မိုးကလေး တဖွဲဖွဲနဲ့ မီးပျက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိဖုံးနေသော ညတစ်ညဝယ် ။စာရေးသူလည်း ည ၉နာရီ ဆေးခန်းပိတ်ချိန် နီးပြီမို့ တပည့်ကျော်ကို မှာစရာရှိတာ မှာနေခိုက် ဝတ်ဆန်ဆိုသည့် ကလေးမ တံခါးရွက်ကြားက ဘွားခနဲ ခေါင်းပြူကာ
ဝတ်ဆန်။ ။ ဆရာ ၊ဆေးခန်း ပိတ်တော့မလို့လား ။
ဇီဝက ။ ။ ဟဲ့ ၊လန့်လိုက်တာဟယ် ။အသံလေး ဘာလေး ပြုပါဦး ဟ ၊မိ ဝတ်ဆန်ရ ။အေး ပိတ်တော့မလို့ ။ ဆို ဘာဖြစ်လို့လဲ ။
ဝတ်ဆန်။ ။ ဆောရီးနော် ၊ဆရာ ။စက်ရုံဖယ်ရီကား ပေါ်က ဆင်းဆင်းချင်း ဆရာ့ဆီ အပြေးလာခဲ့တာ ။မမီတော့မှာစိုးလို့။ မေးစရာလေး ရှိလို့ပါ ဆရာ
ဇီဝက ။ ။ လာ ၊လာ အထဲ ဝင် ။ကဲ မေးစရာရှိတာ မေး ။
ဝတ်ဆန်။ ။ ဒီလို ဆရာရေ ၊အဓိက က ညီမ့တူကလေး ချောင်းဆိုးနေတာ ခေါ်လာပြမလို့ ၊ဆေးခန်းပိတ်ချိန်မို့ မမီမှာစိုးလို့ ၊အရင် မေးချင်တာလေးလာမေးလိုက်တာ ။ညီမ့ တူကလေး ချောင်းဆိုးတာ မသက်သာလို့ ၊အိမ်က လူကြီးတွေကလည်း သူတို့ ရှေးဆေးနည်းဆိုလား ဘာဆိုလား ကလေး ချောင်း
ဆိုးတာ သက်သာအောင် ကလေးကို ပျားရည်တွေ တိုက်နေတာ ၊အဲတာ ပျားရည်တိုက်ရင် ချောင်း ပိုမဆိုးဘူးလား ဆရာ ၊သိချင်လို့ပါ ။
ဇီဝက ။ ။ ယေဘူယျအားဖြင့် သဘာဝပျားရည်ကို ချောင်းဆိုးပျောက်ဆေး အနေနဲ့ တိုင်းရင်းဆေးအဖြစ် သုံးနေကြပါတယ် ။ချောင်းဆိုးလည်း သက်သာတာ အမှန်ပါ ။ဒါပေမယ့် ကလေးတိုင်းကို ပျားရည် တိုက်လို့ မရဘူး ။
ဝတ်ဆန်။ ။ ဘယ်လို ပြောတာလဲ ၊ဆရာ ။နားမရှင်းလို့ပါ ။
ဇီဝက ။ ။ တစ်နှစ်အောက် ကလေးတွေဆို ပျားရည် မတိုက်သင့်ဘူး ဟ ။
ဝတ်ဆန်။ ။ တစ်နှစ်အောက် ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ၊ ဆရာ ။
ဇီဝက ။ ။ ဘာဖြစ်လို့လဲဆိုရင် တစ်နှစ်အောက်ကလေးတွေမှာ တစ်နှစ်အထက်ကလေးတွေနဲ့ လူကြီးတွေလို သူတို့ အစာအိမ်မှာ အစာချေပေးတဲ့အက်ဆစ်ဓာတ်တွေ ကောင်းကောင်းမထွက်သေးလို့ ။
ဝတ်ဆန်။ ။ အဲ့လို အက်ဆစ်ဓာတ်တွေ မထွက်တော့ ပျားရည်တိုက်ရင် ဘာဖြစ်မှာလဲ ၊ဆရာ ။
