အရေးထဲမှာ အရာပေါ်တဲ့။ အရေးရယ် အကြောင်းရယ် အပြင်ရောက်ပြီဆိုမှ ဗိုက်က ရစ်နာလာတာမျိုး ၊ အပေါ့သွားချင်တာမျိုးတွေ ကြုံရဆုံရတတ်တယ်။ အဲလို ကြုံတဲ့အခါ များသောအားဖြင့် အများသုံးအိမ်သာမှာ ကိုယ့်ပြဿနာကို ဖြေရှင်းလိုက်ကြတာများတယ်။ အခုခေတ်မှာ အများသုံးအိမ်သာတွေကလည်း အရင်ကထက်စာရင် ပိုပြီး ပေါပေါသီသီ တွေ့နိုင်တယ်။ သန့်တာတွေလည်း ရှိသလို မသန့်ပေမယ့် မဖြစ်သာလို့ အသုံးပြုလိုက်ရတဲ့ အများသုံး အိမ်သာတွေလည်း ရှိတယ်။
တချို့ကတော့ အများသုံးအိမ်သာက ရောဂါတွေ ကူးစက်တတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီလို အယူအဆတွေဟာ မှန်ကန်လားဆိုတာ သံသယ ဖြစ်ဖွယ်တစ်ခု ဖြစ်လာပါတယ်။ မိန်းကလေးတွေ အများဆုံး ကြောက်တတ်ကြတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ဂနိုရောဂါ ၊ ဆစ်ဖလစ်ရောဂါတွေဟာ အများသုံး အိမ်သာကနေ တဆင့် ကူးစက်နိုင်ချေ ရှိသလား။ တစ်ကမ္ဘာလုံးနီးပါးက သားဖွားဆိုင်ရာ ဆရာဝန်ကြီးတွေကတော့ နိုးလို့ ပြောပါတယ်။
အများသုံးအိမ်သာကတဆင့် လိင်နဲ့ ပတ်သက်တဲ့ ရောဂါ ကူးစက်နိုင်ချေ အလွန့်အလွန်ကို နည်းပါတယ်။ တကယ်လို့ စက္ကန့်အနည်းငယ်လောက်က သင့်အရင်အသုံးပြုသွားတဲ့သူက ရေယုံလို ရောဂါရှိမယ် ၊ သူထွက်သွားတာကလည်း စက္ကန့်သာသာလောက်ပဲ ရှိဦးမယ်။ သင့်မှာလည်း တင်ပါးတစ်ဝိုက်မှာ အနာတစ်ခုခု ရှိမယ်ဆိုရင်တော့ အဲဒီ့အနာကနေတဆင့် ကူးစက်နိုင်ချေ အနည်းအကျဉ်း ရှိပေမယ့် ဒါကလည်း အလွန်ကို ဖြစ်ခဲလှပါတယ်။
လိင်အင်္ဂါနားမှာက အမွှေးတွေမှာ ရှိတတ်တဲ့ သန်းကလည်း ကူးစက်နိုင်ချေတော့ အနည်းငယ် ရှိပါတယ်။ ဒီသန်းတွေက အိမ်သာခွက်တွေ ၊ အဝတ်တွေမှာ ကပ်ညှိနိုင်ပေမယ့် မာကြောပြီး အေးစက်လှတဲ့ အိမ်သာခွက်လို နေရာမျိုးမှာတော့ ကြာကြာ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် သန်းကူးစက်ဖို့ဆိုတာလည်း ဖြစ်ခဲလွန်းလှပါတယ်။ လူအများကြောက်ကြတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ၊ အေအိုင်ဒီအက်စ် လို အသားရောင်အသားဝါ ဘီပိုး ၊ စီပိုးလို ရောဂါဆိုးတွေလည်း အိမ်သာက တဆင့် မကူးနိုင်ပါဘူး။
ကူးနိုင်တဲ့ ရောဂါတွေကတော့ မစင်ကနေတဆင့် ကူးစက်နိုင်တဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ ဒီပိုးတွေဟာ ရေဆွဲချပြီး ၂ နာရီလောက်အတွင်း ၆ ပေလောက်ထိကို ပျံ့နှံ့နိုင်ပါတယ်။ E. coli, streptococcus, staphylococcus နဲ့ shigella ပိုးတွေဟာ မသန့်ရှင်းသော လက်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ E coli နဲ့ Shigella ကူးစက်ခံရတဲ့သူတွေ အနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်တာ ၊ ဗိုက်ရစ်နာတာ ၊ အန်တာ ၊ ဝမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။
Streptococcus ကူးစက်ခံရတဲ့သူတွေ အနေနဲ့ လည်ချောင်းနာတာတွေ ၊ အရေပြားမှာ အနာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ Staphylococcus ပိုးကူးစက်ခံရတဲ့သူတွေကတော့ အဆုတ်အအေးမိနာဖြစ်တာ ၊ အရေပြားအနာဖြစ်တာတွေ အပြင် အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အများသုံးအိမ်သာတွေကတဆင့် အအေးမိနှာစေးပိုးတွေလည်း ကူးစက်နိုင်ချေ များပါသေးတယ်။
ဒါပေမယ့် ဒီပိုးတွေဟာ အိမ်သာမှ မဟုတ်ပါဘူး။ လူများတဲ့နေရာ ဘယ်မှာမဆို ကူးစက်နိုင်တဲ့ ပိုးတွေပါ။ တစ်ခါတစ်လေ အများသုံး အိမ်သာထက် ကိုယ့်ဖုန်းက ပိုပြီး ကူးစက်နိုင်တဲ့ ပိုးတွေများနေတာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အများသုံး အိမ်သာကနေ ပိုးတွေကူးစက်ခြင်း ကင်းစေဖို့
• အိမ်သာတံခါးကို ဖွင့်တဲ့အခါမှာ တစ်ရှူးကို အသုံးပြုပြီး ကိုင်ပါ။
• အိမ်သာထိုင်တဲ့အခါမှာလည်း တစ်ရှူးခံထိုင်တာမျိုး လုပ်ပေးပါ။
• ရေဘားကို ဆွဲချတဲ့ အခါမှာ ဘားခလုတ်ကိုင်တဲ့ နေရာမှာလည်း တစ်ရှူးခံကိုင်ပါ။
• အိမ်သာတက်ပြီးရင် လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ စင်အောင် ဆေးပါ။
• အိမ်သာမှာတွေ့တဲ့ လက်သုတ်ဝတ်ကို မသုံးပါနဲ့။• လက်ကရေကို ခြောက်အောင် တစ်ရှူးနဲ့ပဲ သုတ်ပေးပါ။
ဒီနည်းတွေကို အိမ်သာမှ မဟုတ်ပါဘူး။ လူများတဲ့နေရာက ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတိုင်း လိုက်နာတာမျိုး ၊ အပြင်က ပြန်လာရင် လက်ကို သေချာ ဆေးကြောသန့်စင်ပေးတာမျိုးတွေ အမြဲ လုပ်သင့်တယ်လို့ အကြံပြုရင်း……..
Author : ရွက်သစ်