ကြာစွယ်အကြောင်း သိကောင်းစရာ
ဒီခေတ်မှာ မာလာဟင်းကို လူတိုင်းနီးပါး စားကြပါတယ်။ မာလာဟင်းစားသူတိုင်း ကြာစွယ်ကို စားဖူးကြမှာပါ။ ကြာစွယ်ကို မာလာဟင်းမှာသာမက ဟော့ပေါ့ဟင်းရည်ထဲမှာလည်း ထည့်ပြီး စားသုံးကြပါတယ်။
ကြာစွယ်ကို အင်္ဂလိပ်လို Lotus Root လို့ခေါ်ပါတယ်။ ကြာစွယ်ဆိုသည်မှာ တိတိကျကျပြောရရင် ပဒုမ္မာကြာစွယ် ဖြစ်ပါတယ်။ သိသလောက်ကတော့ ကြာစွယ် အမျိုးအစား ၂ မျိုးရှိပါတယ်။ တစ်မျိုးက အဖြူရောင် အမျိုး၊ ကျန်တစ်မျိုးက အနီရောင်အမျိုးပါ။
ကြာစွယ်အဖြူရဲ့ အပြင်ပုံသဏ္ဍာန်သည် လုံးပတ်အရွယ်အစားကြီးပြီး ပိုတုတ်သည်။ ဘေးသို့ဖောင်းကားနေသည်။ အဆစ်များသည်။ အခွံပါးသည်။ အသားကြွတ်ပြီး နုသည်။ ကြာစွယ်ရဲ့အပေါ်ခွံကို နွှာလိုက်ပါက ပေါ်လာသည့် ကြာစွယ်သားမှာ အဖြူရောင်ဖြစ်သည်။
ကြာစွယ်အနီရဲ့ အပြင်ပုံသဏ္ဍာန်ကတော့ လုံးပတ်မှာ အဖြူအမျိုးအစားလောက် တုတ်ပြီး ဘေးသို့ဖောင်းကားခြင်းမရှိပါ။ တဖြာင့်တည်းဖြစ်ပြီး အလျားရှည်သည်။ ကြာစွယ်ရဲ့ အပေါ်ခွံကို နွှာပါက ပေါ်လာသည့် ကြာစွယ်သားမှာ အနီရောင်ဖြစ်သည်။
ကြာစွယ်အဖြူက ပိုစားလို့ကောင်းသည်။ သို့သော် ကြာစွယ်အနီက ပိုဆေးဖက်ဝင်သည်။ ကြာစွယ်တွင် ဗီတာမင်ဓါတ်များ၊ သတ္ထုဓါတ်များ၊ သံဓါတ်များ၊ ကာဘိုဟိုက်ဒရိတ်ဓါတ် စတဲ့ဓါတ်များကြွယ်ဝစွာပါဝင်သည်။ ကြာစွယ်စားခြင်းဖြင့် ရနိုင်သော ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
ကြာစွယ်မှာ အမျှင်ဓါတ်များစွာပါလို့ ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းပုံမှန်သွားစေအောင် ကူညီပေးပါတယ်။ ကြာစွယ်မှာဗီတာမင်အေနဲ့ စီလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံး (အမြင်အာရုံ) အတွက် အထောက်အကူပြုသလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပြီး အအေးမိ၊ တုတ်ကွေး၊ ဖျားနာအပါအဝင် တခြားရောဂါအမျိုးမျိုးမှလည်း ကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကြာစွယ်ရဲ့ ပင်ကိုယ်ဂုဏ်သတ္တိမှာ ချိုပြီးအေးမြသောကြောင့် အပူကြီးတာ၊ အပူများတာ စတဲ့အပူရောဂါများကို သက်သာစေနိုင်ပါတယ်။ ရေငတ်လည်း ပြေစေနိုင်ပါတယ်။ ကြာစွယ်ထဲတွင် သံဓါတ်နဲ့သတ္ထုဓါတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးအားနည်းသူ၊ သံဓါတ်လိုအပ်နေသူများအတွက် အကျိုးများစေနိုင်ပါတယ်။
ကြာစွယ်ကို ခံတွင်းပျက်နေသူများအနေဖြင့် စားသုံးပေးပါက ခံတွင်းပြန်လိုက်လာစေနိုင်ပါတယ်။ကြာစွယ်သည် ပုံမှန်စားပေးလျှင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို ထိန်းပေးသလို နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ကြာစွယ်သည် ကျန်းမာရေးအတွက် ကောင်းစေသော်လည်း ကြာစွယ်အားချက်ပြုတ်သည့်အခါ သံထည်အိုးများ၊ သံဇွန်းများသုံးပြီး မချက်ရပါ။ သံထည်ဖြင့် ချက်ပါက ကြာစွယ်သည် အမည်းရောင်ဖြစ်သွားပြီး စားသောက်သည့်သူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စတီးအိုးဖြင့်သာ ချက်ပြုတ်သင့်ပါသည်။
ကြာစွယ်အားဝယ်ပြီးလျှင် ရက်ရှည်သိမ်းထားပြီးမှ ချက်စားတာမျိုး မလုပ်သင့်ပါ။ အတတ်နိုင်ဆုံး ခုဝယ်ခုစားသင့်ပါတယ်။
Author : Dr. 528