ဇီဝက ။ ။ အဲ့တော့ အက်ဆစ်ဓာတ် ကောင်းကောင်းမထွက်သေးတဲ့ တစ်နှစ်အောက် ကလေးတွေကို ပျားရည်တိုက်ရင် ပျားရည်ထဲမှာ ပါလာနိုင်တဲ့ဘတ်တီးရီးယား ပိုးတစ်မျိုးဖြစ်တဲ့ Clostridium botulinum ကို မချေဖျက်နိုင်ဘူးပေါ့ ။
ဝတ်ဆန်။ ။ အဲ့ဒီ ပိုးဝင်သွားရင် ဘာတွေ ကြောက်ရလဲ ၊ဆရာ ။
ဇီဝက။ ။ အဲ့ ဘတ်တီးရီးယားပိုးက Botulinum ဆိုတဲ့ အဆိပ်အတောက်တွေထုတ်ပြီး ကလေးငယ်တွေကို ဒုက္ခပေးတော့တာပဲ ။-နို့ကောင်းကောင်းမစို့တော့-ခေါင်း မခိုင်-ငိုရင် အသံသိပ်မထွက်တော့
-အသက်ရှူ ပုံမမှန် ၊အသက်ရှူဖို့ ကူညီပေးတဲ့ ကြွက်သားတွေအားအင် ချိနဲ့မယ်-ချုံကြည့်ရင် ကလေးက ပျော့လဖတ်ကလေး ဖြစ်နေမယ် ။
ဝတ်ဆန်။ ။ အသက်အန္တရာယ် စိုးရိမ်ရသလား ၊ဆရာ ။
ဇီဝက ။ ။ အဲ့ဒီ ဘတ်တီးရီးယားပိုးသာ ကူးစက်ခံရရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ် ။
ဝတ်ဆန်။ ။ ပျားရည်ကို အပူပေး ကျိုပြီး တိုက်ရင်ရော ကာကွယ်နိုင်မလား ၊ဆရာ။
ဇီဝက ။ ။ အိမ်တွင်းသုံး မီးဖိုနဲ့ အပူပေးရုံနဲ့တော့ မထူးဘူး ဟ ။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဆေးရုံသုံးစက်တွေနဲ့ အပူချိန်၁၂၀ ဒီဂရီ ဆဲလ်စီယက်စ် လောက်ထားပြီး အပူပေးမှ ပိုးသေမယ်လို့
သူတို့ အဆိပ်အတောက်တွေကို သတ်နိုင်မယ်လို့ ဆိုထားတယ် ။ဒါကြောင့် တစ်နှစ်အောက် ကလေးတွေကို ပျားရည်မတိုက်သင့်ဘူး ၊ဝတ်ဆန်ရ ။
ဝတ်ဆန်။ ။ ဟုတ်ကဲ့ပါ ၊ဆရာ ။ဆရာပြောပြသလိုဆို တစ်နှစ်အောက် ကလေးတွေကို ပျားရည် တိုက်တာ ကြောက်စရာကြီးနော် ။အိမ်က လူကြီးတွေကို ပြန်ပြောလိုက်မယ် ၊ဆရာ ။နောက်ရက်ကျရင် ညီမ့ တူကလေးခေါ်လာပြမယ်နော် ။အခုတော့ ဆရာလည်း ဆေးခန်းပိတ်ချိန်တောင်ကျော်နေပြီမို့ ညီမကို ပြန်ခွင့်ပြုပါဦး ။ကျေးဇူးနော် ဆရာ ။
ဇီဝက။ ။ ရပါတယ်ဗျာ ။အခုလို ဝတ်ဆန်တို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိ တိုးသွားရင်ပဲ အချိန်ကုန်ရကျိုးနပ်ပါပြီ ။
Author : ခေတ်သစ်ဇီဝက