၂၁ ရာစုမှာ အစားအသောက် တွေ ကို ပုံစံမျိုးစုံ စားလာတာ နှင့် အမျှ အသင့်စား အစားအစာ တွေ ကလည်း အရမ်းများလာပါတယ်။ အသင့်စား အစားအစာတွေရဲ့ မကောင်းတဲ့ အချက်တွေထဲက တစ်ခုကတော့ ပြည့်ဝဆီလို့ခေါ် တဲ့ saturated fat နဲ့ ဆား (ဆိုဒီယမ်) တွေ အရမ်းပါတာပါပဲ။
သည်းခြေကျောက်ရှိတဲ့သူတွေ အနေနဲ့ ဆီစားသုံးမှု့ ကို သတိထားသင့်ပါတယ်။ အထူးသဖြင့် ပြည့်ဝဆီ ကို ရှောင်ရပါမယ်။ ပြည့်ဝဆီ များတဲ့ အစားအစာတွေ ကတော့
1. ဆီကြော် အစားအစာများ
2. ဒိုးနတ်
3. ကွတ်ကီး
4. ရေခဲမုန့်
5. ချိစ်
6. ထောပတ်
7. မလိုင်ပြည့်နို့
8. ဝက်သား သုံးထပ်သား
9. ကြက်အရေခွံ
10. ကြက်အသည်း
11. ဝက် ဦးနှောက်၊ ဝက် အသည်း၊ ဝက် အူ
12. အမဲ အသည်း၊ ဝမ်းတွင်းကလီစာများ
13. ဆိတ်သား စတာတွေဖြစ်ပါတယ်။
ဒါဆိုရင် ဘာတွေ စားသင့်သလဲ ????
1. ပာင်းသီးပာင်းရွက်
2. သစ်သီးဝလံ
3. ပေါင်မုန့်ကြမ်း
4. ဆန်လုံးညို
5. ကွေကာအုပ်
6. ဆီရီယယ်
7. မလိုင်ထုတ်ထားသော နွားနို့
8. ကြက်သား၊ အမဲသား၊ ဝက်သား (အသားချည်းသာ)
9. ငါးအမျိုးမျိုး
10. ပဲ အမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။
ဆီစားရင် ဖြစ်တယ် ဆိုတော့ ဘယ်လိုဆီမျိုးနဲ့ ပာင်းချက်ကြမလဲ????
နောက်ဆုံးလေ့လာတွေ့ရှိချက်များ အရ သံလွင်ဆီ အစားများတဲ့ နိုင်ငံတွေမှာ သည်းခြေကျောက်တည်တာ နည်းကြောင်း တွေ့ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ သံလွင်ဆီ မှာ မပြည့်ဝ ဆီများတဲ့ အတွက် ကိုလက်စထရောကို ကျစေတဲ့ အတွက်ကြောင့်ပါ။ တနည်းအားဖြင့် ကိုလက်စထရောကြောင့် ဖြစ်စေတဲ့ သည်းခြေကျောက်တစ်မျိုးကို လည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့်သိကြတဲ့ အတိုင်း သံလွင်ဆီက ဈေးတော်တော်လေးကြီးပါတယ်။ ဒီအပြင် တချို့က အနံ့ကိုလည်း မကြိုက်ကြပါဘူး။
ဒါကြောင့် ဈေးလည်း မကြီးဘဲ ကျွန်တော်တို့ မြန်မာလူမျိုး အများစုနဲ့လည်း အဆင်ပြေမယ့် ဆီတစ်မျိုးတော့ရှိပါတယ်။ အဲ့ဒါကတော့ Rice bran oil မြန်မာလို ဖွဲနုဆီ ပါ။ သူ့မှာလည်း မပြည့်ဝဆီတွေ တော်တော်များပြီး ကိုလက်စထရော ကျစေတဲ့အတွက် သည်းခြေကျောက်တည်တဲ့သူ သာမက သာမန်လူတွေ အနေနဲ့လည်းစားသင့်ပါတယ်။ သွေးတိုး၊ဆီးချို ရှိတဲ့သူတွေဆို ပိုတောင် သင့်တော်ပါတယ်။
ဖွဲနု ဆီကတော့ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် ကို သုံးလာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မှာ ဆိုရင်လည်း Rice Bran Oil ဖွဲနုဆီ ကို စူပါမားကတ်တွေ မှာ ရောင်းလာတာတော့ တွေ့ရပါတယ်။
ဒါပေမယ့် နယ်တွေ မှာတော့ တွင်တွင်ကျယ်ကျယ်တော့ မရှိကြသေးတဲ့ အတွက် နယ်က သူတွေ အနေနဲ့ ကတော့ ပဲဆီစစ်စစ် နှမ်းဆီစစ်စစ် ကိုသာ အလွန်အကျွံ မသုံးပဲ ချင့်ချိန်သုံးကြပါလို့ အကြံပြုချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်