ဗီတာမင်အေသည် ရေမှာမပျော်ဘဲ အဆီမှာပျော်သော ဗီတာမင် (Fat Soluble Vitamin) အမျိုးအစားဖြစ်သည်။ ဗီတာမင်အေကို Retinol, ဘီတာကယ်ရိုတင်း စသဖြင့်လည်း ခေါ်ကြပါသေးတယ်။
တစ်နေ့တာ လိုအပ်ချက်မှာ 1500 IU ဖြစ်သည်။ ဗီတာမင်အေ ကြွယ်ဝသည့် အစားအစာများမှာ အသည်း၊ နို့အမျိုးမျိုး၊ ဥအမျိုးမျိုး၊ ငါး၊ အစိမ်းရောင်ရှိသည့် ဟင်းရွက်များ၊ အဝါရောင် အစားအစာများ (ဥပမာ ဒိန်ခဲ၊ ရွှေဖရုံသီး) စသည်တို့ဖြစ်သည်။
ဗီတာမင်အေဟာ မျက်လုံး အမြင်အာရုံလွှာ (Retina) အတွက် အလင်းရောင်ခြယ်ဆေး (photosensitive pigment) တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့နေရာကနေ ပါသလို အရေပြားတွေရဲ့ တင်းရင်းမှု ကြံခိုင်ကျန်းမာမှုအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းဖို့အတွက်လည်း အထောက်အကူပေးတဲ့ဗီတာမင်ပါ။
ဗီတာမင်အေချို့တဲ့ပါက အရေပြားမှာဆိုရင် ကြာဆူးဖြစ်တာ (Follicular Hyperkeratosis)၊ မျက်လုံးမှာဆိုရင် ကြက်မျက်သင့်ရောဂါ ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးမှုလည်း နှေးလာကာ၊ ကိုယ်ခံအားကျလာတဲ့အတွက် ရောဂါပိုးမွှားတွေလည်း အလွယ်တကူ ဝင်လာကာ ဆီးလမ်းကြောင်းပိုးဝင်တာ၊ အဆုတ်ပိုးဝင်တာ စတာတွေ ဖြစ်ပွားလာနိုင်ပါတယ်။
သုတေသနတစ်ခုက ကမ္ဘာတစ်ဝှမ်းရှိ အသက်ငါးနှစ်အောက်ကလေးတွေရဲ့ သုံးပုံတစ်ပုံဟာ ဗီတာမင်အေ ချို့တဲ့ခြင်းကို ခံစားနေရတယ်လို့ ပြောထားပါတယ်။ အထူးသဖြင့် အာရှနဲ့အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကလေးတော်တော်များများဟာ ဗီတာမင်အေချို့တဲ့မှုကြောင့် ကြက်မျက်သင့်ရောဂါကိုခံစားနေကြရပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာဆိုရင် ဗီတာမင်အေ တိုက်ကျွေးရေးရက်သတ္တပတ်လိုမျိုး လှုပ်ရှားမှုတွေတောင် လုပ်ကြပါတယ်။
သို့သော် ဗီတာမင်အေဟာ ရေမှာပျော်တဲ့ဗီတာမင် (water soluble vitamin) မဟုတ်တာကြောင့် များများသောက်သုံးမိပါက ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေဆိုရင် ဗီတာမင်အေ ပမာဏာ အများအပြားထည့်ထားသော အားဆေးများကို အလွန်အကျွံသောက်မိပါက မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းချက် (Birth defects)တွေ ပါလာတတ်ပါတယ်။
ဗီတာမင်အေကို လွန်ကဲစွာသောက်မိခြင်းရဲ့ တခြားဆိုးကျိုးတွေကတော့ ပျို့တာ၊ ဂနာမငြိမ်ဖြစ်တာ၊အစားသောက်ပျက်တာ၊ အန်တာ၊ အမြင်ဝေဝါးတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ အားနည်းတာ၊ဗိုက်နာတာ စတာတွေ ဖြစ်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် တန်ဆေး၊ လွန်ဘေး ဆိုတဲ့စကားအတိုင်း ဗီတာမင်အေကို လိုအပ်တဲ့ ပမာဏာထက်ပိုပြီး ရေရှည်စွဲသောက်ပါက အမွှေးကျွတ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အာခံတွင်းများခြောက်သွေ့ခြင်း၊ သွေးအားနည်းခြင်းတွေထိပါ ဖြစ်လာနိုင်တဲ့အတွက် လိုအပ်သလောက်သာ သောက်ကြပါလို့ အကြံပြုလိုက်ရပါတယ်။
Author : Dr. 528