပါဝင်ပြီး ကယ်လ်စီယမ်၊ ကာရိုတင်းဓာတ်တွေ အလျှံပယ်ပါဝင်က အမျှင်ဓာတ်တွေလဲ ပါဝင်တာမို့ အစာအိမ်အူလမ်းကြောင်း လှုပ်ရှာမှုကို ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။ ဝမ်းချုပ်ခြင်း၊ အစားမှာလို့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ အူလမ်းကြောင်းမကောင်းလို့ ဖြစ်တတ်တဲ့ ဝမ်းကိုက်ခြင်း သွေးဝမ်းသွားခြင်းတို့ုကို ကောင်းမွန်စေပါတယ်။
ကန်စွန်းရွက်ဟာ အိပ်စက်မှုကို လှုံ့ဆော်ပါတယ်။ ခဏခဏနိုးပြီး အိပ်မပျော်တဲ့ဝေဒနာတွေ ပျော်ကင်းနိုင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကာ အိပ်ယာကနိုးရင်လည်း ရွှင်ရွှင်လန်းလန်း ဖြေစေပါတယ်။
ကျန်းမာရေးကဏ္ဍမှာလည်း ကန်စွန်းရွက်ဟာ ဆေးဝါးဓာတ်စာ အဖြစ် အသုံးဝင်ပါတယ်။ အထိုင်များပြီး အလုပ်လုပ်ရသူတွေဟာ ကွန်ပျူတာသုံးရသူတွေဟာ ကန်စွန်းရွက်ကို ဆေးဝါးအနေနဲ့ နေ့စဉ်စားသုံးပေးသင့်ပါတယ်။ မကြာခဏ ဇက်ကြောတက် ကိုယ်လက်လေးလံပြီး ဖျားချင်သလိုဖြစ်နေရင် ကန်စွန်းရွက်ကို ကြိတ်ညှစ်ကာ ရလာတဲ့အရည်ကို ဆားအနည်းငယ်ရောကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် စားပွဲတင်ဇွန်းတစ်ဇွန်းစာ သောက်ပေးနိုင်ပါတယ်။
အစားမှားလို့ အဆိပ်အတောက်ဖြစ်ပြီဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ ကန်စွန်းရွက်ကို ထုထောင်းပြီး အရည်နဲ့ အဖတ်ကို သေက်သုံးပေးရင် အဆိပ်အတောက်တွေကို ချက်ခြင်းပြေစေပါတယ်။ ရေနွေးပူလောင်တာ၊ ဆီပူလောင်တာ၊ အပူဟတ်တာတွေအတွက်လည်း ကန်စွန်းရွက်ကို ကြိတ်ပြီး လိမ်းပေးနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကို လျော့ပါးစေပြီး ရာသီမမှန်ခြင်း သွေးပုပ်ကျန်ခြင်းတို့ကို သက်သာစေပါတယ်။
အသားအရေကို ကောင်းမွန်စေပြီး အရေပြားရောဂါအတွက်လည်း အသုံးဝင်ပါတယ်။ ခေါင်းကိုက်၊ သွားကိုက်၊ အသံဝင် အသံပျက် ရောဂါတွေအတွက်လည်း သက်သာစေသလို ကိုယ်အလေးချိန်လျော့ချလိုသူများ အခြားအစာတွေနေရာမှာ အစားထိုးလို့ ကန်စွန်းရွက်ကို များများစားသုံးသင့်ပါတယ်။
ကဲ….ဆေးဘက်လည်းဝင်၊ အလွယ်တကူလည်း ရနိုင်တဲ့ ကန်စွန်းရွက်ရဲ့ အသုံးဝင်ပုံတွေ ကောင်းကျိုးတွေကို လေ့လာပြီးပြီ ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ ကန်စွန်းရွက်ကို မပါမဖြစ် ထည့်သွင်းစားသုံးကြပါစို့ရဲ့။
Author – ညီညီကျော် (Healthcare Journal)