အယ်(လ်)ဇိုင်းမားရောဂါဆိုတာက သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ထဲမှာပါတဲ့ သူငယ်ပြန်ရောဂါ တစ်မျိုးပါ။ အယ်(လ်)ဇိုင်းမားအပြင် တခြားသူငယ်ပြန်ရောဂါ အမျိုးအစားတွေလည်း ရှိပါသေးတယ်။
သို့သော် အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer’s Disease) ကတော့ အတွေ့ရအများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းက တီဗွီကလွှင့်တဲ့ ကိုရီးယားကားတွေမှာဆိုရင် သွေးကင်ဆာကို တော်တော်လေးထည့်သွင်းရိုက်ကူးထားတာ တွေ့ဖူးခဲ့ကြမှာပါ။ အွန်စော၊ ဂျွန်စောကား နောက်ပိုင်း လွှင့်တဲ့ကိုရီးယားကား အတော်များများမှာ မင်းသမီးနှာခေါင်း သွေးမလျှံလိုက်နဲ့။ လျှံလိုက်ရင် သွေးကင်ဆာဖြစ်တော့မယ်မှန်း မြန်မာပရိသတ်တွေက အတပ်ခန့်မှန်းနိုင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ပါတယ်။
အခုနောက်ပိုင်း တီဗွီကလွှင့်တဲ့ ကိုရီးယားကားတွေမှာကျ သွေးကင်ဆာ အစား အယ်(လ်)ဇိုင်းမားခေါ် သူငယ်ပြန်ရောဂါကို တော်တော်လေး ထည့်သွင်းလာပြန်ပါတယ်။ မှန်ပါတယ်။ အခုခေတ်မှာ အယ်လ်ဇိုင်းမားရောဂါဟာ အဖြစ်များလာပါတယ်။
ဒီတော့ ယခုတစ်ပတ်မှာ စာဖတ်ပရိသတ်များအတွက် အယ်လ်ဇိုင်းမား ရောဂါအပါအဝင် တခြားသူငယ်ပြန် မှတ်ဉာဏ်ချို့ယွင်းရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေကို လျော့ကျစေတဲ့ နည်းလမ်းများကိုတင်ပြပေးချင်ပါတယ်။
အဲ့ဒါတွေကတော့
(၁) ကိုယ်လက်လေ့ကျင့်ခန်းအချို့ကို ပုံမှန်ရအောင် လုပ်ပါ။
သုတေသနပြုချက်အရ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့ခြေလက်တွေမှာရှိတဲ့ ကြွက်သားတွေ အရိုးတွေကိုသာ သန်မာစေရုံသာမက ဦးနှောက်ရဲ့ကြွက်သားတွေကိုပါ သန်မာစေပြီး မှတ်ဉာဏ်အားကောင်းစေကာ သတိမေ့တတ်ခြင်းကို လျော့နည်းစေပါတယ်။ အချိန်ပေးပြီး မလုပ်ဖြစ်ရင်တောင်မှ နီးနီးနားနားဆို စက်ဘီးလောက်နဲ့ သွားတာမျိုး သို့မဟုတ် လမ်းလျှောက်သွားတာမျိုး၊ အမြင့်တွေကိုတက်ရာမှာလည်း လွယ်လွယ်ကူကူ ဓါတ်လှေကားနဲ့မတက်ဘဲ လှေကားကို သုံးတက်တာမျိုး လုပ်ပါ။အသက်ကြီးသူများအနေနဲ့ ထိုက်ကျိကစားတာ၊ ညစာစားပြီးနောက်ပိုင်း လမ်းလျှောက်တာစသဖြင့် လုပ်သင့်ပါတယ်။
(၂) ဘာသာစကား နောက်တစ်မျိုး လေ့လာသင်ယူပါ။
သုတေသနတွေအရ အယ်လ်ဇိုင်းမား ဘာသာစကား နှစ်မျိုးတတ်သူတွေက ဘာသာစကား တစ်မျိုးတည်း တတ်သူတွေထက် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုလျော့နည်းကြောင်း တွေ့ရှိရပါတယ်တဲ့။
(၃)သင့်ဦးနှောက်ကို အလုပ်ပေးပါ။
စာလုံးဆက်ကစားနည်း(Cross Words) တို့ ချက်(Chess)ထိုးတာ တို့စတဲ့ ဦးနှောက်ကို လေ့ကျင့်မှုဖြစ်စေတဲ့ ကစားနည်းတွေကို အားလပ်ရက်တွေမှာ ကစားပေးပါ။
(၄)သင်တန်းတစ်ခုခုတက်ပါ။
အသက်ကြီးလာလို့ ဘာသာစကားတစ်ခုခုကို သင်ယူရမှာ စိတ်မဝင်စားရင်လည်း ပန်းချီဆွဲသင်တန်း၊ပန်းပုထုသင်တန်း၊ ဂစ်တာတီးသင်တန်း၊ စန္ဒယားတီးသင်တန်းစတဲ့ အနုပညာဆိုင်ရာ သင်တန်းတစ်ခုခုတက်ခြင်းကလည်း အာရုံစူးစိုက်နိုင်စွမ်းကိုတက်စေပြီး စိတ်ကိုငြိမ်းချမ်းစေကာ မှတ်ဉာဏ်လျော့နည်းတာကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။
(၅) မိတ်ဆွေသူငယ်ချင်းများနဲ့ စကားများများပြောပါ။
ဒါကတစ်ချက်ခုတ်နှစ်ချက်ပြတ်ရုံမက သုံးချက် လေးချက်လောက်ပြတ်ပါတယ်။ စကားများများပြောခြင်းဖြင့် အပျင်းလည်းပြေ စိတ်ညစ်စရာတွေလည်းသက်သာနိုင်သလို မိတ်ဆွေကတကယ်တော်တဲ့သူဆို ဗဟုသုတလည်း တိုးပွားနိုင်ပါတယ်။ ဒါ့အပြင် သုတေသနများအရ မိတ်ဆွေအသိုင်းဝိုင်း(Network Of Friends) ရှိခြင်းကြောင့် သတိမေ့ မှတ်ဉာဏ်အားနည်းရောဂါတွေ ဖြစ်ပွားနိုင်ခြေကို ခြောက်ဆယ်ရာခိုင်နှုန်းထိတောင် လျော့နည်းစေနိုင်ပါတယ်။
(၆)အစေ့အဆန် များများစားပေးပါ။
အသက်ကြီးလာရင် ဗာဒံစေ့၊ သီဟိုစေ့၊ နေကြာစေ့ စတဲ့ အစေ့အဆန်တွေ များများစားပေးခြင်းဖြင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည် ကျမသွားအောင် ထိန်းထားနိုင်ပါတယ်။
(၇)အသား ငါး ဟင်းသီးဟင်းရွက် သစ်သီးဝလံကို မျှတစုံလင်အောင် စားပါ။
(၈) တရားထိုင်ပါ။
လေ့လာတွေ့ရှိချက်များအရ တရားထိုင်ခြင်းက သမာဓိကိုကောင်းစေပြီး အတွင်းစိတ်သန္တန်ငြိမ်းချမ်းမှု(Inner Peace) ကို ရရှိစေပြီး ဦးနှောက်ရဲ့မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ အပိုင်းများကိုလည်းကြီးထွားအားကောင်းစေပါတယ်တဲ့။
Author : Dr. 528