အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမယ်ဆိုရင်
အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးခြင်းဖြင့် သင့်ရော သင့်မိသားစုရော ကျန်းမာပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်။ သို့သော် သင့်မိသားစုထဲ သို့မဟုတ် သင့်အိမ်မှာ ကလေးငယ်လေးရှိမယ်ဆိုပါက အိမ်မွေးတိရစ္ဆာန်မွေးတဲ့အခါမှာ ကလေးငယ်တွေကို ရန်မပြုမယ့် တိရစ္ဆာန် အမျိူးအစားဖြစ်ဖို့ သတိပြုရပါမယ်။ ဒါကြောင့်ဘေးကင်းနိုင်မယ်ထင်တဲ့ အောက်ပါ အိမ်မွေးတိရစ္ဆာန် အမျိူးအစားလေးတွေကို တင်ပြလိုက်ရပါတယ်။
၁။ ငါး၊ ပုစွန်၊ လိပ်
ငါး၊ ပုစွန်၊ လိပ်လေးတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် ဦးစားပေးရွေးချယ်သင့်တဲ့ အမျိူးအစားပါ။ ကလေးငယ်တွေအတွက် အန္တရာယ်အကင်းဆုံးနဲ့ ပျော်ရွှင်မှုကိုပေးနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်ထဲမှာ ငါးလေးတွေ၊ ပုစွန်လေးတွေ ပါပါတယ်။ငယ်ရွယ်တဲ့ ကလေးတွေသာမက လူကြီးတွေပါ ရွှေငါးလေးတွေ၊ ပုစွန်ဆိတ်ကလေးတွေ မီးရောင်ထွန်းပြီး အောက်စီဂျင်ပေးထားတဲ့ မှန်ကန်လေးထဲမှာ လှုပ်ရှားကူးခတ်နေတာကို ကြည့်ပြီးတော့ စိတ်ထဲမှာ ကြည်နူးပျော်ရွှင်မှုကို ခံစားရပါတယ်။
လိပ်ပေါက်စလေးတွေ မွေးမယ်ဆိုရင်တော့ မှန်ကန်ထဲကို ရေအမြင့်နည်းနည်းပဲထည့်ပြီး ထည့်ထားတဲ့ရေအမြင့်ထက် မြင့်တဲ့ ကျောက်ဆောင်ကျောက်တုံးလေးတွေထည့်ဖို့လိုပါတယ်။ လိပ်ပေါက်စလေးတွေကလည်း တမျိူးချစ်စရာကောင်းပါတယ်။
၂။ ငှက်များ
ငှက်လေးတွေကိုလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးနိုင်ပါတယ်။ ဥပမာ ကြက်တူရွေး၊ စာကလေး၊ သာလိကာ စသဖြင့်ပါ။ သို့သော် ငှက်တွေကို ထိန်းသိမ်းစောင့်ရှောင်ရတာဟာ ငါးတွေ၊ လိပ်တွေကို စောင့်ရှောက်ရတာထက် ပိုပင်ပန်းနိုင်ပါတယ်။
၃။ ကြောင်လေးများ
ကြောင်လေးတွေဆိုလည်း ကလေးတွေချစ်တဲ့ သဘောကျတဲ့ တိရစ္ဆာန်အမျိူးအစားထဲမှာပါပါတယ်။ ကလေးတွေဟာ ကြောင်လေးတွေကို ပွေ့ဖက်ရတာ၊ ပွတ်သပ်ရတာနဲ့ အစာကျွေးရတာတွေကို နှစ်သက်ကြပါတယ်။ ကြောင်တွေက ငှက်တွေ၊ ငါးတွေ၊ လိပ်တွေလိုလည်း သိပ်ဂရုစိုက်စရာမလိုပါဘူး။ သို့သော် မွေးထားတဲ့ ကြောင်တွေကိုတော့ တိရစ္ဆာန်ကုသတဲ့ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကာကွယ်ဆေးထိုးပေးတာ၊ ဆေးကုသမှုခံယူတာတွေကို လုပ်ဆောင်ပေးဖို့လိုပါတယ်။ နောက်ပြီး ကြောင်ကို ပွတ်သပ် ကိုင်တွယ်ပြီးတိုင်းမှာလည်း ကလေးတွေရဲ့လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပေးဖို့ လိုပါတယ်။
၄။ ခွေးများ
ခွေးတွေဟာလည်း ကြောင်လေးတွေလိုပဲ ကလေးတွေချစ်တဲ့ သဘောကျတဲ့ အိမ်မွေးတိရစ္ဆာန်ပါပဲ။ အိမ်မှာ ကလေးလေးတွေရှိရင်တော့ ခွေးပေါက်စ (အသေးမျိူး) လေးတွေပဲ မွေးသင့်ပါတယ်။ မွေးထားတဲ့ခွေးကိုလည်း တိရစ္ဆာန်ကုတဲ့ ဆရာဝန်နဲ့ပြသပြီး ကာကွယ်ဆေးထိုးပေးထားဖို့ လိုပါတဲ့အပြင် ဂရုတစိုက်စောင့်ကြည့်ဖို့လည်း လိုပါတယ်။ မိမိအိမ်ကကျဉ်းတယ်ဆိုရင်တော့ ခွေးအစား ကြောင်မွေးတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။
၅။ ဟမ်းစတား
ဟမ်းစတားဆိုတာ ပူး၊ ကြွက်ဖြူစတဲ့ Rodent မျိူးနွယ်ဝင် တိရစ္ဆာန်လေးတွေပါ။
ဒီအကောင်လေးတွေက သေးသေးလုံးလုံးလေးနဲ့ အလွန်ချစ်စရာကောင်းပါတယ်။ မွေးရတာလည်း လွယ်ပါတယ်။ နေရာလည်း သိပ်မပေးရပါဘူး။ ဒါပေမယ့် ဒီကောင်လေးတွေက အလွယ်တကူသေဆုံးတတ်လို့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ကလေးတွေကိုလည်း အန္တရာယ်မပေးနိုင်ပါဘူး။ သို့သော် ဒီအကောင်လေးတွေက နူးနူးညံ့ညံ့ ကိုင်တွယ်တာကို သဘောကျတဲ့အတွက် သင့်ကလေးကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ သင်ပြထားဖို့လိုပါတယ်။
Author: Dr 528